သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တပ်မတော်ဖွဲ့စည်းရေး ရှေ့လဆက်ဆွေးနွေးမည်


ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ (Myanmar State Counsellor Office)
ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ (Myanmar State Counsellor Office)

ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့မှာ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ရရှိဖို့ လိုအပ်နေတဲ့အချက်တွေကို ဆက်လက်ဆွေးနွေးရာမှာ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို လာမယ့် နိုဝင်ဘာလမှ ဆုံးဖြတ်ချက် မူတစ်ခုထွက်ပေါ်လာနိုင်ရေးအတွက် ဆွေးနွေးဖို့သဘောတူခဲ့ကြသလိုအပါအဝင် တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေးကိစ္စ ဆက်လက်ညှိနှိုင်းဖို့ သဘောတူညီခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို အင်္ဂါနေ့မှာ ဆက်လက်ကျင်းပရာမှာတော့ အရင်နေ့ကဆွေးနွေးဖို့ ကျန်ရှိနေတဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ရရှိဖို့ လိုအပ်နေတဲ့ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေး၊ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေးနဲ့ အထွေထွေ ကဏ္ဍတွေကို ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။

ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို လာမယ့် လမှာ မူတခုချမှတ်နိုင်ရေးအတွက် သဘောတူခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“ ဒီနေ့မှာကတော့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် မရသေးတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရ ဆိုတာနဲ့ပတ်သက်ရင် ဆက်ပြီးညှိနှိုင်းနိုင်မယ့် အစီအစဉ်တွေကို ကျနော်တို့ ချမှတ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလ အတွင်းမှာ အစိုးရဘက်ကလည်း အဆိုပြုချက် ၃ရပ်ကို ရအောင်ရှာဖွေဖို့၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကလည်း ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ပတ်သက်တဲ့ အဆိုပြုချက် ၃ချက်ကိုရှာဖွေဖို့ ၊ အဲဒီ ၃ချက်စီပေါ့လေ။ သူ့ဘက် ကိုယ်ဘက် ၃ချက်စီ စုစုပေါင်း ၆ခုကနေပြီးတော့မှ တစ်ခုတည်းဖြစ်အောင် ပြန်ပေါင်းပြီး မူအနေနဲ့ ရယူဖို့ အဲဒါကို အစီအစဉ်ချမှတ်ခဲ့ပါတယ်။ ”

တစ်ခုတည်းသောတပ်မတော်ဖွဲ့စည်းရေးကိစ္စကိုတော့ ဒီနေ့စတင်ပြီး ဆက်လက်ဆွေးနွေးကြဖို့အတွက် ဆုံးဖြတ်ခဲ့ကြောင်းလည်း ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ တစ်ခုတည်းသောတပ်မတော် ထားရှိရေးကိစ္စနဲ့ပတ်သက်ရင် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ပြည်ထောင်စုမှာ တစ်ခုတည်းသော တပ်မတော်ရှိရမယ်ဆိုတဲ့ဟာကို ဒါက International practice ဖြစ်တဲ့အတွက် ကျနော်တို့က လက်ခံတယ်။ NCA ရဲ့ ပြဌာန်းချက်မှာ ပါတာကတော့ တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်လို့ ပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုတပ်မတော်ဆိုတဲ့အပေါ်မှာ အဓိပါ္ပယ်ဖွင့်ဆိုပြီးတော့ နှစ်ဘက် ဆွေးနွေးနိုင်ဖို့ တစ်ခုတည်းသော တပ်မတော်ဆိုတာကို သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးကြဖို့ ကျနော်တို့ သဘောတူထားပါတယ်။ တစ်ခုတည်းသော တပ်မတော်နဲ့ NCA ပြဌာန်းချက်အရ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စုတပ်မတော် ဆွေးနွေးဖို့ကိုတော့ အခု ကျနော်တို့ စမှတ်အနေနဲ့ ကျနော်တို့ ဆုံးဖြတ်မှုရပြီဖြစ်ပါတယ်။ ”

နိုဝင်ဘာလအတွင်း ပြန်လည်ကျင်းပမယ့်အစည်းအဝေးနဲ့ လာမယ့် ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးအတွက်ကို လက်ရှိ ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်အောင်တာဝန်ယူခဲ့တဲ့ အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ အဖွဲ့နဲ့ တိုင်းရင်းသားတွေဘက်က ပဒိုစောကွယ်ထူးဝင်းခေါင်းဆောင်တဲ့အဖွဲ့ကို ဆက်လက် တာဝန်ပေးအပ်ကြောင်း အထွေထွေကဏ္ဍမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဒီဆွေးနွေးပွဲအပေါ် အခုလို ပြောပါတယ်။

“ ဒီနေ့ အစည်းအဝေးဆုံးဖြတ်ချက်က တိကျတဲ့ Guideline ပေးထားခြင်း အဲဒီ Guideline ပေးလိုက်တယ် ဘယ်လို ဘယ်လိုလုပ်ဆို လမ်းညွှန်လိုက်တယ်။ အဲဒါကို ကျနော်တို့ ဆက်ပြီးတော့ လုပ်မယ်။ လုပ်တဲ့အခါမှာလည်း Timeline အတိအကျ ကျနော်တို့ သတ်မှတ်ထားတယ်။ အဲဒီအတိုင်း ဝင်အောင် ဆက်ပြီး ဆွေးနွေးမယ်။ ”

တစ်ခုတည်းသောတပ်မတော်ဖြစ်ရေးဆိုတာမှာ အရင်က မဆွေးနွေးနိုင်ဘဲရှိနေရာက အခုအခါတော့ စတင်ဆွေးနွေးနိုင်မယ့် အချက်ကို ရရှိလာကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ အားလုံးပါဝင်တက်ရောက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တော့ မတက်ရောက်ခဲ့ပါဘူး။

ဒီကနေ့ နောက်ဆုံးရက်အဖြစ် ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်ပါဝင်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တာကြောင့် အရင် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြတာမျိုးထက် ပိုမို ထိရောက်ခဲ့ကြောင်းလည်း သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG