သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားနည်းတဲ့ မြန်မာ့ စီးပွါးရေး အစိုးရ ဦးဆောင်မှု လိုအပ်


မြန်မာနိုင်ငံမှာ စီးပွားရေးအရ ဦးဆောင်မှု အားနည်းနေပြီး လက်ရှိ ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေအရ အစိုးရက အရေးပေါ် ကြားဝင် ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ အစိုးရဘဏ္ဍာရေးဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကံထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ စနစ်ကို အင်္ဂါနေ့က ပယ်ဖျက်လိုက်ပြီးတဲ့အပေါ် သူက အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ နှုန်းထားထက် ဝ.၈% ကျော်ပြီး၊ ဒါမှမဟုတ် အဲဒီထက် အောက်ကျပြီး အရောင်းအဝယ် မလုပ်ရလို့ နေ့စဉ် သတ်မှတ်ပေးနေတာကို ပယ်ဖျက်လိုက်ကြောင်း မနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာရုတ်တရက် ကြေညာလိုက်တာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း စီးပွားရေး ပညာရှင်တွေက ထောက်ပြ ပြောဆိုနေချိန်မှာဘဲ ဗဟိုဘဏ်က ငွေလဲနှုန်း သတ်မှတ်ပေးနေမှုကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။

NLD အစိုးရ တက်တဲ့ ၂၀၁၆ ခုနှစ် အစောပိုင်း ကာလတွေမှာ အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၁၀၀၀ ဝန်းကျင်နဲ့ လဲလှယ်ခဲ့ရာက လွန်ခဲ့တဲ့ လပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး တဖြည်းဖြည်း ကျလာခဲ့ပြီး ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်တဲ့ သြဂုတ်လ ၁၃ ရက်၊ အင်္ဂါနေ့မှာတော့ တဒေါ်လာကို ၁၄၉၂ ကျပ်ကနေ ၁၅၀၀ ဝန်းကျင်အထိ ပေါက်နေခဲ့တာပါ။

မူအရ ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ မဆိုနိုင်ပေမယ့် မရင့်ကျက်သေးတဲ့ မြန်မာနိုင်ငံရဲ့ ဈေးကွက် စီးပွားရေးအနေအထားနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း ဈေးကွက် အခြေအနေတွေက အချိန်အခါ မှားယွင်းနေတယ်လို့ ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ပြ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဘဏ္ဍာရေးဌာနမှာ စာရင်းကိုင်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက် နေထိုင်နေတဲ့ ဦးကံထွန်းကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စီးပွားရေး အခြေအနေအရ အရေးပေါ် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေပြီလို့ ထောက်ပြပါတယ်။

"Emergency မှာမှ တကယ့်ထိပ်ပိုင်းပေါ့လေ အစိုးရပိုင်းကနေ ဦးဆောင်ပြီးတော့လေ။ ဘာဖြစ်လို့လဲဆိုတော့ တဖက်မှာ စီးပွားရေးလုပ်နေတဲ့ ဘဏ္ဍာရေးတို့ ၊ ဗဟိုဘဏ်တို့မှာ confident ကျနေတဲ့အချိန်မှာ ၂ ဖက်စုံပြီးတော့ တဖက်က စီးပွားရေးရော လူထုဘက်ကရော ဒါကို စောင့်ကြည့်နေတယ်။ အစိုးရကတော့ တခုခုကို ကုစားနေပြီ၊ ဒါကို ယုံယုံကြည်ကြည်နဲ့ စောင့်ကြည့်မယ် ဆိုတဲ့ စိတ်ကို ဖြစ်သွားအောင် ပေးရမယ်လို့ ကျနော်ကတော့ မြင်တယ်။"

အခုလို စီးပွားရေးအရ အရေးပေါ် အခြေအနေ ဆိုက်ရောက်နေတဲ့အချိန်မှာ တိုင်းပြည်ခေါင်းဆောင်ပိုင်းက လူထုကို ပွင့်လင်း မြင်သာစွာ ပေါ်လစီတွေ ချပြခြင်း မရှိတာကလည်း စီပွားရေးအရ ဦးဆောင်မှုပိုင်းမှာ အားနည်းတယ်ဆိုတာကို ပြသခြင်းဖြစ်ကြောင်း ဦးကံထွန်းက ဆက်ပြောပါတယ်။

"ကျနော်မြင်တာကတော့ စီးပွားရေးမှာ ဦးဆောင်မှုအပိုင်းအားနည်းတယ်လို့ ကျနေ်ာမြင်တယ်။ တိုင်းပြည်က စီးပွားရေးကို ဦးထိပ်ထားရမယ့်အစား အခုဒီလောက်အထိ ဖြစ်နေတာကို တာဝန်ရှိတဲ့လူတွေ တာဝန်ရှိတဲ့အပိုင်းက စီးပွားရေးကို ဘာလုပ်တယ်ဆိုတာ နေ့တိုင်းသတင်းမှာလေ မသိဘူး၊ ပွင့်လင်းရမယ်။ ငါတို့ဒါတွေလုပ်နေပါပြီ၊ နောက်ပြီးတော့ စီးပွားရေးကျတော့လည်း ကျနော်တို့မြင်တာက နိုင်ငံရေးလည်း ပါတာပေါ့လေ၊ ကျနော်တို့ US နဲ့ အနောက်နိုင်ငံတွေက မျှော်လင့်သလို မကူကြဘူး၊ မဝင်လာဘူးလို့ မြင်ပါတယ်။ ကိုယ်က အားကိုနေတာက အရှေ့ပိုင်းကပဲ။ ဂျပန်တို့ တရုတ်တို့ နဲ့ပဲ။ သူတို့က ဥရောပနဲ့ အမေရိကန်တို့လို အင်အားမရှိဘူး။ အဲဒါတွေကို ဝင်လာနိုင်အောင်လည်း ကျနော်တို့ တဖက်က နိုင်ငံရေးအရ ကြိုးစားသင့်တယ်။ တဖက်ကလည်း စီးပွားရေးကို ဘယ်သူ့ကို ဦးဆောင်တာဝန် ပေးပါတယ်ဆိုတာကို အဲဒါတွေပြောရမယ်။ စီးပွားရေးကို ငါတို့ ဦးစားပေးနေတယ်၊ လောလောဆည် နိုင်ငံရဲ့ ရေတိုရေရည်ကိစ္စတွေကလည်း တပိုင်းပေါ့လေ။ စီးပွားရေးကို ငါတို့ ပစ်မထားပါဘူး ဆိုတာပေါ့လေ။"

အမေရိကန်နိုင်ငံမှာလည်း တိုင်းပြည်အတွင်း ကြုံတွေ့နေရတဲ့ ကဏ္ဍအလိုက် ပြဿနာတွေကို Drug Czar ၊ Economi Czar စသဖြင့် မူးယစ်ဆေးဝါး ပြဿနာကို ဦးဆောင် ဖြေရှင်းပေးမယ့်သူ၊ စီးပွားရေး အကြပ်အတည်းကို ဖောက်ထွင်း ကျော်လွှားနိုင်မယ့် တာဝန်ခံ စသဖြင့် ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေကို သမ္မတက ခန့်အပ် တာဝန်ပေးတဲ့ အစဉ်အလာ ရှိပါတယ်။

အခု မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းအတွက်လည်း ပြင်ပက စီးပွားရေးပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေ အားလုံးကို အစိုးရက ခေါ်တွေ့ပြီး အဖြေရှာသင့်တယ်လို့ ဆိုပါတယ်။

"လုပ်သင့်တာကတော့ ထိပ်ပိုင်းမှာ တာဝန်ရှိတယ်ဆိုတာ သမ္မတတို့လို၊ ခေါင်းဆောင်တို့လိုတွေက စီးပွားရေးက ဒီလိုဖြစ်ပြီ အမြန်ဆုံး တခုခုပေါ့လေ အခုဒီမှာဆိုရင် ကျနော်တို့ President Trump ဆိုရင် တခုခုဖြစ်လာရင် သူကိုယ်တိုင် တခုခုဝင်ပြီးတော့ Comment လေးပေးလိုက်တာလေးက တေ်ာတော်ထိရောက်တယ်။ အဲဒီသဘောမျိုးပေါ့လေ။ ကျနော်သာ တာဝန်ရှိရင် ချက်ချင်းစီးပွားရေးသမားတွေကို ခေါ်လိုက်မယ် ၊ အခုသက်ဆိုင်တဲ့ ဘဏ္ဍာရေးတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ သူတို့ဆန္ဒက ဒီအပေါ်မှာ အားမရတာလို (Shock) ရှော့ဖြစ်တာတွေရှိရင် အစည်းအဝေးလုပ်လိုက်ပြီးတော့ ဒါတွေကို ကုစားဖို့ အဲလိုတွေလုပ်မယ်ဆိုပြီးတော့၊ လူတွေ ပြောင်းသင့်ရင်လည်း ပြောင်းမယ်ဆိုပြီးတော့ ပြန်ပြီး Reform လုပ်လိုက်ပြီးတော့ နိုင်ငံရေးကို ပြောင်းလိုက်ရင် အဲလိုကုစားမှရမယ်လို့ထင်တယ်။ ပုံမှန်နည်းနဲ့တော့ လုပ်လို့မရဘူး ။ အဲဒါကြောင့် ဆွေးနွေးချက်အရ လူငယ်တွေ၊ လူသစ်တွေနဲ့ ပြန်ပြီးတော့ ချီတက်ကြမယ်၊ လုပ်ကြမယ်ဆိုရင် စီးပွားရေးပိုင်းမှာ Confident တွေပြန်ပြီးတော့ Restore ဖြစ်မယ်လို့ကျနော်ယူဆတယ် ။ အဲလို Treatment ပေးရမယ်လို့ ကျနော်ထင်တယ်။"

မြန်မာနိုင်ငံက လူငယ်တွေထဲမှာ နိုင်ငံတကာ အတွေ့အကြုံရှိပြီး စေတနာသန့်သန့်နဲ့ တိုင်းပြည် တိုးတက် ကြီးပွားအောင် လုပ်ဆောင် ပေးနိုင်သူတွေ အများအပြား ရှိနေတာကြောင့် အဲဒီလို လူငယ်တွေကို နေရာပေးသင့်တယ်လို့လည်း ဦးကံထွန်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG