သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက်ချေးငွေ ဒေါ်လာသန်း ၂၀၀ ကမ္ဘာ့ဘဏ်ဆိုင်းငံ့


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည် ၅ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တိုးမြင့်လာနေချိန်မှာဘဲ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံကို အတိုးမဲ့ ချေးမယ့် ဒေါ်လာ သန်း ၂၀၀ ကို ဆိုင်းငံ့ထားလိုက်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဖိနှိပ် ချုပ်ခြယ်မှု၊ လူမှုလုပ်ငန်းဆိုင်ရာတွေမှာ အားလုံး ပါဝင်နိုင်ရေးနဲ့ စီးပွားရေး အခွင့်အလန်း ရရှိနိုင်ရေး စတဲ့ အခြေခံ အချက်တွေကို ဦးစားပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ သူတို့အခေါ် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ အဓမ္မ နေရပ် ရွေ့ပြောင်းမှုတွေ ပြုလုပ်နေတဲ့အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ထိရောက်စွာ အကျိုးရှိစေမယ့် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက် လမ်းပန်းဆက်သွယ်ရေး၊ တိုင်းရင်းသား လူမျိုးစုအားလုံး၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ ဘာသာရေးုလုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်ခွင့်ရှိရေး စတဲ့ စီမံကိန်းတွေကို ဦးစားရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံကို အတိုးမဲ့ ချေးပေးဖို့အတွက် မကြာသေးခင်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ထုတ်ပေးမယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရအနေနဲ့ တင်းမာမှုတွေ လျော့ကျရေးအတွက် လိုအပ်ချက်တွေကို အရေးတကြီး လုပ်ဆောင်ဖို့၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်း ရွေ့ပြောင်း အခြေချ နေထိုင်ရသူတွေ နေရပ် ပြန်နိုင်ရေးအပါအဝင် အားလုံးအတွက် စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိရေး ပံ့ပိုး ဆောင်ရွက်ပေးဖို့အတွက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီရေးအတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အောက်တိုဘာလ ၁၁ ရက်နေ့မှာ မေတ္တရပ်ခံခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်အနေနဲ့ ဒုက္ခသည်တွေကို လက်ခံပြီး ပံ့ပိုးပေးနေတဲ့ အစိုးရနဲ့ လူမှုအသိုင်းဝိုင်းတို့ကို အကူအညီပေးဖို့ အဆင်သင့် ရှိကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG