သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုအပ်ချက်တွေနဲ့ အမျိုးသားသတင်းဆု


ဒုတိယအကြိမ် အမျိုးသား သတင်းဆု ၆ ဆုကို ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ဂျာနယ်တွေနဲ့ ရုပ်သံလိုင်းတွေကို အမျိုးသား သတင်းဆု ကော်မတီ ကနေ ရွေးချယ်ခဲ့ပြီး သောကြာနေ့တုန်းက ပေးအပ်ခဲ့ပါတယ်။ ဆုပေးပွဲကို ရန်ကုန် အမျိုးသားဇာတ်ရုံမှာ တေးသံရှင်တွေ အစုံအလင်နဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပခဲ့ပါတယ်။

ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းငြိမ်းကတော့ ဆုရွေးချယ်မှုမှာ ပြုပြင် ရမယ့်အပိုင်းတွေ ရှိပါသေးတယ်လို့ အခုလို ပြောပါတယ်။

"'ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထွက်ရှိလာတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ၊ အခုဆိုရင် ပုဂ္ဂလိက သတင်းစာတွေ ထွက်နေပြီဖြစ်တဲ့အတွက် နေ့စဉ် သတင်းစာတွေ ထွက်နေပါတယ်။ အဲဒီ သတင်းစာတွေ၊ ဂျာနယ်တွေအားလုံးကို ကျနော်တို့က monitor လုပ်နိုင်ရပါမယ်။ အဲဒီလို Monitor လုပ်ပြီးမှသာ monitor လုပ်တဲ့အထဲက တစ်နှစ်လုံးစာကို ကြည့်ပြီးမှ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က အခုနက တင်ပြခဲ့တဲ့ အခြေအနေ အရပ်ရပ်အရ ပြိုင်ပွဲသဏ္ဍန်ဖြစ်နေတာကိုတော့ ကျနော်တို့အားလုံးက စိတ်ထဲမှာ မကျေနပ်ကြပါဘူး။"

အမျိုးသား သတင်းဆု ပြိုင်ပွဲဝင်ခဲ့သူတွေထဲမှာ ပြည်တွင်းက ဂျာနယ်တွေ ရုပ်သံလိုင်းတွေ အပြင် အရင်က ပြည်ပ အခြေစိုက် သတင်းဌာန တွေဖြစ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ မဇ္ဇျိမသတင်းဌာနတွေကလည်း ဝင်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆုတွေမှာတော့ ပြည်တွင်းက ဂျာနယ်တွေနဲ့ ရုပ်သံလိုင်းကဘဲ ရသွားတာပါ။ အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆုကို The Myanmar Independent News Journal မှာ မသီတာ (စမ်းချောင်း) ရေးသားတဲ့ အသွင်မတူမှုနှင့် ပဋိပက္ခအသွင်ပြောင်းခြင်း အယ်ဒီတာ့ အာဘော်က ရသွားပါ တယ်။ ရခိုင် ပြည်နယ်တွင်း ပဋိပက္ခရဲ့ ဇစ်မြစ်ကို ရှာဖွေဖို့ တိုက်တွန်းထားတာပါ။
မသီတာ (စမ်းချောင်း)က စင်မြင့်ထက်မှာ ဆုကို လက်ခံရင်း အခု သတင်းဆု ရွေးချယ်ရေး ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းတွေကို သူ့အနေနဲ့ သဘောမတူတဲ့ အချက်တွေကို အခုလို ပြောပါတယ်။

"'ဒီဆုရဲ့ လုပ်ထုံးလုပ်နည်းပေါ်မှာ သဘောမတူပါဘူး၊ ဘဝင်မကျပါဘူး။ အခုနကပြောသလို ပြိုင်ပွဲဝင်ရသလို ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဘဝင်မကျပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျမကိုယ်တိုင် လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေးပြီးတော့ ဆရာဦးမျိုးမြင့်ငြိမ်းက လွတ်လွတ်လပ်လပ် စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ တည်းဖြတ်လိုက်တဲ့ ကျမတို့ Myanmar Independent ရဲ့ အယ်ဒီတာ့အာဘော်ဖြစ်တဲ့ အသွင်မတူမှုနဲ့ ပဋိပက္ခ အသွင် ပြောင်းလဲခြင်း-ဆိုတဲ့ ဒီဆောင်းပါးလေးကို ဆုရွေးချယ်ရေး အဖွဲ့က ရွေးဖို့ လို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် ကျမ အများကြီးဝမ်းသာပါတယ်။ မကြာခင်ကမှ လာပြီး သင်တန်းပေးသွားတဲ့အထဲမှာ နိုင်ငံတကာမှာ အယ်ဒီတိုရီရယ်မပါလို့ ရှိရင် ပရိသတ်က ဝယ်တောင်မဖတ်ဘူးလို့ ပြောတဲ့အထိ- အဲဒီအချိန်မှာ ကျမတို့ဆီမှာ အယ်ဒီတိုရီရယ် မပါတဲ့ သတင်းဂျာနယ်တွေ အများကြီး ရှိနေသေးတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ အဲဒီလို အနေအထားမှာ ကျမတို့ Myanmar Independent က လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေးပြီး ဖော်ပြလိုက်တဲ့ အယ်ဒီတိုရီရယ်လ်ကို ဆုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

အကောင်းဆုံး သတင်းဆုကိုတော့ ဝန်ကြီးဌာနတို့၏ ကျပ်သိန်းထောင်ချီ အလွဲ သုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့ The Voice Weekly ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းက ရသွားပါတယ်။ အကောင်းဆုံး သတင်းဆောင်းပါး ဆုကို လည်း မြစ်ဆုံပြန်စမည်လော ဆိုတဲ့ သတင်းဆောင်းပါးနဲ့ အကောင်းဆုံး ကာတွန်းဆုကိုလည်း The Voice ကဘဲ ရသွားတာပါ။

အကောင်းဆုံး ရုပ်သံဆုကိုတော့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ မဇ္ဇျိမ တို့ကို ကျော်ပြီး လူငယ်သတင်းစာဆရာများ မီဒီယာလွတ်လပ်ခွင့် အရေး ဆို ခေါင်းစဉ်နဲ့ ရွှေသံလွင် မီဒီယာက ထုတ်လွင့်ပြီး စကိုင်းနက် ရုပ်သံ လိုင်းတွေကနေ ထုတ်လွှင့်နေတဲ့ မြန်မာနေရှင်နယ် ရုပ်သံလိုင်းကနေ ရသွားပါတယ်။ အကောင်းဆုံး သတင်းဓာတ်ပုံဆုကိုတော့ စကာတင် စာရင်းဝင်ခဲ့တဲ့ ရွှေအင်းသား ခင်မောင်ဝင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် သမ္မတအိုဘားမား ဓာတ်ပုံ၊ မန်းမောင်မောင်(Venus) ရဲ့ မန္တလေး မြရည်နန္ဒာ ကျူးကျော် ရပ်ကွက် ဖြိုဖျက်ပုံတွေကို ကျော် တက်ပြီး ဇော်မင်းနိုင်(Monitor) ရဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲ ဓာတ်ပုံက ဆုရသွားပါတယ်။

သတင်းဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းငြိမ်းကတော့ ကော်မတီ အနေနဲ့ ထွက်ရှိသမျှ သတင်းတွေကို စောင့်ကြည့်ပြီး ရွေးချယ်သင့်တာ ဖြစ်ပေမယ့် အဲဒီ အဆင့်အထိ မလုပ်နိုင်သေးတဲ့ အတွက်ကြောင့် အခုလို ပြိုင်ပွဲလို ဝင်ရောက် ယှဉ်ပြိုင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ရွေးချယ်မှုမှာတော့ ပြည်တွင်း အခြေစိုက် သတင်းဌာနတွေ အတော်များများ ပါဝင်ယှဉ်ပြိုင်ကြတာ လည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG