သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MBK မှာဈေးရောင်းခွင့်မရှိ ရောင်းနေသူ မြန်မာတချို့ဖမ်းဆီးခံရ


MBK မှာဈေးရောင်းခွင့်မရှိ ရောင်းနေသူ မြန်မာတချို့ဖမ်းဆီးခံရ (စက်တင်ဘာ ၁၅၊ ၂၀၂၃)
MBK မှာဈေးရောင်းခွင့်မရှိ ရောင်းနေသူ မြန်မာတချို့ဖမ်းဆီးခံရ (စက်တင်ဘာ ၁၅၊ ၂၀၂၃)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Pathumwan ပသူဝမ်အရပ်မှာ မြန်မာစျေးသည်တွေအများအပြားရှိတဲ့ နာမည်ကြီး ကုန်တိုက်ဖြစ်တဲ့ MBK (Ma Boon Khrong) ကုန်တိုက်ကြီးအတွင်းကို စက်တင်ဘာလ ၁၃ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက် စစ်ဆေးခဲ့တာမှာ ခွင့်ပြုချက်မရှိပဲ ဈေးရောင်းနေကြတဲ့ မြန်မာ ၁၈ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ တချို့ကတော့ ဆိုင်တွေပိတ်ပြီး ထွက်ပြေးသွားကြတယ်လို့ ထိုင်းလ၀က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်ပြီး ပြောပြပါလိမ့်မယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဈေးရောင်း ဈေးဝယ်တွေနဲ့ စည်ကားလေ့ရှိပြီး လူသိများတဲ့ MBK ကုန်တိုက်ထဲကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတွေ ဗုဒ္ဓဟူးနေ့က ဝင်ရောက်ပြီး ဈေးဆိုင်တွေကို လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီမှာ ဈေးရောင်းခွင့် မရှိပဲ ရောင်းနေကြတဲ့ မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပသူဝမ် အမှတ် ၁ နယ်မြေ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေ့တဲ့ Labour Right Foundation က‌ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

"အဲဒီနေရာက အရောင်းစင်တာကြီးခင်ဗျ အတော်ကိုလူတွေ စျေးဝယ်တွေ ထူထပ် သိပ်သည်းတဲ့စင်တာကြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ သံသယရှိလို့ ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးလိုက်တာ တရားမဝင်တဲ့ မြန်မာအလုပ်သမား ၁၈ ယောက်ကို စစ်ဆေးဖော်ထုတ်ပြီး အရေးယူဖို့လုပ်တာပါ"

ထိုင်းနိုင်ငံမှာ ကိုယ်ပိုင် ဈေးဆိုင်ခန်းတွေကို နိုင်ငံခြားသားတွေ ဖွင့်ခွင့်မရှိတာကြောင့် ကိုယ်ပိုင်အလုပ်လုပ်ချင်ရင် ထိုင်းနိုင်ငံသားတွေနဲ့ တွဲပြီးလုပ်ကြရတာဖြစ်ပါတယ်။ လူစည်ကားတဲ့ MBK ကုန်တိုက်ကြီးအတွင်းမှာ ခွင့်ပြုချက်မရှိ ဈေးရောင်းနေကြတယ်လို့ သတင်းပေးတိုင်ကြားတာကြောင့် အခုလိုစစ်ဆေး ဖမ်းဆီးခဲ့ရတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ် ။အခုလို ကုန်တိုက်ကြီးအတွင်း လဝက ဝင်ရောက်ဖမ်းဆီးခဲ့စဉ်အချိန်မှာပဲ တချို့ မြန်မာနိုင်ငံသားတွေဟာ ဈေးဆိုင်တွေပိတ်ပြီး ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ထိုင်းသတင်းမှာဖေါ်ပြပါတယ်။ အခုဖမ်းမိတဲ့မြန်မာတွေအပြင် ထိုင်းလူမျိုးဆိုင်ခန်းဖွင့်ခွင့် ရထားသူတွေပါ ဒဏ်ကျနိုင်တယ်လို့ ဦးအောင်ကျော်ကပြောပါတယ်။

"အနိမ့်ဆုံးကတော့ ဘတ် ၅ ထောင်ကနေ ၅ သောင်းထိက အလုပ်သမားက ကျခံရမှာပါ။ အလုပ်ရှင်ကတော့ ဘတ်တသိန်းလောက်ထိ ကျခံရမှာဖြစ်ပါတယ်။ အလုပ်သမားက နိုင်ငံခြားသားဖြစ်တဲ့အတွက် နေရပ်ရင်းကိုပြန်ဖို့ ပြည်နှင်ဒဏ်ပေးခံရမှာပါ"

အခုလို ကိုယ်ပိုင်ဈေးဆိုင်ဖွင့်ရောင်းတာဟာ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက တားမြစ်ထားတဲ့ နိုင်ငံခြားသား ကိုယ်ပိုင် ဈေးဆိုင်ဖွင့်ခွင့်မရှိဘူးဆိုတဲ့ဥပဒေကို ချိုးဖောက်တာဖြစ်သလို၊ စျေးရောင်ခွင့် လိုင်စင်မရှိပဲ လုပ်ကိုင်နေတာကြောင့် ဆက်လက်အရေးယူမယ်လို့ ပသူဝမ် Pathumwan နယ်မြေအမှတ် (၁) လ၀က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG