သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၉၀ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည်


နှစ် ၉၀ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည်
နှစ် ၉၀ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည်

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့မှာ ကျင်းပနေကြ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မနက်ဖြန် ဗဟန်းမှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံအတွက် အရေးကြီးလှတဲ့ အမျိုးသားနေ့နဲ့ အမျိုးသားစိတ်ဓာတ်တွေကို နောင်မျိုးဆက်သစ် လူငယ်တွေကြား ဆင့်ပွားလာအောင် အစိုးရက ပညာပေးမှုတွေ အားနည်းတာမို့ တိမ်မြုပ်လုနီးပါး ဖြစ်နေတယ်လို့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် မနက် ၁၁ နာရီမှာ ဗဟန်းမှာရှိတဲ့ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်တွေ၊ အဖွဲ့ဝင် လူငယ်တွေနဲ့အတူ ဧည့်ပရိသတ်တွေအပြင် မြန်မာစာပေ ပညာရှင်တွေနဲ့ပါ ပူးပေါင်းကျင်းပဖို့ စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“မနက်ဖြန် မနက် ၁၁ နာရီမှာ အဖွဲ့ချုပ်ရုံးမှာ နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကြေညာစာတမ်းတစောင် ထုတ်ပြန်ပါမယ်။ ပြီးတော့ နှစ်စဉ်အတိုင်းပဲ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က မြန်မာ့စာပေရေးရာတွေ ဟောပြောပါလိမ့်မယ်၊ စာပေဟောပြောပွဲပေါ့။ ကျနော်တို့ တခြား နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေလည်း အကြောင်းကြားထားပါတယ်။”

NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခု အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ခဲ့တာ နှစ်ပေါင်း ၉၀ ရှိခဲ့ပေမဲ့ နိုင်ငံမှာ အမျိုးသားနေ့ ဆိုတာကို မျိုးဆက်သစ် လူငယ်တွေကြား နိုးကြားမှု နည်းလာသလို အစိုးရပိုင်းတွေမှာလည်း အမျိုးသားရေးစိတ်ဓာတ် ပညာပေးမှုတွေ တိမ်ကောလာတာ တွေ့ရတယ်လို့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က သုံးသပ်ပါတယ်။

“ဒီနေ့ တိမ်မြုပ်ပုံကတော့ ကလေးတွေက ဘာမှမသိတာ။ ဒီဟာကို Educate လို့ခေါ်တဲ့ ပညာပေးတဲ့နေရာမှာ နိုင်ငံတော်နဲ့ ဆိုင်တယ်ကွ။ အမျိုးသားအောင်ပွဲနေ့ ဆိုတာက တမျိုးသားလုံးကို ပြောတာ။ ဗမာအောင်ပွဲနေ့ မဟုတ်ဘူး၊ ကချင်အောင်ပွဲနေ့ မဟုတ်ဘူး၊ ချင်းအောင်ပွဲနေ့ မဟုတ်ဘူး။ အကုန်လုံးရဲ့ အောင်ပွဲကို စဉ်းစားတဲ့အခါမှာ ပြည်ထောင်စုကြီးနဲ့ဆိုင်တာ။”

မြန်မာနိုင်ငံမှာ ၁၉၂၁ မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ဂျီစီဘီအေ ကွန်ဖရင့်ကနေ အမျိုးသားနေ့ သတ်မှတ်ရေး ကိစ္စကို စတင် ဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းဝင် နေ့ရက်တွေထဲက ရက်တရက်ကို သတ်မှတ်ဖို့ စဉ်းစားကြရင်း ၁၉၂၀ အင်္ဂလိပ်နယ်ချဲ့ အစိုးရရဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားတွေ စတင် သပိတ်မှောက်ခဲ့ကြတဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို မြန်မာနိုင်ငံရဲ့ အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ဒါဟာ အင်္ဂလိပ် နယ်ချဲ့တို့ရဲ့ ကျွန်ပညာရေးစနစ်ကို တက္ကသိုလ် ကျောင်းသားတွေ စတင်တော်လှန် သပိတ်မှောက်ခဲ့ကြတဲ့ နေ့အစလည်း ဖြစ်ပါတယ်။ အဲဒီကစပြီး အမျိုးသားနေ့ကို ၁၉၂၂၊ ဇွန်လ ၁၇ ရက် ရန်ကုန် ဂျီစီဘီအေ အထူးကွန်ဖရင့်မှာ အတည်ပြုခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်တယ်လု့ိ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ဆိုပါတယ်။

“ဗမာနိုင်ငံမှာ အမျိုးသားအောင်ပွဲနေ့ လုပ်ဖို့ လူကြီးတွေ ဝိုင်းစဉ်းစားတဲ့အခါ ပါတော်မူနေ့ လုပ်ရကောင်းမလား၊ အမျိုးမျိုး စဉ်းစားကြတာပေါ့။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ၁၉၂၀ ကောလိပ်သပိတ်ကြီး၊ တက္ကသိုလ်သပိတ်ကြီးပေါ့၊ အဲဒီနေ့ကို လုပ်ရအောင် ဆိုပြီးတော့ သဘောတူ ဆုံးဖြတ်တယ်။ အဲဒီတော့ သပိတ်မှောက်တာကို ကောင်းကောင်း အဲဒီတုန်းက မသုံးတတ်သေးဘူး။ အဲဒီတော့ ဘွိုင်းကော့ ဆိုပြီးတော့ အင်္ဂလိပ် စကားလုံးပဲ သုံးတယ်။ Boycott ကို အမှီပြုပြီး ဖြစ်လာတာ။”

အဲဒီမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဘွိုင်းကော့ ဋီကာ ကဗျာကြီးတခု စပ်ဆိုခဲ့ပြီး ဒီကဗျာက အမျိုးသားရေး လက္ခဏာတွေ ပိုပြီး ထင်ရှားလာစေခဲ့တယ်လို့လည်း ဆရာ ဦးကိုလေးက ပြောပါတယ်။

အမျိုးသားအောင်ပွဲနေ့ကို အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် တခုအဖြစ် သတ်မှတ်ထားသလို ဟိုးအရင်တုန်းကတော့ ပွဲလမ်းသဘင်တွေ ဆင်နွှဲ၊ စာပေဟောပြောပွဲတွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ပေမဲ့ ဒီလို အခမ်းအနားမျိုးတွေ မြန်မာနိုင်ငံမှာ မကျင်းပနိုင်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီလို့လည်း သုံးသပ်ကြပါတယ်။

XS
SM
MD
LG