ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုနဲ့ လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား မကြာခဏဆိုသလို မပြေမလည် ဖြစ်ကြတာဟာ ဘာသာစကား အခက်အခဲ နဲ့ အချို့စကားပြန်တွေ ကျွမ်းကျင်မှုအားနည်းတာတွေကြောင့် နားလည်မှု လွဲမှားကြတာဖြစ်ဖို့ များတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ က သုံးသပ်ပြောဆိုပါတယ်။ နိုင်ငံတော်အစိုးရက သတ်မှတ်လိုက်တဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကိုလည်း ဒေသအလိုက်၊ လုပ်ငန်းသဘာဝအလိုက် သတ်မှတ်ပေးနိုင်ရင် ပိုအဆင်ပြေနိုင်မယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ မေဘယ်လ် အထည်ချုပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဒေါက်တာအောင်ဝင်း က ပြောဆိုပါတယ်။ VOA အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဒေါက်တာအောင်ဝင်း ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ အခုလို အလုပ်မအားလပ်တဲ့ကြားကနေ ကျမတို့ VOA အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ဦးအောင်ဝင်း ။ ။ မင်္ဂလာပါ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကို တင်ပို့နေတဲ့ အထည်ချုပ်လုပ်ငန်းပေါင်း ဘယ်လောက်များ ရှိပါသလဲရှင့်။
ဦးအောင်ဝင်း ။ ။ အခုအချိန်မှာ အထည်ချုပ် MGMA အသင်းဝင် (၄၈၀) ကျော် ရှိပါပြီ။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ လေးရာကျော်ထဲမှ ပြည်ပကို တင်ပို့တဲ့ အထည်ချုပ်လုပ်ငန်းပေါင်း ဘယ်လောက်လောက် ရှိပါလဲ။
ဦးအောင်ဝင်း ။ ။ (၄၈၀) ထဲမှာ အားလုံးပေါင်း Export လုပ်တဲ့ စက်ရုံတွေကြတော့ (၃၅၀) နဲ့ (၃၅၀) အထက်မှာ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုတလော ကြားနေရတာက အလုပ်ရှင်-အလုပ်သမား ပြဿနာတွေနဲ့ ပတ်သက်ပြီး တရုတ်ပိုင်ကုမ္ပဏီတခုက လှိုင်သာယာဘက်မှာဆိုရင် အလုပ်သမား နဲ့ အလုပ်ရှင် ပြဿနာတွေ တက်နေတာ ကြားပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌတယောက်အနေနဲ့ ဘယ်လိုများ သုံးသပ်လို့ ရပါလဲရှင့်။
ဦးအောင်ဝင်း ။ ။ ဒီလို အလုပ်ရှင် နဲ့ အလုပ်သမားတွေ ပဋိပက္ခ ဖြစ်ကြတာ အထူးသဖြင့် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နံှမှုစက်ရုံတွေမှာပဲ ဖြစ်တာ များပါတယ်။ အဓိကတော့ ဘာသာစကား နားလည်မှု လွဲမှားကြတာ။ စကားပြန်က ကြားခံပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ညှိနှိုင်းပေးရမယ့်နေရာမှာ စကားပြန်တွေက ထမင်းစား၊ ရေသောက်လောက်ပဲ တတ်ပြီးတော့၊ ဥပဒေပိုင်းနဲ့ ပတ်သက်တဲ့ဟာတွေကို ကောင်းမွန်နားမလည်ဘဲရှိရင် ဘာသာပြန်တဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ အဲဒီတော့ စကားပြန်က ကျွမ်းကျင်ဖို့လိုတယ်။ ဘာသာစကားမှာ ကျွမ်းကျင်ဖို့လိုတယ်။ အလုပ်သမား ပြောတဲ့ဟာတွေလည်း အမှန်အတိုင်း အလုပ်ရှင်ကို တင်ပြရမယ်။ မထိန်ချန်ထားရဘူး။ လုံးစေ့ပတ်စေ့။ ထိုနည်းအတူ အလုပ်ရှင်ပြောတဲ့စကားကိုလည်း လုံးစေ့ပတ်စေ့ အလုပ်သမားတွေဆီကိုရောက်အောင် Message ပေးဖို့လိုတယ်။ ကြားမှာ သူက တခုခုကြောင့် မကျွမ်းကျင်လို့ဆိုရင် အဲဒီမှာ အများကြီး လွဲမှားမှုတွေ ဖြစ်နိုင်တာပေါ့။ အဓိက ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ သူတို့ကတော့ နိုင်ငံခြားသားတွေ လည်ပတ်နေတဲ့ စက်ရုံဖြစ်တဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးပေါ့။
ဦးအောင်ဝင်း ။ ။ ကျနော်တို့ အသင်းကို အကြောင်းကြားပြီး အကူအညီတောင်းရင်တော့ ကျနော်တို့သွားပြီးတော့ ဝင်ဖြေရှင်းပါတယ်။ နောက်ပိုင်းမှာတော့ ခေါ်တာပြုတာ သိပ်တော့မတွေ့ပါဘူး။ အရင်တုန်းကတော့ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရုံတွေမှာ ဆန္ဒပြတယ်ပြုတယ်ဖြစ်ရင် အလုပ်အမှုဆောင်တယောက်အနေနဲ့ ခေါ်တဲ့အတွက် လေးငါးခါလောက် လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီလိုဟာတွေ မရှိတော့ဘူး။ မြို့နယ်တွေမှာ လုံခြုံရေးကော်မတီဆိုပြီး ဖွဲ့ထားတာတွေရှိတယ်။ … ပဋိပက္ခ အတွက် ခုံသမာဓိအဖွဲ့တွေ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အလုပ်သမား-အလုပ်ရှင် ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍက သူတို့က ထဲထဲဝင်ဝင် ကူညီပေးတာတွေ ရှိပါလားရှင့်။
ဦးအောင်ဝင်း ။ ။ တကယ်တမ်းကြတော့ ဒီလိုမျိုး .. အလုပ်သမားဆိုတာက ဥပဒေနဲ့အညီ တိတိကျကျလုပ်ဖို့ လိုတယ်။ ထိုနည်းတူပဲ အလုပ်သမားဘက်ကလဲ ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီးတော့ ပိုပြီးပြင်းထန်လာတယ်ဆိုရင် Criminal ရာဇဝတ်မှု ဖြစ်သွားပြီ ဆိုလိုရှိရင် သက်ဆိုင်ရာ အာဏာရှိ အဖွဲ့အစည်းတွေကလည်း ဒီအချိန်မှာ ထိန်းဖို့လိုတယ်။ ထိန်းတဲ့အခါ ရာဇဝတ်မှုကြောင့် အရေးယူမယ်၊ ပြုမယ်ဆိုရင် ဒါမျိုးတွေက နည်းသွားမယ်။ ရဲစခန်းသွားတိုင်းလို့ရှိရင် တော်တော်များများက မလာကြဘူး။ ကြားနေရတာ လာပြီးတော့ မရှင်းပေးနိုင်ဘူး။ ဒီဘက်က အလုပ်သမားက ရာနဲ့ချီပြီးတော့ အင်အားနဲ့ပြတော့ ကျနော်တို့လည်း အသက်ထွက်မလား မပြောတတ်ဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ အခုနောက်ဆုံး နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ အနည်းဆုံး လုပ်ခလစာ အခကြေးငွေနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးသိရတာကို ရှင်းပြပါအုံးရှင့်။
ဦးအောင်ဝင်း ။ ။ အခု Myanmar Wage ဥပဒေကြီးက (၂)နှစ်တခါ ရွေးချယ်ရမယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်မှာတောင်ကတော့ ပြည်နယ်နဲ့တိုင်းအလိုက်ကို Survey ဆင်းတယ်။ Survey ဆင်း ထွက်လာတဲ့ Data အချက်အလက်တွေအရ ဆွေးနွေးကြတယ်။ ဒီနှစ်လဲ ပြည်နယ်တိုင်းအလိုက် အနှိမ့်ဆုံးကို ဘယ်လောက် သတ်မှတ်နိုင်မလဲ ကောင်းမလဲဆိုတာကို အောက်ခြေအထိကို ကွင်းဆင်းပြီးတော့ Data ကို အမှန်အတိုင်းရဖို့ လိုတာပေါ့။ ပြီးခဲ့တဲ့ (၂) နှစ် တုန်းက ကျနော်တို့ ကောက်ခဲ့တဲ့ Data မှာ တချို့ပြည်နယ်တိုင်းတွေက အနိမ့်ဆုံးကို ရှစ်ထောင်၊ ငါးထောင် ပေးနိုင်တယ်ဆိုပြီးတော့ တက်လာတယ်။ တကယ်တမ်းကြတော့ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ရန်ကုန်မှာတောင် သုံးထောင်ခြောက်ရာ ပေးဖို့ဆိုတာ အဲဒီအချိန်တုန်းက တော်တော်အခက်အခဲ ရှိပါတယ်။ ဆိုတော့ ကျနော်တို့က ဝန်ထမ်းအသစ်တွေ ဆက်ပြီးမခန့်တော့ဘူး။ ရှိတဲ့အလုပ်သမားကို ကျွမ်းကျင်အောင် Productivity ရအောင်ပဲ စည်းရုံးပြီး လုပ်ခဲ့ရတာတွေ ရှိပါတယ်။ ဆိုတော့ ကျနော်ထင်တယ် အခုအချိန်မှာ ထုတ်လု်ပတဲ့ Myanmar Wage ဥပဒေက တနိုင်ငံလုံး အတိုင်းအတာကို လွှမ်းမိုးဖို့ လိုပါတယ်။ ဒါမှ ပြည်နယ်တိုင်းအလိုက် မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ အနိမ့်ဆုံးလစာကို ရနိုင်အောင်ပါ။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ လုပ်ငန်းအလိုက်၊ ကဏ္ဍအလိုက် ဥပမာ သတ္တုတွင်းတွေက သတ္တုတွင်းအလိုက်၊ အထည်ချုပ်လုပ်ငန်းဆိုရင် အထည်ချုပ်လုပ်ငန်းအလိုက်၊ တခြားစက်မှုထုတ်ကုန်ဆိုရင်လည်း စက်မှုထုတ်ကုန်အလိုက် သီးခြားအခကြေးငွေ အနည်းဆုံး ခွဲခြားသတ်မှတ်လို့ရှိရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့။
ဦးအောင်ဝင်း ။ ။ ကျနော်တို့က အဲဒီလို ဖြစ်စေချင်တယ်။ လုပ်ငန်းအလိုက်၊ ဒေသအလိုက်ကို သတ်မှတ်လို့ရှိရင် နယ်တွေမှာဆိုရင် နေအိမ်ခြံစရိတ်က အများကြီး သက်သာပါတယ်။ ရန်ကုန်မှာဆိုရင် အိမ်ငှားခ တစ်လ သုံးလေးသောင်း ပေးနေရတယ်။ ဒါတောင်မှ သစ်သားအိမ်တို့၊ ဓနိမိုးတို့နဲ့ပဲ ဖြစ်တယ်။ စားသောက်စရိတ်၊ ကုန်ဈေးနှုန်းကလည်း ကြီးတယ်။ ပြီးတော့ နေ့တိုင်းနေ့တိုင်း နယ်ကနေ အလုပ်လက်မဲ့တွေ မရှိလို့ဆိုပြီး ရန်ကုန်ကို နေ့တိုင်းလာနေတယ်။ Mirgrate က နေ့တိုင်းလုပ်နေတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်လို့ Export-Import ပြည်ပက ကုန်ကြမ်းတွေ ဝင်လာတယ်။ ကုန်ကြမ်းတွေ ပြန်ပို့တယ် - ဒီ Export-Import နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကော ရှိပါသေးလားရှင့်။
ဦးအောင်ဝင်း ။ ။ လောလောဆယ်တော့ ပြဿနာ ထွေထွေထူးထူး မရှိပါဘူး။ ကျနော်တို့က Online ကနေ လိုင်စင်ချပေးတဲ့ စနစ်ကိုလည်း စတင်နေပါပြီ။ MASS System နဲ့ ဂျပန်အစိုးရ အထောက်အပံ့နဲ့ Custom နဲ့ လုပ်နေတယ်။ MASS system ကို အသုံးပြုပြီးတော့ Online ကနေ ထွက်လို့ရပါတယ်။ အခုဆိုရင် စက်ရုံပေါင်း (၂၀) ကျော်လောက်က ဒါကို စမ်းသပ်နေပါပြီ။
ဒေါ်ခင်စိုးဝင်း ။ ။ ကုန်သွယ်စီးပွား ဝန်ကြီးဌာနနဲ့ ပတ်သက်တာပေါ့။
ဦးအောင်ဝင်း ။ ။ ကုန်သွယ်စီးပွား နဲ့ အကောက်ခွန်တို့ Link လုပ်ထားပါတယ်။ Online ကနေ လုပ်နိုင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ Online ကနေ နည်းပညာတွေ တိုးတက်လာတယ်ပေါ့။ ဘာပဲပြောပြော စာရွက်၊ စာတမ်းတွေ သွားပြီး မတင်ရတော့ဘူး။ အချိန်ကုန် သက်သာတာပေါ့။ ငွေသွင်းတာတွေ ဘာတွေကော။
ဦးအောင်ဝင်း ။ ။ ငွေသွင်းတာကိုတော့ ဘဏ်အကောင့်တွေ Transfer လုပ်နိုင်တယ်။ သွားပြီး သွင်းစရာ မလိုတော့ဘူး။ အခုက ကုမ္ပဏီအကောင့် ဖွင့်ထားပြီး သူတို့နဲ့ ချိတ်ထားပြီးရင် အကောင့်ကနေ လွှဲလိုက်ရင် ငွေထွက်သွားတာပေါ့။ CB Bank နဲ့ ချိတ်ထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါနဲ့ အမေရိကန်ပြည်ထောင်စုကနေ စီးပွားရေး ပတ်သက်ပြီးတော့ တားဆီးပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်ပါပြီ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အထည်ချုပ်လုပ်ငန်းတွေအားလုံး ခြုံပြီးတော့ အကျိုးသက်ရောက်မှု ရှိပါလားရှင့်။
ဦးအောင်ဝင်း ။ ။ အမေရိကန်က Sanction ရုတ်သိမ်းလိုက်တာကို ကျနော်တို့အနေနဲ့ အမေရိကကို လွတ်လွတ်လပ်လပ် ကြိုက်သလောက် ပို့လို့ရပါပြီ။ ဒါပေမဲ့လဲ ကျနော်တို့ရဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ အကုန်လုံးလိုလိုက CNB စနစ်နဲ့ လုပ်တာပါ။ FOB စနစ် အထည်ချုပ်ရောင်းတဲ့အဆင့်ကို မရောက်နိုင်သေးပါဘူး။ မရောက်နိုင်သေးတဲ့အခါကြတော့ အမေရိက GSP အထူးအခွင့်အရေးကို မပေးတဲ့အတွက်ကြောင့် ဒီမှာလာပြီးတော့ အမေရိကန် Order အပ်တာလည်း ထင်သလောက် မများပါဘူး။ ဆိုတော့ - Order တွေပဲ လတိုင်းနေ့တိုင်း Buyer အသစ်တွေက လာလာပြီးတော့ ဈေးနှုန်းကို လာကြည့်နေတယ်။ ဒါပေမဲ့ သူတို့က GSP အထူးအခွင့်အရေးရရင် Tax ပေးစရာ မလိုတဲ့အတွက်ကြောင့် အများကြီးအပ်ချင်တာပေါ့။ ဒါပေမဲ့ ကုမ္ပဏီ တော်တော်များများကလဲ FOB ရှိမှ ဝယ်ချင်တဲ့အခါကြတော့ ကျနော်တို့ဆီမှာ FOB ကို လှမ်းဖို့အတွက်ကို လွယ်တော့မလွယ်သေးဘူး။ ကြိုးတော့ကြိုးစားနေပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဥပမာ ဘင်္ဂလားဒေ့ရှ်ဆိုရင် အထည်ချုပ်လုပ်ငန်းက သူတို့ဆီမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတယ်ဆိုတော့ အိမ်နီးချင်း တခြား ASEAN နိုင်ငံတွေကော ဘင်္ဂလားဒေ့ရှ်လို့ နိုင်ငံမျိုးနဲ့ယှဉ်ရင် ကျမတို့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း အခြေအနေက ဘယ်လို ရှိပါလဲရှင့်။ သူတို့ရဲ့နောက်က လိုက်နေရပါလား။
ဦးအောင်ဝင်း ။ ။ ဘင်္ဂလားဒေ့ရှ်နဲ့ ယှဉ်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေက ထုတ်လုပ်မှုမှာ ကျနော်တို့ထက် သာပါတယ်။ Productivity က ကျနော်တို့ထက် အများကြီးရှေ့ကိုရောက်တယ်။ ဒါပေမဲ့ သူတို့ရဲ့ Minimum Wage က ကျနော်တို့ထက် ပိုနည်းပါတယ်။ မြန်မာနိုင်ငံထက် သူတို့ရဲ့ Minimum Wage က ပိုနည်းပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါက ဝယ်ယူတဲ့သူတွေအတွက် အားသာချက်ပေါ့။ နောက်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဥပဒေတွေ ထွက်လာပါပြီ။ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ အခြေအနေကော ဘယ်လို ရှိပါသလဲရှင့်။
ဦးအောင်ဝင်း ။ ။ ၂၀၁၃ မတိုင်ခင်အထိမှာ တနှစ်ကို စက်ရုံပေါင်း (၃၀) ကျော်လောက် တိုးလာတယ်။ ၂၀၁၃ GSP ပေးပြီး နောက်ပိုင်းမှာ အခုဆိုရင် စက်ရုံပေါင်း (၆၅) ရုံလောက် တိုးပါတယ်။ ဒီ (၃) နှစ်အတွင်းမှာ ရုံပေါင်း (၂၀၀) ကျော်လောက် - အများဆုံးက တရုတ်နိုင်ငံက ရင်းနှီးမြုပ်နံှမှု များပါတယ်။ အထည်ချုပ်စက်ရုံပေါင်း (၂၀၀) ကျော်လောက် တိုးလာပါတယ်။ ၂၀၁၃ ဇွန်လနောက်ပိုင်းမှာ။
ဒေါ်ခင်စိုးဝင်း ။ ။ တရုတ်ကတော့ အများဆုံးပေါ့။ တခြား စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့ ရှိပါလား။
ဦးအောင်ဝင်း ။ ။ နည်းပါတယ်။ ထိုင်းဆိုရင် နှစ်ရုံသုံးရုံလောက်ပဲ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကိုရီးယား ရှိပါလား။
ဦးအောင်ဝင်း ။ ။ ကိုရီးယားလည်း နည်းတယ်။ သိပ်မရှိဘူး။ ဟောင်ကောင်၊ တရုတ်၊ တိုင်ဝမ်တွေ အများဆုံးပါ။
ဒေါ်ခင်စိုးဝင်း ။ ။ သူတို့ရဲ့ ဈေးကွက်တွေက ဘယ်မှာ ရှိပါလဲရှင့်။
ဦးအောင်ဝင်း ။ ။ သူတို့က Europe ဈေးကွက်ကို အဓိက ပို့တာပေါ့။ သူတို့ Brand အနေနဲ့ နှစ်ရှည်လများ ချိတ်ဆက်လာတဲ့ စက်ရုံတွေဆိုတော့ Brand တွေက သူတို့ကို ဒီမှာပြောင်းပြီးတော့ Order ရွှေ့ဖို့ တွန်းအားပေးပြီးတော့ လာတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က GSP တရုတ်ပြည်မှာဆိုရင် မရဘူး။ ဆိုတော့ Brand တွေက သူတို့ကို ဒီကို လာခိုင်းတာပေါ့။ ခိုင်းတဲ့အခါ သူတို့က Order ခိုင်ခိုင်မခိုင်ခိုင် လာနိုင်တယ်။ အရင်းအနှီးကလည်း တောင့်တယ်။ နောက်ပြီး သူတို့ဆီမှာ ငွေချေးရင်လည်း အတိုးက 3%, 4% လောက် တနှစ်ကို ပေးရတဲ့အချိန်မှာ ကျနော်တို့က 13% နဲ့ တနှစ်တခါပဲ ရတဲ့အခါကြတော့ ရေရှည်မှာတော့ သူတို့ကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ ခက်တာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း တိုးတက်မှုရှိအောင် ဘယ်လို အကြံပေးချင်ပါလဲ။ အားလုံး အထည်ချုပ်လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ နဲ့ အာဏာပိုင်တွေဘက်ကို ဘယ်လိုများ အကြံဉာဏ်ပေးချင်ပါလဲ။ ဘာတွေ လုပ်လို့ရှိရင် ပိုပြီးတော့ ဈေးကွက်တွေ ပိုကောင်းလာမယ်ဆိုတာ ဘယ်လိုများ အကြံပေးချင်ပါလဲ။
ဦးအောင်ဝင်း ။ ။ အဓိကတော့ Brand တွေ နာမည်ကြီးတဲ့ ကမ္ဘာကျော် Brand တွေ သူတို့ရဲ့ Audit အောင်မှ ပေးချုပ်မယ်ဆိုတာကို လျှော့ပေါ့ပြီးတော့ - ဥပမာ သူတို့က တနှစ်လောက် ကျနော်တို့ကို Order ချပြီးတော့ ပေးထုတ်မယ်။ အဲဒါ စက်ရုံက သူတို့ Order က ဆိုင်တခုခုဆိုရင် Order က သိန်းနဲ့ချီရှိတော့ -- တွက်ရင် စက်ရုံအတွက်လည်း အကျိုးရှိမယ်။ အဲဒီအချိန်မှာ ကျနော်တို့ရတဲ့ အကျိုးအမြတ်နဲ့ စက်ရုံကို ပြန်ပြုပြင်ပြီးတော့ သူ့ Audit အောင်အောင် ငွေက အများကြီးလိုတယ်။ ပြင်မယ်ဆိုရင် ငွေအများကြီးလိုတော့ သူတို့အနေနဲ့ အရင် Order ပေးပြီးမှ Audit ကို နောက်မှ လုပ်ပေးနိုင်ရင် တော်တော်လေးကို ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ကောင်းတာပေါ့။ အခုဆိုရင် နာမည်ကြီး Brand တွေဆိုရင် မရဘူး။ နိုင်ငံခြားစက်ရုံတွေပဲ ဒီ Order တွေ ရတဲ့အတွက်ကြောင့် သူတို့စက်ရုံမှာ Productivity တက်တယ်။ Quality တက်တယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်တဆိုင်ကို သိန်းနဲ့ချီ Order ကို တောက်လျှောက် လေးငါးလ ချုပ်ရတယ်။ ကျနော်တို့ကြတော့ ဂျပန်၊ ကိုရီးယား Order ချုပ်တော့ Order Quantity က နည်းပြီးတော့ ဆိုင်တခု လမ်းကြောင်းသွင်းလာရင် နှစ်ပတ်သုံးပတ်ဆိုရင် ပြီးသွားပြီ။ ထပ်ခါထပ်ခါ အသစ်ကို ပြန်ထည့်တဲ့အခါကြတော့ Productivity က မရနိုင်ဘူး။ ဆိုတော့ ကျနော်တို့က နိုင်ငံခြားရုံတွေက Piece Rate နဲ့ ပေးတယ်။ အလုပ်သမားက လောဘနဲ့ချုပ်တော့ ပိုက်ဆံအများကြီးရတယ်။ Maximum Wage ထက် နှစ်ဆသုံးဆ ရနိုင်တဲ့အချိန်မှာ ကျနော်တို့က Piece Rate နဲ့လည်း ပေးလို့မရဘူး။ Productivity က နည်းတဲ့အတွက်ကြောင့်။ ကျနော်တို့က သူတို့နဲ့ယှဉ်ရင် အဲဒီမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု Audit လုပ်တယ်ဆိုတာ ဘယ်သူက လုပ်တာပါလဲ။ လာပြီးတော့ စစ်တဲ့အခါ။
ဦးအောင်ဝင်း ။ ။ Audit လုပ်တဲ့နေရာမှာ သူတို့ Brand က သူတို့ကိုယ်ပိုင် Audit နဲ့ လာစစ်တာရှိတယ်။ ဥပမာ H&M ဆိုရင် သူတို့ Audit ရှိတယ်။ ဥပမာ Hammer ဆိုရင် Hammer Audit ရှိတယ်။ ဂျာမဏီက Tesco ဆိုရင် သူ့ Audit သူရှိတယ်။ Internet Audit ပါ။ Audit လာစစ်လို့ အောင်လို့ရှိရင် သူ့ Order ပေးချုပ်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ သူတို့ သတ်မှတ်ထားတဲ့ Criteria တွေ အရည်အချင်းတွေ ပြည့်မီအောင်လို့ တကယ့် အရည်အသွေးကောင်းကောင်းလေးတွေ ထွက်အောင် သူတို့က လာပြီးစီစစ်တာပေါ့။ အဲဒီ စီစစ်ချက်တွေထဲမှာ တတ်နိုင်ဆုံး လျှော့ပေါ့ပြီးတော့ လိုက်လျောပေးဖို့အတွက်က အထည်ချုပ်လုပ်ငန်း မြန်မာလုပ်ငန်းရှင်များအတွက်က အဲဒါက အရေးကြီးတဲ့အချက် ဖြစ်နေတာပေါ့။
ဦးအောင်ဝင်း ။ ။ သူတို့ မေးခွန်းကလည်း သုံးရာကျော်လောက် ရှိတယ်။ တခုချင်းကို လိုက်ပြီးတော့ လုပ်ပေးရတယ်။ တောင်းဆိုတဲ့ဟာတွေပေါ့။ နိုင်ငံတကာ တန်းဝင်အောင်လို့။
ဒေါ်ခင်စိုးဝင်း ။ ။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။