သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုအဖွဲ့တွေရဲ့ အခန်းကဏ္ဍ


ကိုဝဏ္ဏထွန်း - Bank Information Center မြန်မာတာဝန်ခံ
ကိုဝဏ္ဏထွန်း - Bank Information Center မြန်မာတာဝန်ခံ
လူမှုအဖွဲ့တွေရဲ့ အခန်းကဏ္ဍ
please wait

No media source currently available

0:00 0:12:04 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ လာရောက်ထောက်ပံ့တဲ့ နိုင်ငံတကာဖွံဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ မှန်ကန်မှုရှိမရှိ စောင့်ကြည့်ဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ စောင့်ကြည့်အရပ်ဖက်အဖွဲ့အစည်း တခုဖြစ်တဲ့ BIC မြန်မာတာဝန်ခံ ကိုဝဏ္ဏထွန်း ကို ကိုငြိမ်းချမ်း တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အကိုက Bank Information Center မှာ အလုပ်လုပ်တယ်လို့ သိထားပါတယ်။ အဲဒီအဖွဲ့က နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ World Bank နဲ့ သူ့ရဲ့အဖွဲ့ခွဲတွေဖြစ်တဲ့ IFC, IMF တို့နဲ့ တခြားဒေသအတွင်းက ငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ ADB တို့ကို စောင့်ကြည့်တဲ့အဖွဲ့လို့ ကျနော်တို့ သိထားပါတယ်။ အဲဒီအဖွဲ့က ဘာတွေကို စောင့်ကြည့်တာလဲ။

ဖြေ ။ ။ ကျနော်တို့ Bank Information Center က ရုံးစိုက်တာကတော့ Washington DC မှာ ရုံးစိုက်တယ်။ ပြီးတော့ တကမ္ဘာလုံးမှာ အလုပ်လုပ်ကြတယ်။ အဓိကတော့ ကျနော်တို့ စလာခဲ့တုန်းကတော့ ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒတွေ၊ အကာအကွယ်ပေးတဲ့ မူဝါဒတွေဖြစ်တဲ့ Safeguard Policy ရှိတယ်။ သူတို့ စီမံချက်တွေ၊ လုပ်ငန်း အကောင်အထည်ဖော်တဲ့အခါမှာ သူတို့ Safeguard Policy တွေကို တကယ်လိုက်နာစောင့်ရွက်ခြင်း ရှိမရှိ၊ မြေပြင်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကျနော်တို့ စောင့်ကြည့်တယ်။ ဒါကတပိုင်းပါ။

နောက်တပိုင်းက သူတို့ရဲ့ မူဝါဒတွေ - တခါတလေ စီမံချက်ကတော့ Project သီးသန့်ဖြစ်တယ်။ မူဝါဒက သူတို့က နိုင်ငံတွေ ဝင်တဲ့အခါမှာ သူတို့ရဲ့ မူဝါဒတွေရှိတယ်။ သူတို့က ဘယ်လိုခေါ်သလဲဆိုတော့ CPF – Country Partnership Framework, အဲဒီမူဝါဒတွေက ကျနော်တို့ နိုင်ငံတွေအတွက် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တကယ်ပဲ အကျိုးရှိတဲ့ မူဝါဒတွေ ဟုတ်မဟုတ်ကို စောင့်ကြည့်တယ်။

နောက်ဆုံးတခုက ကျနော်တို့ ဘာကိုစောင့်ကြည့်သလဲဆိုရင် ကျနော် အခုလုပ်နေတဲ့ဟာကတော့ ကမ္ဘာ့ဘဏ်က သူတို့ရဲ့ စီမံချက်တွေထဲမှာ အကောင်အထည်ဖော်တဲ့အခါမှာ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ အဲဒါကို တစ်ရာရာခိုင်နှုန်းရအောင် လုပ်ပါမယ်ဆိုပြီး ကတိကဝတ်ပြုထားတာ ရှိတယ်။ အဲဒီဟာက တကယ်ပဲ စီမံချက်တွေ - ဖွံ့ဖြိုးရေးစီမံချက်တွေ ကျေးလက်ဒေသတွေမှာ၊ ဒါမှမဟုတ် သူတို့ရဲ့ဒေသတွေမှာ သွားရောက်အကောင်အထည်ဖော်တဲ့အခါမှာ တကယ်ပဲ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရယူခြင်းရှိမရှိ၊ အဲဒါကိုလည်း ကျနော်တို့ လိုက်ပြီးစောင့်ကြည့်တာရှိတယ်။

မေး ။ ။ အဲဒီလို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကို စောင့်ကြည့်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရလဲ။

ဖြေ ။ ။ ဒါက ဒီမိုကရေစီရဲ့ အလေ့အထတွေကို ပြည်သူပြည်သားတွေ ပိုပြီးကျင့်သုံးလာနိုင်မယ်လို့ ထင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖွံ့ဖြိုးရေးဆိုရင် ဖွံ့ဖြိုးရေးသည် အပေါ်ကနေ သူ့ရဲ့မူဘောင်ကြီးနဲ့ လာပြီးတော့ လာလုပ်ချင်တာ လုပ်တာမျိုးထက် တကယ်ပဲ Two ways နှစ်ဦးနှစ်ဘက် သူတို့က မူဝါဒနဲ့လာမယ်။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ပြီးတော့ လုပ်ခြင်းအားဖြင့် တကယ်ဖွံ့ဖြိုးရေးက တကယ်ပဲ နှစ်လမ်းသွားတဲ့စနစ် ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အသံတွေလည်း ပိုပြီးပါလာနိုင်မယ်။ ဒီ ဖွံ့ဖြိုးရေးစီမံချက်တွေကနေတဆင့် နောက်ပိုင်းငွေရေးကြေးရေး အဖွဲ့အစည်းတွေကလုပ်တဲ့ ဖွံ့ဖြိုးရေးသာမက အစိုးရကလုပ်တဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေမှာ ပြည်သူတွေက ပြောပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို တင်ပြတောင်းဆိုလာနိုင်မယ်။ နောက်ပြီးတော့ အပြန်အလှန် လာပြီးတော့ လုပ်တဲ့လူနဲ့ ဒေသခံပြည်သူကြားမှာ Dialogue အပြန်အလှန်စကားဆိုတဲ့၊ အပြန်အလှန်ညှိနှိုင်းတဲ့၊ အပြန်အလှန် တွေ့ဆုံစေ့စပ်မှု လုပ်တတ်တဲ့ ဒီမိုကရေစီ အနစ်သာရ၊ အလေ့အထလေးတခု အဲဒါလေးတွေကို ဖြစ်စေမယ်လို့ ကျနော်ယူဆပါတယ်။

မေး ။ ။ ဥပမာ ဘယ်လို လုပ်ငန်းတွေမှာ အဲဒီလိုမျိုး အပြန်အလှန် ဆွေးနွေးမှုတွေကို မျှော်လင့်တာလဲ။ ဥပမာလေး ပေးကြည့်ပါအုံး။

ဖြေ ။ ။ Monitor စောင့်ကြည့်နေတဲ့ စီမံချက်တခုကတော့ လူထုဗဟိုပြုဖွံ့ဖြိုးရေး ရှိတယ်။ နောက်တခုက ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံခန့်ခွဲမှု စီမံကိန်းဆိုတာလည်း ရှိတယ်။ အဲဒီမှာ ပုံမှန်အားဖြင့်တော့ ကျနော်တို့ ဘာလုပ်လဲဆိုတော့ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ ရှင်းလင်းပွဲတွေ လုပ်တယ်။ အဲဒီ ရှင်းလင်းပွဲတွေမှာ ပုံမှန်အားဖြင့် ဒေသခံတွေက သူတို့နဲ့လည်း မတွေ့ဖူးဘူး။ တခါမှလဲ အာဏာပိုင်ကိုဖြစ်ဖြစ် ဒါမှမဟုတ် ဖွံ့ဖြိုးရေးလာလုပ်တဲ့ အဖွဲ့အစည်းကိုဖြစ်ဖြစ် အပြန်အလှန် စကားပြောတာတို့၊ မေးခွန်းတွေ မေးတာ၊ Complain တက်တာတို့ မရှိခဲ့ဘူး။ အဲဒါမျိုးတွေကို ကျနော်တို့က ဘေးကနေ တကယ်ပဲ ပြည်သူတွေက သူတို့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲတွေမှာဖြစ်ဖြစ် ကျနော်တို့က ပြည်သူတွေ စကားပြောလာနိုင်အောင်ဆိုပြီးတော့ အသိပညာပေးတွေ ရှိတယ်။

အဲဒီစီမံချက်တွေမှာ လောလောဆယ် ကျနော်က ဒေသအတွင်းမှာရှိတဲ့ အရပ်ဘက်၊ အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ပြီးတော့မှ ကျနော်တို့ သူတို့ကို ဘယ်လိုတွေ ပြောသင့်တယ်။ ဘယ်လို မေးခွန်းမျိုး မေ့သင့်တယ်ဆိုတာမျိုးကို ကျနော်က ကြားထဲကနေ Facilitate လုပ်ပေးပါတယ်။

မေး ။ ။ အဲဒီလိုမျိုး သူတို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ကမ္ဘာ့ဘဏ်က သူတို့လိုက်နာရမယ့် မူဘောင်တွေ ရှိတယ်။ အဲဒီဟာတွေကို လိုက်နာဖို့ မရှိတဲ့အခါကြရင် ဘာတွေလုပ်ဆောင်လို့ ရသလဲ။

ဖြေ ။ ။ အဲဒီဟာကတော့ နည်းနည်းတော့ ပြောရခက်တယ်။ ခက်တယ်ဆိုတာက ကျနော်တို့က ကမ္ဘာ့ဘဏ်နဲ့ IFC နဲ့တောင် မတူဘူး။ ကမ္ဘာ့ဘဏ်ကတော့ အစိုးရနဲ့ပဲ လုပ်တယ်။ အစိုးရနဲ့ လုပ်တဲ့အခါမှာ သူတို့လုပ်လိုက်တဲ့ စီမံချက်တခုသည် ဒေသခံတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်သွားတယ်။ သူတို့ရဲ့ မူဝါဒတွေကို ဆန့်ကျင်ပြီးတော့ အကောင်အထည်ဖော်တယ်။ အဲဒီလို ဖော်တဲ့အတွက် ဒေသခံတွေမှာ မလိုလားတဲ့ ဆိုးကျိုးတွေဖြစ်တယ်ဆိုရင် ဒေသခံတွေက သူတို့ရဲ့ မကျေနပ်ချက်ကို တင်ပြလို့ရတယ်။ အဲဒီအဖွဲ့အစည်းက Inspection Panel စုံစမ်းစစ်ဆေးရေးအဖွဲ့ IP ကို တင်လို့ရတယ်။

ဒါပေမဲ့ IFC ကြတော့ ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒဆိုတာထက် သူ့မှာ IFC က ပုဂ္ဂလိကဏ္ဍနဲ့ အလုပ်တွဲလုပ်တယ်။ သူတို့ ငွေကြေးချထားပေးလိုက်တဲ့အတွက် စီမံချက်တွေကြောင့် ဒေသခံတွေမှာ မလိုလားတဲ့ ဆိုးကျိုးဖြစ်တယ်ဆိုပြီး CAO အဖွဲ့ကို တိုင်ရတယ်။ Compliance Advisory Ombudsman ပေါ့။ တိုင်တဲ့အခါမှာ မေးခွန်းက ကိုယ်က မကျေနပ်ချက်ကို ဘယ်လိုပဲတင်တင်၊ အဲဒီအဖွဲ့အစည်းတွေက ဥပမာ ကမ္ဘာ့ဘဏ်ရဲ့ စီမံချက်ကို စောင့်ကြည့်တဲ့ IP အဖွဲ့သည် အရေးယူပိုင်ခွင့် မရှိဘူး။ ဆိုတော့ သူတို့က ကြားထဲကနေ ပြဿနာဖြစ်ပွားတဲ့ ကမ္ဘာ့ဘဏ် စီမံချက်ကြီးနဲ့ ဒေသခံတွေကြားထဲမှာ သူက ဝင်ပြီးတော့ စေ့စပ်ညှိနှိုင်းတဲ့ အလုပ်ကိုပဲ လုပ်ပေးနိုင်တာ။ အဲဒီလိုပဲ CAO လည်း ဒီလိုပဲ။ ပြောချင်တာက ဒီ စီမံချက်ကို ရုတ်လိုက်လို့၊ မင်းက ဒီဟာလုပ်တာမှားတယ်၊ မင်းကို အရေးယူတာမျိုး လုပ်မယ်လို့ လုပ်လို့မရဘူး။ အဲဒီအတွက် ဒါဆိုရင် တကယ့်ပြည်သူက မကျေနပ်ဘူးဆိုရင် အဓိက ဆုံးဖြတ်ပေးရတဲ့ နောက်ဆုံး ဒီစီမံချက်ကို ဆက်လုပ်သင့်တယ်။ မလုပ်သင့်ဘူးဆိုတာ ကိုယ့်ရဲ့ဒေသ၊ ကိုယ့်အစိုးရပဲ မူတည်တာပေါ့။

မေး ။ ။ အဲဒီလိုမျိုး ဆုံးဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာက အစိုးရမှာရှိတယ်။ နောက် ပြည်သူလူထုမှာ ရှိတယ်ပေါ့။ အဲဒါတွေက ဗမာပြည်မှာ ဖြစ်ခဲ့တာတွေ ရှိပြီလား။ ဘယ်လောက်ထိရောက်မှု့ ရှိသလဲ။

ဖြေ ။ ။ အခုလောလောဆယ်တော့ ကမ္ဘာ့ဘဏ်နဲ့ အစိုးရ လက်တွဲလုပ်ဆောင်တဲ့ စီမံချက်တွေမှာတော့ ပြဿနာ ကြီးကြီးမားမား မရှိသေးဘူး။ ဒါပေမဲ့ IFC ကနေ ပုဂ္ဂလိစီးပွားရေး လုပ်ငန်းကို ငွေကြေးချထားပေးလိုက်တဲ့အခါမှာ အဲဒီစီးပွားရေးလုပ်ငန်းရှင်က ဒေသမှာ စီးပွားရေး သွားလုပ်တဲ့အခါမှာ ပြဿနာလေးတွေ တက်နေတာမျိုးတွေ ရှိတယ်။ ဥပမာအားဖြင့် ဝါးနက်ချောင်းရွာ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းမှာဆိုရင် အခု ပြဿနာတက်နေတဲ့ စီမံချက်လေးတခု ရှိတယ်။ အဲဒီစီမံချက်ကတော့ ဒေသခံလည်း မကျေနပ်ဘူး။ ဒါပေမဲ့ ကြားထဲက ကုမ္ပဏီကလည်း သူတို့အပြောအရ သူတို့ ဖြေရှင်းနိုင်သလောက် ဖြေရှင်းနေတယ်ပေါ့။ ဒေသခံ မကျေနပ်တဲ့အခါမှာ အခု CAO ကို တိုင်ထားတာရှိတယ်။ ဆိုတော့ CAO ရဲ့ သဘောကလည်း စီမံချက်တခုကို ဝင်ပြီးစောင့်ကြည့်တဲ့အခါမှာ နှစ်လသုံးလနဲ့ ပြီးတာမျိုး မဟုတ်တော့ သူက ဒီဖြစ်စဉ်ကြီးတခုလုံးကို စုံစမ်းတာတွေ၊ စာအသွားအပြန်တွေ၊ ညှိတာနှိုင်းတာတွေ လုပ်တာက အနည်းဆုံး (၂) နှစ် (၃) နှစ်လောက်ကြာတယ်။ ဆိုတော့ ရလဒ်အဖြေကတော့ မထွက်လာသေးဘူး။ ဒါပေမဲ့ CAO က အခု မြန်မာပြည်ကို လာမယ်၊ လာပြီးပြီလားမသိဘူး။ လာပြီးတော့ ဒီစီမံချက်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို သူတို့က ဝင်ပြီးတော့ စုံစမ်းစစ်ဆေးတာတွေ၊ မေးမြန်းတာတွေကို လုပ်မယ်လို့ သိရှိထားတယ်။

မေး ။ ။ အဲဒီလိုမျိုး ဒေသခံတွေက မကျေနပ်ချက်တွေ ရှိလာတယ်။ အဲဒီလို အခြေအနေမှာ ပူးတွဲလုပ်ဆောင်တဲ့ မြန်မာလုပ်ငန်းရှင်တွေက IFC ဆီက ငွေယူထားပြီးတော့ သူတို့ ရင်းနှီးမြှုပ်နံှမှုတွေလုပ်တယ်။ အဲဒီ မြန်မာလုပ်ငန်းရှင်တွေဘက်ကရော တာဝန်ယူမှု၊ တာဝန်ခံမှုက ဘယ်လိုမျိုးရှိလဲ။ အကိုတို့ဘက်က ဝင်ပြီးတော့ ထိန်းပြီးတော့ စောင့်ကြည့်တာမျိုးရှိလား။

ဖြေ ။ ။ တခါတလေကြတော့လဲ စီးပွားရေးလုပ်ငန်းနဲ့ အရပ်ဘက်အဖွဲ့အစည်း သူတို့တွေကြားထဲမှာ အမြင်မတူတာလေးတွေ ရှိတယ်။ တယောက်နဲ့တယောက် ရန်သူလိုမြင်တာ။ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေက မင်းတို့လုပ်လို့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးတယ်။ ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုတဲ့ ရန်သူအမြင်ရှိတယ်။ အဲဒီလိုပဲ စီးပွားရေးလုပ်ငန်းရှင်ဘက်ကလည်း ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းကို မြင်တာကြတော့ မင်းတို့က ပြဿနာပေါ့။ ပြဿနာပဲ လိုက်ရှာနေတယ်။ သူတို့ဘာသာ ဖြစ်သွားနေတဲ့အရာကို မင်းတို့ ဝင်လာတဲ့အခါကြမှ ပြဿနာတွေ တက်တယ်ပေါ့။ ပြောချင်တာက မြန်မာပြည်မှာက ကျနော့်အယူအဆ မှားရင်လဲ မှားနိုင်တယ် မြန်မာပြည်မှာက စီးပွားရေးလုပ်ငန်းရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းလို့ ပြောရင် တကယ့် Mutual Dialogue နှစ်ဦးနှစ်ဘက် နားလည်မှုရှိရှိနဲ့ ညှိနှိုင်းကြတယ်။ စီမံချက်တွေ မလုပ်ခင်ကတည်းက ဆွေးနွေးကြတာတွေ မရှိဘူး။ မရှိဘဲနဲ့ ပြဿနာတွေ ပေါ်လာမှ တယောက်နဲ့တယောက် အမြင်မကြည်တာတွေကို မြေပြင်မှာ သွားပြီးတော့ ထိပ်တိုက်ရင်ဆိုင်ကြတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက်တော့ ပြောပါတယ်။ ကျနော်လည်း ယုံကြည်တယ် - မြန်မာပြည်မှာ လိုအပ်နေတာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လိုအပ်တယ်။ GDP တခု တိုးရုံမဟုတ်ဘဲနဲ့ တကယ်ပဲ ဒေသခံတွေပါ အကျိုးစီးပွားဖြစ်ထွန်းတဲ့ စီးပွားရေးဖွံ့ဖြိုးမှု လိုအပ်တယ်။ လိုအပ်တဲ့အခါမှာ ဒီဒေသအတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်ဆိုတာကို ကျနော် သဘောပေါက်တယ်။ ဆိုတော့ ကျနော်လည်း တတ်နိုင်သလောက်တော့ ဝင်ပြီးတော့ ပြောကြည့်တယ်။ အခုနပြောတဲ့ ဝါးနက်ချောင်းကိစ္စမှာဆိုရင်လဲ စီးပွားရေးလုပ်ငန်းရှင်နဲ့ ညှိနှိုင်းတာတွေ ကျနော်တို့ လုပ်ပါတယ်။ လုပ်ပြီးတော့ ဒီလိုဒီလိုတော့ ဖြစ်နေတယ်၊ ဒီလောက်လေးတော့ ဖြေရှင်းပေးပါလားဆိုပြီး တတ်နိုင်သလောက်တော့ စကားပြောတာတွေ၊ အချင်းချင်း အမြင်ဖလှယ်တာတွေ ကျနော် ဝင်လုပ်ပေးတာတွေ ရှိပါတယ်။

တဘက်ကလဲ ဒီဒေသခံတွေက ပုံမှန်အားဖြင့် ဘယ်လိုအဆင့်တွေနဲ့ သွားရမလဲ မသိဘူး။ မသိတဲ့အခါကြတော့ ကျနော်တို့က ဒေသခံတွေမှာ လိုအပ်နေတဲ့ စွမ်းဆောင်ရည် မြှင့်တင်တယ်။ အနည်းဆုံးတော့ စီမံချက်တခုမှာ လိုက်နာရမယ့် အနိမ့်ဆုံးစံထားတွေ။ အဲဒီ စံတွေက ဘာတွေရှိလဲ။ ဒီစံတွေမှ မပြည့်လို့ရှိရင်တော့ ဒေသခံတွေရဲ့ အခွင့်အရေးက ဘာတွေရှိတယ်။ အဲဒီအခွင့်အရေးတွေကို ဘယ်လိုတွေ တောင်းဆိုလို့ ရနိုင်သလဲဆိုတာကို ကျနော်တို့ နှစ်ဦးနှစ်ဘက် လုပ်ပေးနေတာတွေ ရှိပါတယ်။

မေး ။ ။ အစိုးရ အဲဒီအတွက် ဘာတွေပြင်ဆင်ထားသင့်သလဲ။

ဖြေ ။ ။ အစိုးရကလည်း သိရမှာပေါ့။ သိရမှာပေါ့ဆိုတာက ကမ္ဘာ့ဘဏ်နဲ့ လုပ်တဲ့အခါမျိုးမှာ ကမ္ဘာ့ဘဏ်မှာ ဒီမူဝါဒတွေ ရှိတယ်ဆိုတာကို သူတို့ သိထားတယ်။ အဲဒီလို သိထားပြီးမှ အစိုးရက ငွေကို လက်ခံရမယ်။ လက်ခံပြီးတဲ့သဘောကလည်း သူသည် လိုက်နာပါ့မယ်လို့ ကတိကဝတ် ပြုပြီးသား။ ဆိုတော့ အဲဒါကို မသိဘဲနဲ့ အရင်လိုမျိုးပဲ ငါတို့ဘာသာ ငါတို့လုပ်မယ်။ မင်းတို့ဒေသခံတွေ ငါတို့လာလုပ်တာ လုပ်ဆိုတာမျိုးကတော့ အဆင်မပြေဘူးပေါ့။ အဲဒီအခါမျိုးမှာ မလိုလားအပ်တဲ့ ဒေသခံတွေနဲ့ အစိုးရဌာနဆိုင်ရာကြားထဲမှာ ပွတ်တိုက်မှု ဖြစ်တာပေါ့။ ဆိုတော့ ကမ္ဘာ့ဘဏ်ကလည်း သူ့ရဲ့ အလေ့အထက ဘယ်လိုမျိုးလဲဆိုရင် ကျနော် အခုလုပ်ခဲ့တဲ့ အတွေ့အကြုံအရ ပြဿနာတခုခု ဖြစ်ခဲ့ပြီဆိုရင် ဒေသခံနဲ့ ဒီစီမံချက်ကြားမှာ ပြဿနာတခုခု ဖြစ်ခဲ့ပြီဆိုရင် သူက ဘယ်လိုပြောသလဲဆိုရင် မင်းအစိုးရကို သွားပြော။ အကောင်အထည်ဖော်တာ ငါတို့ မဟုတ်ဘူး။ ငါတို့က ငွေ ပဲ ပေးလိုက်တာပေါ့။ မင်းအစိုးရ ကိုပဲ သွားပြောလို့ သူက အမြဲတမ်းပြောတယ်။ အဲ့ဒီတော့ အစိုးရ က အဲဒီဟာတွေကို တကယ်သိသင့်တာပေါ့။

မေး ။ ။ အစိုးရမှာကော အရေးယူနိုင်တဲ့ ဥပဒေလေးတွေ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီလား။ တကယ်လို့ ဆိုးကျိုးရှိတယ် ဆိုရင်။

ဖြေ ။ ။ အခုနပြောတဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နံှမှုမှာဆိုရင် လောလောဆယ် အစိုးရက ဒီစီမံချက်ကို ခဏရပ်ထားအုံး၊ ဒေသခံနဲ့ အရင်ပြေလည်အောင်ညှိ၊ ပြီးတော့မှ စီမံချက်ကို ဆက်သွားဆိုတဲ့ဟာမျိုးကို ကျနော်တို့ ကြားရတယ်။

ဒါပေမဲ့ အစိုးရဌာနဆိုင်ရာတွေနဲ့ တွဲလုပ်တဲ့အလုပ် ကမ္ဘာ့ဘဏ်ကရတဲ့ ငွေနဲ့ ချေးလိုက်တဲ့ငွေနဲ့ ဌာနဆိုင်ရာတွေနဲ့ တွဲလုပ်တဲ့ အလုပ်မှာကြတော့ ဌာနဆိုင်ရာ လုပ်တဲ့အတွက် အမှားဖြစ်သွားတာကို ဘာဥပဒေနဲ့ အရေးယူမှာလဲဆိုတာမျိုးတော့ နည်းနည်းစဉ်းစားစရာ ဖြစ်တာပေါ့။

မေး ။ ။ ကျေးဇူးတင်ပါတယ်။

လူမှုအဖွဲ့တွေရဲ့ အခန်းကဏ္ဍ
please wait

No media source currently available

0:00 0:14:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG