သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်က စစ်ရာဇဝတ်မှုတွေအတွက် ဖိလစ်ပိုင်မှာတိုင်ကြား


ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အဆောက်အဦပေါင်း ၁၆၀ ကျော်ပျက်စီးခဲ့ပါတယ် (၂၀၂၁ အောက်တိုဘာ ၂၉)
ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အဆောက်အဦပေါင်း ၁၆၀ ကျော်ပျက်စီးခဲ့ပါတယ် (၂၀၂၁ အောက်တိုဘာ ၂၉)

မြန်မာနိုင်ငံရှိ လူနည်းစု ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပေး ဖို့အတွက် ချင်းတိုင်းရင်းသား ၅ ဦးက ဖိလစ်ပိုင် တရားရေးဌာနမှာ တိုင်ကြား တောင်းဆိုလိုက်ပါတယ်။

“စစ်ရာဇဝတ်မှုအဖြစ် ဖိလစ်ပိုင်မှာ ပထမဆုံးအကြိမ် တိုင်ကြားတဲ့ အမှုဖြစ်တာကြောင့် ထူးခြားတဲ့ အမှုတခုဖြစ်ပြီး၊ ၂၀၁၀ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အက်ဥပဒေ လို့ခေါ်တဲ့ ဖိလစ်ပိုင်ဥပဒေနဲ့အညီ တိုင်ကြားတာ ဖြစ်ပါတယ်။ ဒီဥပဒေအရ နိုင်ငံတကာမှာ တရားစီရင်ပိုင်ခွင့်ရှိပါတယ်။” လို့ ဖိလစ်ပိုင် အကျိုးဆောင် ရှေ့နေ ရိုမီလ် ဘေဂရက်စ်က ပြောသွားတာပါ။

၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်း ချင်းပြည်နယ် ထန်တလန်မြို့မှာ သင်းအုပ်ဆရာတဦးနဲ့ ခရစ်ယာန်အသင်းတော်အကြီးအကဲနှစ်ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့မှု၊ ဘုရားကျောင်း ၁၀ ခုအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေနဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ကနေ ၂၀၂၂ ခုနှစ်အတွင်း ရာနဲ့ချီတဲ့ အိမ်တွေကို မီးရှို့ခဲ့မှုတွေကြောင့် အခုလို တိုင်ကြားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေဆဲနဲ့ ထမ်းဆောင်ခဲ့ဖူးသူ ၉ ဦးကို အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံသားတွေကိုယ်စား ဖိလစ်ပိုင်ရှေ့နေတွေက မနီလာမြို့ရှိ တရားရေးဌာနကို ရာဇဝတ်ကြောင်းနဲ့ တိုင်ကြားခဲ့တာပါ။ စွပ်စွဲခံရသူတွေထဲမှာ မြန်မာစစ်အရာရှိဟောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဝုန်ဆွန်းထန် လည်း ပါဝင်ပါတယ်။

အခုအခါ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံတို့မှာ အခြေချ နေထိုင်နေကြတဲ့ ချင်းတိုင်းရင်းသား ၅ ဦးကိုယ်စား ဒီအမှုကို ဖိလစ်ပိုင် ရှေ့နေတွေက ဦးဆောင်ပြီး အမှုတင်သွင်းခဲ့တာပါ။ တကယ်လို့ ဖိလစ်ပိုင်တရားရေးဌာနက စွပ်စွဲခံရသူ ၁၀ ဦးကို အမှုဖွင့်ဖို့ ဆုံးဖြတ်ပါက၊ မြန်မာနိုင်ငံ အာဏာပိုင်တွေထံကို ဆင့်ခေါ်စာ ပေးပို့တာ ဒါမှမဟုတ် သံတမန်လမ်းကြောင်းက တဆင့် ဆင့်ခေါ်စာပေးပို့နိုင်တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။

“ဒီနေ့ဟာ တကယ့်ကို သမိုင်းဝင်နေ့တစ်နေ့ဖြစ်သလို၊ ဖိလစ်ပိုင်ပြည်သူတွေနဲ့ အာဆီယံဒေသတွင်းက ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ထောက်ခံမှုနဲ့အတူ မြန်မာပြည်သူတွေ ခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားမျှတမှု ပုံစံတမျိုးမျိုး ရနိုင်မယ်လို့ မျှော်လင့်တယ်” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့မှ တိုင်ကြားသူ ငါးဦးထဲက တဦးဖြစ်တဲ့ ဆလိုင်းလင်းက မနီလာမြို့ရှိ သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG