သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖွံဖြိုးရေး ကမ္ဘာ့ဘဏ် ဆက်လက်ကူညီသွားမည်


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ ပေးနေတာတွေ ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ဘဲ အကူညီတွေ ဆက်လက်ပေးသွားဖို့ရှိတယ်လို့ ကမ္ဘာဘဏ်ဖက်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အတွက် ကမ္ဘာဘဏ်အနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်သလို၊ ကမ္ဘာဘဏ်ရဲ့ အရှေ့အာရှနဲ့ပစိဖိတ်ဒေသ ဒုဥက္ကဌဟာလည်း မကြာခင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။

ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌက မြန်မာနိုင်ငံကို လာမယ့်စီမံကိန်းတွေမှာ ငွေကြေးကူညီထောက်ပံ့တာတွေ ရပ်ဆိုင်းဖို့ ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာ တစောင်ဖြစ်တဲ့ Independence ရေးသားချက်ဟာ မမှန်ကန်ဘဲ အကူအညီတွေ ဆက်လက်ပေးသွားမှာ ဖြစ်တယ်လို့ ကမ္ဘာ့ ဘဏ်က တုန့်ပြန်လိုက်တာပါ။ လက်ရှိမှာ ကူညီပေးနေဆဲ လုပ်ငန်းတွေကို အကောင်အထည်ဖေါ်နေပြီး ဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ဆက်လက်ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ပြန်ကြားရေး တာဝန်ခံ ကိုကျော်စိုးလင်းက အခုလိုပြောပါတယ်။

"ကျွန်တော်တို့ ဒီမြန်မာနိုင်ငံရုံးအနေနဲ့ကတော့ တဖက်နိုင်ငံမှာပြောတဲ့ တဖက်နိုင်ငံသတင်းမီဒီယာပေါ့နော် သူတို့ဘင်္ဂလားဒေ့ရှ်မီဒီယာပေါ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောတဲ့ဟာပေါ့နော် ကျွန်တော်တို့ ဘာမှ မှတ်ချက် မချလိုပါဘူး။ ကျွန်တော်တို့ဘက်က အဓိက ဘာကိုပြောချင်လည်းဆိုတော့ လောလောဆယ်မှာ ရှိနေပြီးသား လုပ်နေတဲ့ လုပ်ငန်း အကောင်အထည်ဖော်နေပြီးသား လုပ်ငန်းတွေကလည်း သူ့ဟာနဲ့သူက အကုန်လုံးက လည်ပတ်နေပါတယ်။ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့သက်ဆိုင်တဲ့ ဌာနဆိုင်ရာအသီးသီး ဝန်ကြီးဌာန အသီးသီးနဲ့ပေါ့နော် အဲ့ဒါတွေကလည်း ဆက်လက်ပြီးတော့မှ ဆောင်ရွက်နေပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့က တော့ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေမှာလည်း ဆက်လက်ပြီး ကူညီသွားမယ်ဆို တာကို ကျွန်တော်တို့ ဒီနေ့ ထုတ်ပြန်ထားတာပါ။"

ဒီရက်ပိုင်းမှာလည်း ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဒုဥက္ကဌ ဗစ်တိုးရီးယား ကွာလွာ က မြန်မာနိုင်ငံကို ၈ ရက်ကနေ ၁၀ ရက်အထိ ၃ ရက်ကြာ လာရောက်မှာဖြစ်ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ကမ္ဘာ့ ဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။

ဗစ်တိုးရီးယားကွာလွာဟာ ရခိုင်ဒေသမှာ အစိုးရက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးကူညီသွားဖို့ ဆွေးနွေးမှာဖြစ်တယ်လို့လည်း ကိုကျော်စိုးလင်းက ဆက်ပြောပါတယ်။

" သူဒီလာတဲ့အချိန်မှာလည်း ရှေ့ဆက်ပြီးတော့မှ မြန်မာနိုင်ငံကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအပေါ် မှာ ကမ္ဘာ့ဘဏ် အနေနဲ့ ဘယ်လိုမျိုး ပံ့ပိုးဆောင်ရွက်သွားမလည်းဆိုတာကို အဓိက ဆွေးနွေးကြမှာပါ။ အဲ့ဒီမှာ အရေးကြီးတဲ့အချက်ကတော့ ရခိုင် ရခိုင်ပေါ့နော် ရခိုင်ဒေသမှာလည်း ရခိုင်ပြည်နယ်မှာလည်း ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ နောက်ပြီးတော့ ဒီမတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေကြားထဲမှာ ပိုပြီးတော့မှ ညီညွတ် မျှတပြီး သဟဇာတဖြစ်တဲ့ ပေါင်းစည်းရေး ပေါ်ထွန်းလာဖို့ အတွက်ကို ဒီနိုင်ငံတော်အစိုးရကလည်း ဆောင်ရွက် နေတာတွေရှိတယ်။ အဲ့ဒီဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ ကမ္ဘာ့ဘဏ်အနေနဲ့ ဘယ်လိုမျိုး ပံ့ပိုးကူညီ သွားမလည်းဆိုတာ အဓိကဆွေးနွေးသွားကြမှာပေါ့နော်။"

ကမ္ဘာ့ဘဏ်ဟာ ၁၉၈၈ခုနှစ်က နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အရေးအခင်းကြောင့် ကူညီထောက်ပံ့ပေးတာတွေ ကို နှစ်ပေါင်း ၂၀ ကျော် ရပ်ဆိုင်းခဲ့ပြီးနောက်မှာတော့ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရသစ် တက်လာတဲ့အခါမှ ကူညီထောက်ပံ့ပေးတာတွေကို ပြန်လည်စတင်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ၂၀၁၂ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်း ၂ ထောင်နဲ့ညီမျှတဲ့ နှစ်ရှည်ချေးငွေ နဲ့ ကူညီထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG