သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်နဲ့ အမျိုးသားနေ့


မနေ့က တန်ဆောင်းမုန်းလပြည့်ကျော် (၁၀) ရက်နေ့ဟာဆိုရင် ဗြိတိသျှကိုလိုနီလက်ထက်က တက္ကသိုလ်အက်ဥပဒေပြဌာန်းတာကို ကန့်သတ် ချုပ်ခြယ်မှုတွေနဲ့ အဆင့်အတန်းခွဲခြားတာတွေကို စတင်တော်လှန်ခဲ့ကြတဲ့ကျောင်းသားတွေ သပိတ်မှောက်ခဲ့ကြတဲ့ (၉၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အစကောင်းလို့ပြောရမယ့် အဲဒီ အမျိုးသားအောင်ပွဲနေ့ရဲ့ အနှစ်သာရနဲ့ ဒီကနေ့ခေတ် ကျောင်းသားလူငယ်တွေမှာရော အမျိုးသားရေးစိတ်ဓာတ် ဘယ်လောက် လက်ဆင့်ကမ်း ရှိနေကြသလဲဆိုတာတွေကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၁၀) ရက်နေ့ဟာဆိုရင် ကိုလိုနီနယ်ချဲ့တွေရဲ့ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ (၉၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ နှစ်ပတ်လည် အခါသမယဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဗြိတိသျှကိုလိုနီတို့က မြန်မာကျောင်းသားတွေကို ကန့်သတ်မှုတွေ၊ အဆင့်အတန်းခွဲခြားတာတွေ လုပ်ဆောင်ထားတဲ့ တက္ကသိုလ်အက်ဥပဒေကို ပြဌာန်းတာကို ဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေဟာဆိုရင် အင်္ဂလိပ်ကိုလိုနီဘဝကနေ လွတ်မြောက်လိုစိတ်ကို အစဦးလမ်းပြခဲ့တာဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြန်ပြောပြပါတယ်။

“လွတ်လပ်ရေးရတာဟာ ဒီသပိတ်ကြီးက အခြေခံလို့ရတာလို့ ဘဘ ဒီလိုပဲ ပြောချင်တယ်။ ၁၉၂၀ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက သိပ်ဖိနှိပ်ထားတဲ့အခါကျတော့ ကြောက်နေရတာ၊ ကြောက်နေရတဲ့အခါမှာ ဒီသပိတ်ကြီးမှောက်လိုက်တော့ - အဲဒါ ပထမဆုံးသပိတ်ပေါ့လေ၊ ဒါက ကျဉ်းမြောင်းတယ်၊ တပြည်လုံးမနှံ့လိုက်ဘူး။ ဒုတိယ ၁၉၃၈ ခုနှစ်ကျတော့ အကြီးအကျယ်ဖြစ်သွားတာ။”

ဒီကျောင်းသားသပိတ်ကနေ အမျိုးသားကျောင်းတွေ ဖွင့်လှစ်ခွင့်ရခဲ့ပြီး ဒီကျောင်းတွေကနေ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာ့လွတ်လပ်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့အတွက် အရေးပါတဲ့ ကျောင်းသားခေါင်းဆောင်များစွာကို မွေးထုတ်နိုင်ခဲ့တယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။

“စောစောပိုင်းကတော့ကောင်းတာပေါ့။ နောက်ပိုင်းကျတော့ ၁၉၃၇-၃၈ ကျတော့ သူပုန်-သူပုန်…ထ ၊ ထ.. မီးတုတ်-မီးတုတ် ၊ ရှို့..ရှို့…ဆိုပြီးတော့ကို အော်လာတဲ့သဘောရောက်လာတယ်။ အဲဒီကနေ အမှန်တော့ လွတ်လပ်ရေးရဖို့အတွက် အခြေခံတွေပေးတဲ့နေ့လို့ပဲ ဆိုရမှာပေါ့။ ၁၉၂၀ ခုနှစ် ကျောင်းသားတွေက သပိတ်မှောက်ခဲ့လို့ ၊ National ကျောင်းတွေ ခွဲထောင်ပြီးတော့ နေရှင်နယ်ကျောင်းဆရာတွေလုပ်ကြတယ်။ B.A လောက် ဘာလောက် ရောက်တဲ့ ပုဂ္ဂိုလ်တွေပေါ့။ IA တို့ …တို့ ရောက်တဲ့ ပုဂ္ဂိုလ်တွေက နေရှင်နယ်ကျောင်းတွေမှာ ဆရာ ဝင်လုပ်ကြတယ်ပေါ့။ တချို့က တော့လည်း အပြင်ဘက်မှာပဲနေကြတာပေါ့။ သူတို့ကလည်း မလိုက်လျှောဘူးလေ။ မလိုက်လျှောတော့ သပိတ်ကြီးကဒီအတိုင်းပဲ၊ နေရှင်နယ် ကျောင်းတွေ ထူထောင်ခွင့်ရသွားတဲ့သဘောပေါ့။ အားပေးတဲ့သဘောဖြစ်သွားတယ်။ အဲဒီတော့ မန္တလေးမှာဆိုလို့ရှိရင် ဆိုင်းတန်းမှာ တကျောင်း၊ တရုတ်တန်းမှာ တကျောင်းပေါ့လေ။ နှစ်ကျောင်းတောင် ရှိခဲ့တာ။ နောက်ပိုင်းကျတော့ ဆိုင်းတန်းက ပျက်ပြီးတော့ တရုတ်တန်းရောက်တယ်။ တရုတ်တန်းက နေရှင်နယ် ကျောင်းမှာလည်း အခုလက်ရှိနေရာပေါ့။”

ဒီဘက်ခေတ်ပိုင်းမှာတော့ မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါတဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အစိုးရဘက်က စိတ်လိုလက်ရ ကျင်းပတာမျိုးတွေ မရှိတော့သလို မျိုးဆက်သစ်တွေကြားမှာလည်း တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့၊ အမျိုးသားအောင်ပွဲနေ့ ဆိုတာနဲ့ အမျိုးသားအောင်ပွဲနေ့ရဲ့ အနှစ်သာရတို့ဟာ မေ့ပျောက်ခံနေရပြီလို့ သခင်ချန်ထွန်းက ပြောပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုကတော့ လူငယ်တွေရဲ့စိတ်ထဲမှာ အမျိုးသားနေ့ရဲ့အနှစ်သာရ၊ အမျိုးသားရေးစိတ်ဓာတ်ကို ပြန်ပြီးတော့ လှုပ်နှိုးဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

“ကျောင်းသားထုတရပ်လုံး အိပ်မောကျနေတာမဟုတ်ဘူးခင်ဗျ။ ကျောင်းသားထုတရပ်လုံး အိပ်မွေ့ချခံထားရတာပါ။ အဲဒီတော့ အိပ်မွေ့ချခံထားရတဲ့ ကျောင်းသားထုကို ကျနော်တို့ကျောင်းသားတွေက လှုပ်နှိုးလိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ကျောင်းသားထုတရပ်လုံးက နိုးကြားပြီးတော့ ကျနော်တို့နဲ့အတူ လက်တွဲပြီးတော့၊ ပူးပေါင်းပြီးတော့ အာဏာရှင်တွေ၊ မတရားမှုတွေကို ဆန့်ကျင်သွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

လက်ရှိမှာလည်း မြန်မာအစိုးရက ပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေကို ရာနဲ့ချီတဲ့ကျောင်းသားတွေ သပိတ်မှောက်နေကြပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ ဒီကနေ့ကျရောက်တဲ့ အမျိုးသားနေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားတွေ ကောင်းကျိုးချမ်းသာတွေနဲ့ ပြည့်စုံပြီး မင်္ဂလာအပေါင်း ခညောင်းကြပါစေလို့ဆုတောင်းပြီး ဒီကနေ့ကျရောက်တဲ့ (၉၄) နှစ်မြောက် အမျိုးသားနေ့အခါသမယဟာဆိုရင် ပထမဆုံး အမျိုးသားပညာရေးဥပဒေပြဌာန်းနိုင်ခဲ့တဲ့ နှစ်ထူးနှစ်မြတ်ဖြစ်ပါတယ်လို့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG