မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ ကွာဟချက်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဒေါ်လာ တစ်ဘီလျံ နီးပါး ရှိတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အရာရှိတဦးက VOA ကိုပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု အတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေ တင်သွင်းနေရတာကြောင့် လိုငွေကွာဟချက်ကတော့ရှိနေဦးမယ်လို့ စီးပွားရေးပညာရှင်တွေကလည်း သုံးသပ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ကပြောပြပေးထားပါတယ်။
သုံးလတာကာလ အတွင်း ပြည်ပနဲ့ကုန်သွယ်ရေးလိုငွေ ကွာဟချက်က အမေရိကန်ဒေါ်လာ တစ်ဘီလီယံ နီးပါးရှိတဲ့အတွက် တနှစ်ပတ်လုံးအတွက် လိုငွေကွာဟချက် အရင်နှစ်တွေလိုများနေဦးမယ်လို့ စီးပွားရေးပညာရှင်တချို့က ခန့်မှန်းထားကြတာပါ။ နိုင်ငံတွင်း ဝင်လာတဲ့ အမေရိကန်ဒေါ်လာကထက် ပြည်ပထွက်သွားတဲ့ဒေါ်လာငွေက နှစ်တိုင်းပိုများနေတဲ့အခြေအနေ ဖြစ်ပါတယ်။ အစိုးရကတော့ လာမယ့် ၂၀၁၈-၁၉မှာ ပို့ကုန်နဲ့ သွင်းကုန်ကို ၁၅ ဘီလီယံလောက်စီနဲ့ လိုငွေကွာဟချက် တစ်နှစ် ဒေါ်လာသန်း ၅၀၀ လောက် လျှော့ချဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့အတွက် လိုငွေကွာဟချက်ကတော့ရှိနေဦးမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။
“လိုငွေကတော့ ရှိတာတော့ရှိနေဦးမှာ အကြမ်းဖျဉ်းအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကုန်သွယ်မှုလိုငွေကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေရှိနေတဲ့အခါကျတော့ ဖွံဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာလည်းဖြစ်နေတာပေါ့ အာစီယံထဲမှာဆိုရင် ကမ္ဘောဒီးယား ကုန်သွယ်မှု လိုငွေရှိနေတာပေါ့။ ကုန်သွယ်မှုလိုငွေရှိနေတဲ့အတွက် စီးပွားရေးဘက်မှာသက်ရောက်မယ်လို့တော့ ပြောလို့တော့မရပါဘူး။ များသော အားဖြင့်တော့အဓိကတော့ ဘာခေါ်မလဲဆိုရင်ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေသွင်းရတာတွေ ရှိပါတယ်။”
စားသောက်ကုန်ထက် ကုန်ကြမ်းနဲ့ စက်ပစ္စည်းတွေတင်သွင်းတဲ့ ကုန်သွယ်တန်ဖိုးကပိုများပါတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ လိုငွေကွာဟချက်ကို ထိန်းညှိဖို့က ပို့ကုန်တိုးမြှုင့်ဖို့လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက အခုလိုပြောပါတယ်။
“ကုန်ကြမ်းနဲ့ စက်ပစ္စည်းကများထားတဲ့အဓိပ္ပါယ်ကတော့ နှစ်ခုရှိတယ် နိုင်ငံတော်အဆင့်အနေနဲ့ပြောရရင် လမ်းပန်းတွေ ဘာတွေက အကုန်လုံး လုပ်နေရတယ်။ လိုအပ်လည်းလိုအပ်နေတာကိုး။ နောက်တစ်ခုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဝင်လာတာရှိသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်က သွင်းကုန်မှာသွားများတယ်။ အများစုထင်နေတာ သွင်းကုန်တွေများလာတယ် သွင်ကုန်များတာ ဆိုးတယ်ထင်ကြတယ်။ သွင်းကုန်များတိုင်း ဆိုးတယ်မဆိုသာဘူး ဆရာတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်အရ ဆရာတို့က အစစ၊ အရာရာတင်သွင်းနေ ရသေးတယ်။ ဆရာကတော့ ကုန်သွယ်မှုရှင်းတမ်းမှာတော့ လိုငွေပြတယ် လိုငွေပြတဲ့အကြောင်းရင်းကလည်း ဟိုဘက်ပို့ကုန်မှာ ဆရာတို့က ဘာမှပို့စရာမရှိတာ။ ဒီလိုအခြေအနေမျိုးကဆက်ပြီးရှိနေဦးမယ်လို့ ဆရာကမြင်တယ်။ သိပ်ပြီးစိတ်မပူဘူး ။ တစ်ခုပဲ ပို့ကုန် များအောင်လုပ်နိုင်ဖို့ပဲလိုတာ။”
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပို့ကုန် ၁၂ ဘီလီယံ၊ သွင်းကုန် ၁၇ဘီလီယံ ဆိုတဲ့အတွက် ကုန်သွယ်ရေးလိုငွေက ၅ ဘီလီယံရှိပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ပို့ကုန် ၁၄ ဘီလီယံဖြစ်လာပြီး သွင်းကုန်ကလည်း ၁၈ဘီလီယံရှိလာပါတယ်။ ကုန်သွယ်ရေးလိုငွေ ကတော့ ၄ ဘီလီယံဖြစ်ပါတယ်။ အခုနှစ်မှာ အထည်ချုပ်လုပ်ငန်း ထုတ်ကုန်တွေ ပိုတင်ပို့ထားနိုင်ပေမဲ့ လယ်ယာထုတ်ကုန်တင်ပို့တာ ကတော့ အရင်နှစ်ထက်နည်းသွားတယ်လို့ ဆိုပါတယ်။