ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒေသထွက် သံယဇာတတွေကို ခွဲဝေသုံးစွဲရေး၊ ပြည်နယ်အစိုးရက ဆုံးဖြတ်ခွင့်မရှိတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA လက်မှတ်မရေးထိုးရသေးတာက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စိန်ခေါ်မှုတွေပဲလို့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ က ပြောပါတယ်။ မစုမြတ်မွန် က တွေ့ဆုံမေးမြန်းထားပါတယ်။
မစုမြတ်မွန် ။ ။ ဒေါ်ခင်စည်သူက ကယားပြည်နယ်၊ လွိုင်ကော်မြို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်တယ်ဆိုတော့ အရင်ဆုံး မေးချင်တာက လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို လွှတ်တော်မှာ ဘယ်လောက်အထိ တင်ပြဆွေးနွေးနိုင်ပြီးပြီလို့ ပြောလို့ရသလဲရှင့်။
ဒေါ်ခင်စည်သူ ။ ။ ကျမ ၂၀၁၅ ကစပြီးတော့ ဝင်တယ်။ လွှတ်တော်ကို အချိန်ပိုင်းတခု First term ကို တက်ပြီးတော့ ကယားပြည်နယ် ပြန်ရတယ်။ လွိုင်ကော်မဲဆန္ဒနယ်မြေကို ပြန်တော့ လူထုနဲ့ တွေ့ဆုံပွဲတွေ အရင်လုပ်တယ်။ လုပ်တယ်ဆိုတာက ကျမတို့ တာဝန်က ဘာလဲ။ တာဝန် (၃) ရပ် - လူထုကိုယ်စားပြုတာ၊ ဥပဒေပြုတာ၊ နောက်ပြီးတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ကို Oversee စောင့်ကြည့်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတဲ့ တာဝန် (၃) ရပ်ကို ကျမ က နားလည်အောင် ရှင်းပြရတယ်။ အဲဒီလို ပြောပြီးတော့ သူတို့ကရော ဘာတာဝန်ရှိသလဲဆိုတာကို ကျမ က ရှင်းပြရတယ်။ သူတို့ ဘာလိုအပ်သလဲ ဆိုတာကို၊ ကျမတို့ကို ဘယ်လို ချဉ်းကပ်ရမလဲ - သူတို့ လိုချင်တဲ့ အခွင့်အရေး၊ သူတို့ရဲ့ အခက်အခဲတွေကို ကျမတို့ ဘယ်လို ချဉ်းကပ်ရမလဲဆိုတာကို ပြဌာန်းပြီးသာရှိတယ်။ ကျမ Print out ထုတ်ပြီးတော့ သူတို့ကို ဝေလိုက်တယ်။ ဝေမှ သူတို့က သူတို့အခွင့်အရေးတွေကို ဘယ်လိုနည်းနဲ့ တောင်းလိုရသလဲဆိုတဲ့ Channel ပုံစံငယ်လေးတွေကို ပြလိုက်တယ်။ အဲဒီပုံစံနဲ့ သူတို့ကို ချဉ်းကပ်ခိုင်းတာ။ ချဉ်းကပ်ခိုင်းပြီးတော့ အဲဒီအချိန်မှာ စပြီးတော့ ကျမကို ပြဿနာ တင်ပြတာက လွိုင်ကော်မှာ လောပိတ ဧရိယာပါတယ်။ လောပိတဧရိယာဆိုတာ ကျမတို့ရဲ့ ဟိုက်ဒရိုပါဝါ (Hydro power) (3) ခု ရှိတယ် - ဝမ် တူး သရီး။
အဲဒီ ဧရိယာပတ်ဝန်းကျင်မှ ရှိတဲ့ ရွာက မီးမလင်းတာ။ တော်တော်လေးတော့ ရယ်လည်းရယ်စရာ ဖြစ်တယ်။ လောပိတ က လျှပ်စစ်တွေ ထုတ်ရဲ့သားနဲ့ အဲဒီမှာ အနီးဆုံးရွာက မီးမရဘူးဆိုတာ ဒါကို Very hot issue အနေနဲ့ ကျမကို ပြောပြတယ်။ ထို့တူပဲ အဲဒီ ဧရိယာမှာ (၁၆) ကုတင်ဆန့် ဆေးရုံကို လိုချင်ပါတယ်ဆိုပြီး ပြောတယ်။ ရေရရှိတာတွေ၊ အခက်အခဲ ရှိတာတွေပြောတော့ ဒါက ကျမရဲ့ First touch သူတို့နဲ့ ထိတွေ့ပြီးတော့ ဒီကိစ္စကို လွှတ်တော်ကို ယူလာရတယ်။ ယူလာပြီးတော့မှ မေးရတဲ့ Question တွေ။ ကြယ်ပွင့်ပြ မေးခွန်းအနေနဲ့ ကျမ မေးတယ်။ အဲဒီလို မေးတဲ့အခါကြတော့ လွှတ်တော်ထဲမှာ လာဖြေတော့ အခက်အခဲတော့ ရှိတယ်။ ပြည်ထောင်စုဝန်ကြီးက ပိုက်ဆံနည်းတော့ မပေးချင်ဘူး။ ဘတ်ဂျက်ကနည်းတော့ မပေးချင်ဘူး။ မပေးချင်တော့ ကျမတို့က လိုအပ်တာ ဖြစ်တဲ့အတွက်ကြောင့် မနည်းကိုပြောရတယ်။ ခက်ခက်ခဲခဲ ရသွားတာပေါ့။ အဲဒါ ကျမရဲ့ First step challenge လေးမှာ လုပ်ပေးနိုင်တာကိုတော့ ပြနိုင်ခဲ့တာပေါ့။
မစုမြတ်မွန် ။ ။ စောစောက ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ပြည်သူလူထုတွေနဲ့ တွေ့ပြီးတော့ သူတို့တွေရဲ့ အခက်အခဲကို သိတယ်ဆိုတော့ အဲဒီလိုမျိုး ကိုယ့်ရဲ့မဲဆန္ဒနယ်မြေမှာရှိတဲ့ ပြည်သူတွေနဲ့ ဘယ်လောက်အထိ နီးနီးစပ်စပ် ထိတွေ့မှုရှိတယ်လို့ ပြောလို့ရလဲရှင့်။
ဒေါ်ခင်စည်သူ ။ ။ ကျမတို့က ပြည်ထောင်စု level ဆိုတော့ နေပြည်တော်မှာပဲ နေရတယ်။ အချိန်ပြည့် ကျမတို့ မဲဆန္ဒနယ်မြေမှာ နေလို့မရဘူး။ အဲဒီတော့ ကျမတို့က ပိတ်တဲ့အချိန်ပြန်။ ပိတ်တယ်ဆိုတာက လွှတ်တော်သက်တမ်း (၁) ခု။ သက်တမ်းဆိုတာက one sector တခုပြီးမှ ပြန်ရတာ ရှိသလို။ စနေ၊ တနင်္ဂနွေ ပိတ်ရင်လည်း ပြန်တတ်ပါတယ်။ သောကြာနေ့ ည (၆) နာရီကားနဲ့ပြန်တယ်။ မနက် (၂) နာရီ (၃) နာရီရောက်တယ်။ မနက်အိပ်ရာထလိုက်ရင် ဝင်လာမစဲတဖွဲဖွဲတွေက အိမ်မှာ ပြည့်နေတယ်။ အဲဒါမျိုးလေးတွေ ရှိတယ်။ သူတို့ရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ လာပါ။ ပိုပြီးတော့ လိုအပ်တဲ့နေရာကို ကျမက timetable မချဘဲနဲ့ emergency needs တွေကိုတော့ အရင်ထိတွေ့လိုက်တယ်။ ဒီရွာမှာ တချို့ဆိုရင် ကျမတို့ကို မဲမပေးခဲ့တဲ့ လီဆူး ခေါ်မှာပေါ့ သူတို့တွေက မှတ်ပုံတင်မရဘူး။ ကျမတို့ကို မဲမပေးပေမယ့် ကျမရဲ့ မဲဆန္ဒနယ်မြေထဲမှာရှိတဲ့အတွက် သူတို့ကိုလည်း အရေးတယူ လုပ်ပေးတာတွေလည်း လေးငါးခေါက် အဲဒီနယ်မြေကို သွားခဲ့တယ်။ တော်တော်လေး ခက်ခက်ခဲခဲ သွားရတယ်။ သွားရင် ကားက အမြင့်မှရတယ်။ အမြင့်ကို လမ်းတပိုင်းထားပြီး သွားရတဲ့နေရာကို ကျမ အရင်ဆုံးသွားခဲ့တယ်။ အဲဒီလို ခက်ခက်ခဲခဲနဲ့ ထိတွေ့မှု ရှိပါတယ်။ ရွာအလိုက်ကို။
မစုမြတ်မွန် ။ ။ အဲဒီလိုမျိုး ပြည်သူတွေနဲ့ ထိတွေ့တဲ့အခါမှာ သူတို့အနေနဲ့ အလိုအပ်ဆုံး အခက်အခဲတွေက ဘာတွေလို့ သိရှိခဲ့ရလဲရှင့်။
ဒေါ်ခင်စည်သူ ။ ။ အဓိကတော့ လမ်းလည်းပါတယ်။ ကျမကိုယ်တိုင် သွားရတာ ခက်တယ်။ ဆိုတော့ လမ်းပါတယ်။ နောက် နည်းနည်းလေး ကြီးလာတဲ့ ပြဿနာတွေက မြေယာသိမ်းတာ။ တံတားပါတယ်။ ဒါတွေက Convenience မဖြစ်တာတွေ။ အဲဒါလေး (၃) ခုကတော့ ကြီးမားတာပေါ့။
မစုမြတ်မွန် ။ ။ ကယားပြည်နယ် လွိုင်ကော်မြို့ဆိုရင် ငြိမ်းချမ်းတဲ့ နယ်မြေလို့ ပြောရခက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ KNPP တို့ဘာတို့နဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့ ကိစ္စတွေက အခုထက်ထိ ဆက်ပြီးတော့ အစိုးရနဲ့ ညှိနှိုင်းနေတုန်း အခြေအနေဆိုတော့ ဒီဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးက အင်မတန် လိုအပ်နေတယ်လို့ နားလည်ပါတယ်။ အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေနဲ့ ပတ်သက်လိုကော လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဘယ်လိုမျိုး ကြိုးစားနိုင်လဲ။ စွမ်းဆောင်ရနိုင်လဲ။
ဒေါ်ခင်စည်သူ ။ ။ တခြားတိုင်းနဲ့ပြည်နယ်ထက်တော့ နည်းနည်းတော့ ငြိမ်းချမ်းတယ်လို့ ခေါ်လို့ရတယ်။ အပစ်အခတ်တော့ မရှိဘူး။ သို့သော်လဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လုပ်ဖို့ဆိုရင် သေးသေးကနေ ကြီးကြီးဆိုရင် သေးတဲ့ဟာဆို ဗဟိုပြု လူထုဗဟိုပြုတဲ့ စီမံကိန်းတွေမှာ Site selection တွေကို ကျမတို့က ပြည်သူတွေကို ရွေးခိုင်းတာ။ သူတို့ကို ကော်မတီဖွဲ့ခိုင်းတယ်။ သူတို့တွေကို ရွေးခိုင်းတယ်။ အဲဒီမှာ အခက်အခဲတွေ ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် KNPP ဧရီယာ ဖြစ်တဲ့အခါကြတော့ သူတို့က ရွေးချယ်ပေမယ့်လို့ KNPP က သဘောမတူဘူးဆိုတာမျိုးတွေလည်း Feedback ကြားရတာပေါ့။
မစုမြတ်မွန် ။ ။ ဘယ်လိုမျိုးကိစ္စမျိုးတွေလို့ ပြောလို့ရမလဲ။
ဒေါ်ခင်စည်သူ ။ ။ ဥပမာ လမ်းလုပ်မယ် ဆိုလို့ရှိရင် ကျမတို့က သိပ် amount လည်း မကြီးပါဘူး။ လမ်းအကြီးကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အရင်တုန်းက သိပ်ခက်ခဲတဲ့ - - သွားမယ်ဆိုရင် ကျမကိုယ်တိုင် စည်းရုံးရေးဆင်းတုန်းက သွားရတာက သံတောင်မြို့နယ် - ကရင်ပြည်နယ်။ သံတောင်မှ ကြိုဆိုပါသည်ကို ဖြတ်ပြီးမှ တဝိုက်ကြီးမှ ပြန်ဝင်နိုင်တယ်။ ဒါက လမ်းသိပ်ခက်ခဲတဲ့ ပုံစံပေ့ါ။ အဲဒီလို လမ်းကြီးလမ်းသေးတွေ နည်းနည်းခက်ခဲတယ်။ လမ်းအသေးလေးတွေ လိုအပ်ချက်ကို လူထုက ရွေးပိုင်ခွင့်ပေးတယ်။ လုပ်ပိုင်ခွင့် Decision maker အနေနဲ့ပေးတဲ့ လုပ်ငန်းတွေမှာ သူတို့မှာ နည်းနည်းအနှောက်အယှက် ရှိတယ်။ လုပ်လို့မရတာတွေ ရှိတယ်။
မစုမြတ်မွန် ။ ။ အနှောင့်အယှက်ဆိုတာ …
ဒေါ်ခင်စည်သူ ။ ။ KNPP က လုပ်ခွင့် သဘောမတူဘူး။ သဘောတူတယ် .. ဒီပိုက်ဆံ ငါတို့လက်ထဲအပ် .. ငါတို့ လုပ်မယ်ဆိုတော့ နည်းနည်းတော့ CTT Project အနေနဲ့ Out of procedure ဖြစ်တဲ့အခါကြတော့ နည်းနည်းလုပ်လို့ မရတဲ့အတွက် လူထုမှာ အခွင့်အရေးဆုံးရှုံး နာတာပေါ့။ ဒါက တခုရှိတယ်။ နောက်တခုက နည်းနည်းကြီးတာလေး ပြောရမယ်ဆိုရင် ကျမတို့ Border trade နိုင်ငံတခုနဲ့တခု ကူးသန်းရောင်းဝယ်ရေး၊ ဆက်ဆံရေးတွေ လုပ်ရမယ်ဆိုရင် တံတား၊ လမ်းတို့က အရေးကြီးတယ်။ BP (၁၃) ဆိုရင် Border points တွေမှာ (၁၃) ကတော့ အခု ကျမတို့ ဖွင့်ပြီးတော့ မဲ့ဟောင်ဆောင်နဲ့ ထိုင်းနဲ့ ညီအမနိုင်ငံဆိုပြီးတော့ လုပ်တယ်။ အဲဒီမှာ ထိုက်သင့်သလောက်တော့ Tourist ပဲ ပြောမလား။ အဲဒီလိုမျိုးနဲ့တော့ ဝင်ငွေတော့ နည်းနည်းရတယ်။ အဲဒါက နည်းနည်းဝေးတယ်။ Point (9) ကတော့ နီးတယ်။ တံတားလုပ်ရတာ ကြီးတယ်။ အဲဒီတော့ ပြည်ထောင်စုဘတ်ဂျက် တောင်းတော့လည်း ရတယ်။ သို့သော်လဲ KNPP က တားတယ်။ လက်မှတ်မထိုးခင်ကို ဘာမှမလုပ်ပါနဲ့အုံး။ လက်မှတ်ထိုးပြီးမှ လုပ်ပါ။ သူတို့ Agreement ရထားပါတယ်ဆိုတော့ ကျမတို့ တရားဝင်အစိုးရ …
မစုမြတ်မွန် ။ ။ လက်မှတ်ထိုးတယ်ဆိုတာ NCA က ပြောတာလား။ NCA ထဲမှာ ပါဝင်လက်မှတ်ထိုးပြီးမှ လုပ်ပါဆိုတာကို ပြောတာလား။
ဒေါ်ခင်စည်သူ ။ ။ အဲဒါကို သူတို့ Agreement ယူထားတာပါ။ Final decision မချခင်၊ လက်မှတ်မထိုးခင် ဘာမှမလုပ်ပါဘူးဆိုပြီး Agreement ရထားတယ်လို့ ပြောလို့ ကျမတို့ ကယားပြည်နယ်အစိုးရက နောက်ဆုတ်ပေးလိုက်ပါတယ်။ ရလာတဲ့ ဘတ်ဂျက်ကိုလည်း ပြည်ထောင်စုအစိုးရကို ပြန်အပ်လိုက်ပါတယ်။ အဲဒါမျိုးဆိုရင် နည်းနည်းနာတယ်လို့တော့ ပြောလို့ရတယ်။
မစုမြတ်မွန် ။ ။ ပြည်သူတွေဘက်ကကြည့်ရင်ပေါ့။
ဒေါ်ခင်စည်သူ ။ ။ ပြည်သူတွေဘက်က ကြည့်ရင်တော့ နာတယ်။ လူထုအနေနဲ့ အခွင့်အရေး ဆုံးရှုံးတယ်။ ဖွံ့ဖြိုးရေးအတွက် နစ်နာတယ်လို့ မြင်တယ်ရှင့်။
မစုမြတ်မွန် ။ ။ ဆိုတော့ အခုပြောပုံအရဆိုရင်တော့ ကယားပြည်နယ်ထဲမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက စိန်ခေါ်မှုက ဒီပြဿနာ ဖြစ်နေတာပေါ့။
ဒေါ်ခင်စည်သူ ။ ။ ဒါလေးရှိသလို ကျမတို့ Natural resources လည်း ပြဿနာဖြစ်တယ်။ Natural resources က ကျမတို့မှာ အဓိကအားဖြင့် ဘာရှိလဲဆိုတော့ Hydropower .. အဲဒါကလည်း ကျမတို့ဆီက ထွက်ပြီးတော့ မီးထုတ်တဲ့ ဧရီယာဖြစ်ရဲ့သားနဲ့တောင်မှ မရဘူး။ ၆၀ - အခုဆိုရင် ၇၀ ကျော်လာပြီ။ (၂) နှစ်အတွင်းမှာ (၇၀) ကျော်လာပြီလို့ ပြောတယ်။ နောက်ပိုင်း (၁) နှစ် (၂) နှစ်အတွင်းမှာတော့ -- ရမယ်လို့တော့ ပြောတယ်။ နောက် ကျမတို့ သွားလိုက်တဲ့အားတွေကလည်း National grid နဲ့လုပ်တာ - အဲဒါကြတော့ ခွဲဝေမှုက ကျမတို့ ဆုံးဖြတ်ရတာ မဟုတ်ဘူး။ ဒါလဲ ဖယ်ဒရယ်စနစ်ကိုပဲ ကျမတို့ ဦးတိုက်နေတယ်။ ငြိမ်းချမ်းရေးနဲ့လည်း နွယ်နေတာပေါ့။ သံယဇာတ နောက်တခုက သစ်တော - သစ်တောကလည်း ကျမတို့ဆီမှာ အရမ်းအဆင်ပြေတယ်။ အဆင်ပြေတယ် အရမ်းဌေးခဲ့တာ။ အခုကြည့်ရင် Border point (13) ဆိုရင် ကယားပြည်နယ်ဘက်ဆိုရင် ပူလိုက်တာ။ အဲဒီနေရာမှာဆိုရင် နွေရာသီဆိုရင် မကွေး၊ ရေနံချောင်းထက် ပူတယ်။
မစုမြတ်မွန် ။ ။ သစ်တောတွေ မရှိတော့လို့လား။
ဒေါ်ခင်စည်သူ ။ ။ သစ်တောတွေ မရှိတော့လို့။ ဂတုံး ဖြစ်နေပြီ။ အဲဒါမျိုးက ဆုံးရှုံးခဲ့တာ။ နောက်တခုကြတော့ သတ္တု ဘယ်လိုထုတ်မလဲ။ ဘယ်လို ခွဲဝေယူမလဲဆိုတာတွေ ပွင့်လင်းမြင်သာမှု မရှိဘူး။ နှစ်ပေါင်းများစွာ ဆယ်စုနှစ်ကျော်လာခဲ့ပြီ။ အဲဒါကို အခုထက်ထိ မရှိသေးဘူး။
မစုမြတ်မွန် ။ ။ အခုနပြောတဲ့ ဒီပြဿနာတွေ သဘာဝအရင်းအမြစ်တွေ၊ သဘာဝသယံဇာတတွေကရတဲ့ အကျိုးအမြတ်တွေကို ဒေသခံတွေက ခံစားလို့ မရဘူး။ နောက်တခါ စောစောကပြောတဲ့ ပြဿနာတွေကို လွှတ်တော်မှာကော ဒီဟာတွေကို ပြေလည်နိုင်အောင်လို့ လွှတ်တော်လမ်းကြောင်းကတဆင့် ဘယ်လိုမျိုး လုပ်လို့ရမယ်လို့ ထင်ပါလဲ။
ဒေါ်ခင်စည်သူ ။ ။ အဲဒါက အခုကတော့ ကျမတို့ EITI က ပထမ အစီရင်ခံစာ။ နောက် ဒုတိယအဆင့်လည်း လုပ်တော့မယ်လို့ ပြောတယ်။ ဒီကြားထဲမှာတော့ သယံဇာတဆိုတာ အကုန်ပါတယ်။ ကျမတို့ မေးကြတာတွေတော့ ရှိပါတယ်။
မစုမြတ်မွန် ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ အခု ဒေါ်ခင်စည်သူအနေနဲ့ ကိုယ့်ရဲ့မဲဆန္ဒနယ်မြေထဲမှာ အရေးတကြီး ပြည်သူတွေအတွက် လိုအပ်နေတဲ့ အရေးတကြီး တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဖို့လိုအပ်နေတဲ့ ကိစ္စတွေက ဘာတွေလို့ ပြောလို့ရမလဲ။ အဲဒါတွေကို ဖြေရှင်းနိုင်အောင် ဘယ်လိုလုပ်လို့ရမလဲ။
ဒေါ်ခင်စည်သူ ။ ။ အဓိက အခုအချိန်မှာတော့ ရေပါ။ ထိန်းသိမ်းစောင့်ရှောက်မှု Water resources တွေက မရှိဘူး။ စနစ်တကျ မူဝါဒ မရှိဘူး။ လက်တွေ့လုပ်တာ မရှိတော့ ရေခမ်းတယ်။ သဘာဝအရလည်း ပူနွေးတယ်။ ရေက အရမ်းခက်ခဲတယ်။ အခု ရုပ်ရှင်ထဲကြည့်ရတဲ့ Water water အော်နေတဲ့ ဇာတ်ကား ကြည့်နေရသလိုပဲ ကျမသွားရင် နွေမရောက်သေးဘူး၊ ဆောင်းရောက်ပြီ ရေပြဿနာ ပြောတယ်။ ဒါကြောင့် ကျမက အဲဒါကို Focus လုပ်ပြီးတော့ Resource source ကို သေချာ Plan လုပ်ပါဆိုပြီးတော့ ကျမတို့ Local government ဝန်ကြီးချုပ်ကိုလည်း လူထုတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တင်ပြထားသလို၊ World Bank ကိုလည်း တင်ပြထားတယ်။
မစုမြတ်မွန် ။ ။ အခုလိုမျိုး ဖြေကြားပေးတဲ့အတွက် ကျေးဇူူးတင်ပါတယ်ရှင့်။
ဒေါ်ခင်စည်သူ ။ ။ ကျေးဇူးတင်ပါတယ်။