သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာသန်း ၁၂၀၀ မြန်မာကို ကမ္ဘာ့ဘဏ် ပေးမည်


World Bank ကမ္ဘာ့ဘဏ်
World Bank ကမ္ဘာ့ဘဏ်

ရှေ့လာမယ့် ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် ကမ္ဘာ့ဘဏ် အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း တထောင့်နှစ်ရာ ဘဏ္ဍာရေးအကူအညီ ပေးသွားမယ့်အပြင် နည်းပညာအကူအညီနဲ့ လိုအပ်တဲ့အကြံဉာဏ် တွေလည်း ပေးသွားမယ့်အကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတွင်း လက်ရှိဆောင်ရွက်နေတဲ့ ကျေးလက် ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့လုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်နိုင်ဖို့နဲ့၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် လုပ်ငန်းတွေကို မြန်မာအစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ တိုးမြင့်လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က ချမှတ်ခဲ့တဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ လက်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေကို ပြန်လည် သုံးသပ်ခဲ့ပြီးတဲ့နောက် အခုလို ကမ္ဘာ့ဘဏ်ရဲ့အကူအညီနဲ့ နောက်ထပ် ၂ နှစ်တာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်သွားဖို့ မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ သဘောတူခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ကစလို့ မြန်မာအစိုးရ အနေနဲ့ လူထုဗဟိုပြု စီမံကိန်းတွေ ဖော်ဆောင်ပြီး စာသင်ကျောင်းတွေနဲ့ လမ်းတံတားတည်ဆောက်တာတွေလို့ အခြေခံအဆောက် အအုံတွေ ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်တာ တွေ့ရတဲ့အတွက်လည်း အခုလို နောက်ထပ် ၂ နှစ် သက်တမ်းတိုး ကူညီမှာဖြစ်တဲ့အကြောင်း ဇွန်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအပါအဝင် ကမ္ဘတလွှားက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုရဲ့ အသီးအပွင့်တွေကို ပြည်သူအားလုံး မျှဝေခံစားနိုင်ရေးအတွက် ဖွံ့ဖြိုးရေး အကူအညီတွေပေးနေတဲ့ ကမ္ဘာ့ဘဏ် အုပ်စုကိုတော့ အဖွဲ့ငါးဖွဲ့နဲ့ ဖွဲ့စည်းထားတာပါ။ အစိုးရတွေအတွက် ဘဏ္ဍာရေးနဲ့ နည်းပညာအကူအညီ တွေ ပေးနေတဲ့ IBRD နဲ့ IDA အဖွဲ့၊ ပုဂ္ဂလိကကဏ္ဍအတွက် အကူအညီပေးတဲ့ IFC နဲ့ MIGA အဖွဲ့အပြင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ICSID အဖွဲ့တွေပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG