သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်းချောင်းကျောက်မီးသွေးမိုင်း ရိုက်ခတ်မှု


တာကပေါ လူငယ်အဖွဲ့ တာဝန်ခံ၊ ကရင်တိုင်းရင်းသူ နော်ပီသလော
တာကပေါ လူငယ်အဖွဲ့ တာဝန်ခံ၊ ကရင်တိုင်းရင်းသူ နော်ပီသလော
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ဘန်းချောင်းဒေသမှာ ကျောက်မီးသွေးမိုင်း တူးဖော်နေတာကြောင့် ဒေသခံတွေအတွက် ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေပြီး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်တန်းဖို့အတွက် သက်ဆိုင်ရာ မြန်မာကိုယ်စားလှယ် မရှိတာကြောင့်လည်း ဒေသခံတွေအတွက် ပိုပြီး ခက်ခဲမှုတွေ ကြုံတွေ့ရပါတယ်။ တနင်္သာရီတိုင်းဒေသမှာ ဒေသဖွံဖြိုးရေးနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့ ကရင်တိုင်းရင်းသူ နော်ပီသလော က ပြောပါတယ်။ အစိုးရတာဝန်ရှိသူတွေကို တိုင်တန်းမှုတွေ လုပ်ပေမယ့်လည်း၊ ကုမ္ပဏီအနေနဲ့ လုပ်ငန်းတွေကို ရက်ပိုင်းပဲ ရပ်ဆိုင်းခဲ့တာကလွဲလို့အခြားအရေးယူ ပြောင်းလဲမှုတွေ မလုပ်ခဲ့ပါဘူး။ သူတို့ဒေသမှာ အခုလို ကြုံတွေနေရတဲ့ အခြေအနေတွေကို ဧပြီလကုန်ပိုင်းက ကမ္ဘာ့ဘဏ်ကို လာရောက်ပြီး တင်ပြခဲ့တဲ့ နော်ပီသလောကို ဗွီအိုအေ ဝါရှင်တန်ဒီစီ စတူရီယိုမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။

မခင်ဖြူထွေး ။ ။ မင်္ဂလာပါ။ အခုလို တွေ့ရတာ ဝမ်းသာပါတယ်ရှင့်။ တာကပေါလူငယ်အဖွဲ့က နော်ပီသလော အခုလို အမေရိကန်ပြည်ထောင်စုမှာ လာပြီးတော့ တနင်္သာရီတိုင်းက ဒေသတခုမှာရှိနေတဲ့ ကျောက်မီးသွေးတွင်း ထုတ်လုပ်နေတဲ့ လုပ်ငန်းတခုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ရပ်ရွာဒေသ ထိခိုက်မှုတွေ ရှိနေဆိုတာကို လာရောက်တင်ပြတယ်လို့ ကျမတို့ သိရပါတယ်။ ဆိုတော့ ဘန်းချောင်းကျောက်မီးသွေးတွင်း ထုတ်လုပ်တဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ လာရောက်ပြီးတော့ ဒီရဲ့ စီမံကိန်းကနေ လူမှုအသိုင်းအဝိုင်းပေါ်မှာ သဘာဝပတ်ဝန်းကျင်ပေါ်မှာ ဘယ်လို ထိခိုက်မှုတွေ ရှိတယ်ဆိုတာကို လာရောက်တင်ပြတယ်ဆိုတာ ကျမတို့ သိရတယ်။ ဒီတော့ ဘန်းချောင်းစီမံကိန်းအကြောင်းလေး အရင်ဦးဆုံး အကျဉ်းချုပ်လေး ပြောပြပေးပါလားရှင့်။

နော်ပီသလော ။ ။ ဘန်းချောင်းစီမံကိန်းက ထာဝယ်မြို့နယ်မှာရှိတဲ့ ဘန်းချောင်းဒေသ ကုန်းချောင်းကြီးရွာမှာ အခုလက်ရှိ Easter Company က တူးဖော်နေတယ်။ ဘန်းချောင်းစီမံကိန်းကတော့ ၂၀၁၀ မှာ မြန်မာမေဖလားဝါး ကုမ္ပဏီက ပါမစ်ရတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ မေဖလားဝါးကုမ္ပဏီက မတူးဘူး။ သူက Sub-contract အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ Easter Company က ကျောက်မီးသွေးက လက်ရှိ ကုန်းချောင်းကြီးရွာမှာ တူးနေတယ်။ ဆိုတော့ ထိုင်းကုမ္ပဏီက တခြားနိုင်ငံက ဖြစ်တဲ့အတွက် ပုံမှန်ဆိုရင် သူက MIC – Myanmar Investment Commission ရဲ့ ခွင့်ပြုချက်ရှိရမယ်။ ဒါမှ သူလုပ်လို့ရမယ်။ ဒါပေမဲ့ ကျမတို့ သိသလောက်တော့ အခုထိ Myanmar Mayflower Company ကတော့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှုကော်မရှင်ရဲ့ ခွင့်ပြုချက် မရသေးဘူး။ သူကတော့ သတ္တုတွင်းဌာနလက်အောက်မှာပဲ အခုထိ ရှိနေသေးတယ်။ တခြားတဘက်မှာ Easter က လုပ်တဲ့အခါမှာ သူ့ငွေကြေးနဲ့ မလုံလောက်တဲ့အတွက် တခြားတဘက်မှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ Energy Earth Company နဲ့ Joint Venture အနေနဲ့ စာချုပ်ပြန်လည်း ချုပ်ဆိုတယ်။ အဲဒီမှာ Energy Earth ကမ္ဘာ့စွမ်းအင်ကတော့ အချိုးအမြတ် ခွဲဝေတဲ့ဟာကတော့ ၇၀-၃၀ ဖြစ်တယ်။ ဒီကုန်ကျစရိတ်အားလုံးကိုတော့ Energy Earth က ထုတ်ပေးတယ်။ အကျိုးအမြတ် ခွဲဝေမှုမှာတော့ ၇၀-၃၀ အနေနဲ့ သိရတယ်။ လက်ရှိက ကုန်းချောင်းကြီးမှာ ကျောက်မီးသွေးတူးတယ်။ နောက်ပြီးတော့ တီးခီးအမရာမှာ သူတို့ Station ရှိတယ်။ အဲဒီမှာ ကျောက်မီးသွေးကို ပြန်ကြိတ်ပြီးတော့မှ၊ ပြန်ထုတ်ပိုးပြီးတော့မှ ထိုင်းနိုင်ငံကို ကျောက်မီးသွေးကို သယ်သွားတယ်။

မခင်ဖြူထွေး ။ ။ ဆိုတော့ ဒီဘန်းချောင်းစီမံကိန်းက အဓိက ကျောက်မီးသွေးကို ထိုင်းကို တင်ပို့နေတာပေါ့။ စောစောက ထောက်ပြသွားတဲ့အတိုင်းဆိုရင် အခုဟာက သေချာတရားဝင် ခွင့်ပြုချက် မရှိဘဲနဲ့ လုပ်နေတဲ့ ပုံစံမျိုးများ ဖြစ်နေသလား။

နော်ပီသလော ။ ။ သတ္တုတွင်းဌာနကတော့ ရတယ်။ ပုံမှန်အားဖြင့် နိုင်ငံခြားကုမ္ပဏီနဲ့ ပူးတွဲပြီး လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဒါကတော့ မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှု ကော်မရှင်ရဲ့ ခွင့်ပြုချက် လိုကိုလိုတယ်။ ပုံမှန်အားဖြင့်တော့ ရယူဖို့လိုတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ မရှိနေဘူးပေါ့။

မခင်ဖြူထွေး ။ ။ တာကပေါလူငယ်အဖွဲ့ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာတချို့ကို ကျမ ဖတ်ရတယ်။ ဒီထဲမှာတော့ ဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် ဒီ ကျောက်မီးသွေးစီမံကိန်းကနေ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေရှိတယ်။ ကျန်းမာရေးအရ ထိခိုက်မှုတွေရှိတယ်လို့ ပြောတယ်။ အဲဒါ ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး အခြေအနေမှာရှိလဲ ပြောပြပါအုံး။

နော်ပီသလော ။ ။ အဓိကတော့ ဒီ စီမံကိန်းက ပွင့်လင်းမြင်သာမှု မရှိဘူး။ ရွာသူရွာသားတွေက ဒီကျောက်မီးသွေး စီမံကိန်းကို ဘူးဒိုဇာကြီးတွေနဲ့ သူတို့ရဲ့ ဥယျာဉ်ခြံမြေတွေကို ဖျက်ပြီးတော့ တူးမှပဲ ဒီစီမံကိန်းက ကျောက်မီးသွေးတူးမယ်ဆိုတာကို သိရတယ်။ ပြီးတော့ အဓိကတော့ ၂၀၁၄ ဧပြီမှာ ကျောက်မီးသွေးတွင်းက အလိုအလျောက် မီးလောင်တယ်။ ဒီကုမ္ပဏီက ကြိုးစားပြီးတော့ ငြိမ်းသတ်တယ်။ ဒါပေမဲ့ မီးကို မထိန်းချုပ်နိုင်ဘူး။ ဘာဖြစ်လဲဆိုတော့ ဒီနေရာမှာလောင်တယ်။ ရှိတဲ့မြေကြီးတွေနဲ့ ကြိုးစားပြီးတော့ ဖုံးတယ်။ ဒါပေမဲ့ နောက်မနက်ကျတော့ တခါ နောက်တနေရာမှာ ထပ်လောင်တယ်။ ဆိုတော့ မီးလောင်တဲ့အတွက် အဓိကပြဿနာက အငွေ့အနံ့က ဆိုးဆိုးဝါးဝါးထွက်တယ်။ ပြီးတော့ ကျောက်မီးသွေးတွင်းက ရွာနဲ့နီးတဲ့အတွက် ရွာမှာရှိတဲ့ ကစားကွင်းကဖြစ်စေ၊ အိမ်တွေက ရှုရတယ်။ တချို့အိမ်တွေဆိုရင် (၄) အိမ်လောက် ကျောက်မီးသွေးတွင်းဘေးမှာရှိတဲ့ အိမ်တွေဆိုရင် ဒီအနံ့ကို မခံနိုင်တော့တဲ့အတွက် ကုမ္ပဏီကတော့ မရွှေ့ခိုင်းဘူး။ သူတို့က မနေနိုင်တဲ့အတွက် ဝေးတဲ့နေရာတွေကို ရွှေ့သွားတာတွေရှိတယ်။ အဓိကတော့ နေ့လယ်ပိုင်းဆိုရင် အမျိုးသမီးတွေက ပြောတာကတော့ ကျောက်မီးသွေးအနံ့ကို ရှုရတဲ့အခါမှာ အိပ်ငိုက်တယ်၊ ခေါင်းမူးဝေတယ်။ ပြီးတော့ အသက်ရှုလမ်းကြောင်းပိတ်ပြီး အသက်ရှုမဝဘူး။ အဲဒီလိုဟာတွေတော့ ရှိတယ်။

မခင်ဖြူထွေး ။ ။ ဒီလိုမျိုး ကျေးရွာတွေထဲမှာဝင်ပြီးတော့ စမ်းစစ်ထားတဲ့သဘောပေါ့ ဒီအခြေအနေကို။

နော်ပီသလော ။ ။ ဟုတ်ပါတယ်။ ကျမတို့က ဒီရွာတွေကို မေးမြန်းထားတဲ့အပေါ်မှာ သူတို့ လာတင်ပြတယ်။ သူတို့က ဒီကိစ္စတွေကို အမြဲတမ်း စာတင်တယ်။ အစိုးရဌာနနဲ့ ကေအန်ယူတို့ကို တင်ပြတယ်။

မခင်ဖြူထွေး ။ ။ အဲဒါ ကျမ သိချင်တာက အဲဒါပါပဲ။ ဒီလိုဖြစ်နေတဲ့ အခြေအနေကို ရွာသူရွာသားတွေအနေနဲ့ ဒီကနေ ရိုက်ခတ်မှုတွေကို ခံရတယ်ဆိုတာကို တာဝန်ရှိတဲ့သူတွေ အစိုးရပိုင်းဆိုင်ရာဖြစ်ဖြစ်၊ နယ်မြေဒေသမှာ တာဝန်ရှိနေတဲ့သူတွေ ကေအန်ယူ - တကယ်ကတော့ အရင်ကဆိုရင် ကေအန်ယူ နဲ့ မြန်မာစစ်တပ်ကြားမှာ ပဋိပက္ခတွေ ရှိနေတဲ့နေရာ။ အခုနောက်ပိုင်းကြတော့ ဒါက ပဋိပက္ခတွေ မရှိတော့လို့ လူတွေ ပြန်လာပြီး နေကြတယ်ဆိုပေမယ့်လဲ တဘက်မှာ ဒီလိုမျိုး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စက်ရုံတွေကြောင့်မို့ သဘာဝပတ်ဝန်းကျင်ဒဏ်ကို ခံနေရတဲ့သဘော ဖြစ်နေတာပေါ့။ ဆိုတော့ စောစောကပြောသလို ကျေးရွာသားတွေက အထက်အာဏာပိုင်တွေကို တင်ပြတာ ရှိပါသလား။

နော်ပီသလော ။ ။ ဒီပြဿနာတွေ ဖြစ်လာတဲ့အခါတိုင်း အရင်ဦးဆုံး ကုမ္ပဏီကို သွားတွေ့တယ်။ မီးလောင်တဲ့ကိစ္စတို့၊ ကုမ္ပဏီက မိုင်းရေသွန်ချတဲ့ကိစ္စ - အဓိကအားဖြင့် မိုးရာသီမှာ လုပ်ငန်းရပ်နားတယ်။ ကျမတို့ဒေသက မိုးများတဲ့အတွက် မိုးကုန်ရင် ဒီလုပ်ငန်း ပြန်စတယ်။ အဲဒီအခါမှာ မိုင်းတွင်းမှာရှိတဲ့ရေကို စုပ်ထုတ်ပြီးတော့မှ အထူးသဖြင့် ညပိုင်းမှာ ရွာသူရွာသားတွေက အသုံးပြုနေတဲ့ ချောင်းရေထဲကို သွန်ချတယ်။ ဆိုတော့ ကျမတို့ရွာမှာက ရေတွင်းတွေဘာတွေ မရှိတဲ့အတွက် ဒီချောင်းရေကိုပဲ အဓိက သုံးရတယ်။ အဲဒီလိုမျိုး ကိစ္စရပ်တွေ ပေါ်လာတဲ့အခါမှာ သူတို့က ကုမ္ပဏီကို သွားပြောတယ်။ ဒါပေမဲ့ ကုမ္ပဏီက ထိုင်းကုမ္ပဏီ ဖြစ်တဲ့အတွက် မြန်မာစကားတတ်တဲ့လူ မရှိဘူး။ ဆိုတော့ ရွာသားတွေက စကားပြောတဲ့အခါမှာ အဆင်မပြေဘူး။ ထိုင်းကလည်း မြန်မာစကား နားမလည်။ မြန်မာ၊ ကရင်လူမျိုးတွေကလည်း ထိုင်းလို မပြောတတ်တဲ့အခါကြတော့ ပြဿနာဖြစ်တယ်။ ကျမတို့ အစိုးရဌာနနဲ့ ကေအန်ယူကိုလည်း ပြောကြားလေ့ရှိတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ အစိုးရဌာနအနေနဲ့ ဒီနေရာက အရမ်းအလှမ်းဝေးတယ်။ ဒီနေရာကို ရောက်ဖို့အတွက်ဆိုရင် မြို့ကနေ သွားရမယ်ဆိုလို့ရှိရင် ရေတတန်ကုန်တတန် တရက်ခရီးလောက် ရှိတယ်။ လက်လှမ်းမမီတဲ့နေရာမှာ ပါမစ်ပေးထားတာ ဖြစ်တဲ့အတွက် ကိစ္စတစုံတရာ ပေါ်လာတဲ့အခါ သူတို့က ပြန်ပြီးတော့ ကြည့်ရတာ အားနည်းချက်ရှိတယ်။ ကေအန်ယူဘက်ကလည်း သူတို့ကတော့ ကြိုးစားပြီးတော့ တခါတလေ ဖြေရှင်းပေးတယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းတဲ့ဟာလဲ ကျမတို့ မျှော်လင့်သလောက် သိပ်ပြီးတော့ ထိရောက်မှု မရှိဘူးဆိုတော့ အဲဒီလိုမျိုးရှိတယ်။ ပြီးတော့ ဒီဟာက အစိုးရနှစ်ဘက်စလုံးက မရှင်းဘူး။ နေရာဧရိယာအရ။ နှစ်ဘက်စလုံး ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဖြစ်တဲ့အတွက် တခါတလေကျရင် ပြဿနာဖြစ်လာတဲ့အခါ ရွာသူရွာသားတွေအနေနဲ့ ဘယ်လို အခက်အခဲ ဖြစ်သလဲဆိုတော့ အစိုးရဆီ တင်ပြတဲ့အခါမှာ သူတို့ကပြောတယ် ဒီဟာက ကေအန်ယူ က ပါမစ်ပေးထားတာ ဖြစ်တဲ့အတွက် ကေအန်ယူ ကို သွားပြောဖို့လိုတယ်။ ဒါပေမဲ့ ကေအန်ယူဆီ သွားပြောတဲ့အခါမှာလဲ သူတို့ပြောတာက ဒီဟာက ဒီကုမ္ပဏီပါမစ်က မြန်မာအစိုးရဆီကရတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရဆီမှာ တာဝန်ရှိတယ်။ ဆိုတော့ ကြားထဲမှာ လစ်ဟနေတယ်။

မခင်ဖြူထွေး ။ ။ ဒါဆိုလို့ရှိရင် တာဝန်ရှိသူတွေဘက်က ပြည်သူတွေရဲ့ တိုင်းတန်ချက်တွေအပေါ်မှာ ထိထိရောက်ရောက် ကိုင်တွယ်မှု မရှိဘူးလို့ ပြောလို့ရမလား။

နော်ပီသလော ။ ။ သူတို့ကတော့ ကြိုးစားပြီးတော့ ဖြေရှင်းပေးတယ်။ ပထမတခေါက်မှာတော့ နေပြည်တော်မှာ ၂၀၁၅ အောက်တိုဘာလမှာ သွားပြီးတော့ ဒီကိစ္စကို ပြောတယ်။ အဲဒီမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်ပေးတယ်။ နေပြည်တော် Level ပေါ့။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ကုမ္ပဏီက ကတိကဝတ် ပေးတယ်။ ဒီဟာတွေကို ပြန်လုပ်ပေးပါမယ်။ မီးမလောင်အောင် ထိန်းချုပ်ပေးပါမယ်။ ဒါပေမဲ့ သူတို့ ကတိကဝတ်ပေးထားတဲ့အတိုင်း မလုပ်ပေးဘူး။ မလုပ်တဲ့အခါမှာ အစိုးရဌာနဘက်ကလည်း အရေးပြန်ယူဖို့အတွက် အားနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနပြောတဲ့အတိုင်း လက်လှမ်းမမီတဲ့အခါကြတော့ အောက်ခြေမှာ တကယ်ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ သူတို့ မသိဘူး။ ပြီးတော့ အခုလက်ရှိကတော့ သင်္ကြန်မတိုင်ခင်မှာ ကျမတို့ တနင်္သာရီတိုင်းရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနဲ့ တိုင်းရင်းသားဝန်ကြီးတို့က ဒီနေရာကို ကွင်းဆင်းတယ်။ ကွင်းဆင်းပြီးတော့ မီးလောင်တာကို တွေ့ရတယ်။ ရွာသူရွာသားတွေ တင်ပြချက်အတိုင်း ခံစားနေရတာကို တွေ့ရတဲ့အတွက် ဒီမိုင်းကို ခေတ္တယာယီရပ်ဆိုင်းထားဖို့ သူတို့ စာထုတ်ထားတယ်။ ဒါပေမဲ့ ကုမ္ပဏီက နှစ်ရက်ပဲ ရပ်ဆိုင်းပြီးတော့ ပြန်လည်တယ်။ ဆိုတော့ ဒါကတော့ အခုလက်ရှိ ရွာသားတွေက စာပြန်တင်ထားတယ်။ ကုမ္ပဏီက မရပ်ပေမယ့်လဲ အစိုးရဘက်က အရေးမယူနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိလဲမသိနိုင်ဘူး။ အရမ်းအလှမ်းဝေးတယ်။ ဖုန်းတွေဘာတွေလဲ မရဘူး။ သူတို့ကတော့ ကြိုးစားပြီးတော့ ဖြေရှင်းပေးတယ်။ ဒါပေမဲ့ အခက်အခဲ ဖြစ်နေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်လှမ်းမမီနိုင်တဲ့နေရာမှာ၊ ဝေးကွာတဲ့နေရာမှာ ဖြစ်နေတဲ့အတွက်။

မခင်ဖြူထွေး ။ ။ အခုဒီကိုလာတဲ့ ကိစ္စမှာဆိုရင်လဲ ဒီဘန်းချောင်းစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုတွေ၊ လူထုအပေါ် ရိုက်ခတ်မှုတွေ ရှိနေတဲ့ အခြေအနေတွေကို ဒီမှာလာပြီးတော့ တင်ပြတယ်လို့ သိရတယ်။ အဲဒါက ဒီမှာလာတင်ပြတယ်ဆိုတာက ဘယ်အဖွဲ့အစည်းတွေကို အဓိက လာပြီး တင်ပြတာလဲ။ နည်းနည်းလောက် ရှင်းပြပါလား။

နော်ပီသလော ။ ။ အခုဒီတပတ်မှာ ကမ္ဘာ့ဘဏ်က နွေရာသီအစည်းအဝေးရှိတယ်။ ကျမတို့က အဲဒီမှာ အရပ်ဖက်အဖွဲ့အစည်းတွေအတွက်ကို သူတို့ရဲ့ ရင်းနှီးမြှုပ်နံှမှုကြောင့် ထိခိုက်နစ်နာမယ်ဆိုလို့ရှိရင် လာပြီးတော့ တင်ပြလို့ရတယ်။ ပြီးတော့ သူတို့က ကိုယ့်မှာထိခိုက်နစ်နာမှု ရှိတယ်ဆိုရင် တိုင်းတန်နိုင်တဲ့ဌာနမှာ တိုင်းတန်နိုင်တာ ဖြစ်တဲ့အတွက် အဓိက ဒီခရီးစဉ်အတွက် ကျမ လာတယ်။ မနေ့က တာဝန်ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံတယ်။ ဒီအကြောင်းအရာကို ပြောပြတယ်။ ပြီးတော့ အစီအစဉ်တရပ်အနေနဲ့ Panel တခုနဲ့ ဒီအကြောင်းအရာကို ဆွေးနွေးတယ်။ ပြီးတော့ မနေ့က တိုင်းတန်နိုင်တဲ့ဌာနမှာ ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေ၊ ရွာသူရွာသားတွေ ခံစားနေရတာတွေကို စာနဲ့တင်ခဲ့ပါတယ်။ ဆိုတော့ ဒီဟာက ကမ္ဘာ့ဘဏ်နဲ့ ဘယ်လိုပတ်သက်လဲဆိုတော့ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းကနေ Refacing Bank က Australia မှာ အခြေစိုက်တယ်။ အဲဒီမှာ ပိုက်ဆံရင်းနှီးမြှုပ်နံှထားတာ ရှိတယ်။ အဲဒီဘဏ်က အခု ထိုင်းနိုင်ငံမှာရှိတဲ့ Energy Earth စွမ်းအင်ကမ္ဘာမှာ သူတို့ တချို့ရှယ်ယာတွေ ရှိတယ်။ လက်ရှိမှာတော့ Energy Earth နဲ့ Easter တို့ ပူးပေါင်းပြီး လုပ်တဲ့အတွက် သူတို့ရဲ့ ရင်းနှီးမြှုပ်နံှမှုပါတယ်။ ဒါကြောင့်မို့ ကျမတို့က သူတို့ဆီမှာ လာပြီးတော့ ဒီအချက်အလက်တွေကို တင်ပြခြင်း ဖြစ်ပါတယ်။

မခင်ဖြူထွေး ။ ။ ဆိုလိုတာကို ကျမ ရှင်းအောင် နည်းနည်းထပ်မေးချင်တာက အခု ဘန်းချောင်းစီမံကိန်းမှာ လုပ်နေကြတဲ့ ထိုင်းကုမ္ပဏီတွေနဲ့ ကမ္ဘာ့ဘဏ်က ငွေကြေးထုတ်ပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးလုပ်နေတဲ့ ဒီ စီမံကိန်းထဲမှာ သူတို့က ရင်းနှီးမြှုပ်နံှမှု ပါနေတဲ့သဘောပေါ့။

နော်ပီသလော ။ ။ သူတို့ကနေ အပေါ်ကနေ ဘဏ်တွေကို တဆင့်ပြီးတဆင့် သူတို့ ရင်းနှီးမြှုပ်နံှထားတဲ့ဟာမှာ နောက်ဆုံး ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ စွမ်းအင်ကမ္ဘာကုမ္ပဏီနဲ့ သွားပြီးတော့ ချိတ်ဆက်နေတယ်။ အဲဒါကြောင့် ကျမတို့က ဒီအချက်အလက်တွေကို လာပြီးတော့ တင်ပြခြင်းဖြစ်တယ်။

မခင်ဖြူထွေး ။ ။ အခုလိုမျိုး တင်ပြပြီလို့ရှိရင် သူတို့ဘက်က ဘာတွေ ပြန်လုပ်ပေးမယ်လို့ တုံ့ပြန်တာ ရှိပြီလား။ ဘယ်လောက်အထိ ကိုယ့်ဘက်က မျှော်လင့်ထားပါလဲ။

နော်ပီသလော ။ ။ အခုကတော့ သူတို့က ဒီတိုင်းတန်စာက ဘောင်ဝင်မဝင် သူတို့ ပြန်ကြည့်မယ်။ ဆယ့်ငါးရက်လောက် အချိန်ကြာမယ်လို့ ပြောတယ်။ ဆိုတော့ ကြည့်ပြီးတဲ့အခါမှာ သူတို့က ဒီစာက ဘောင်ဝင်တယ်ဆိုရင် ကျမတို့က အချက်အလက် အသေးစိတ်ကို ပြန်တင်ရအုံးမယ်။ အကယ်၍ သူတို့က ဘောင်မဝင်ဘူးဆိုရင် ပြန်အကြောင်းကြားမယ်လို့ ပြောပါတယ်။

မခင်ဖြူထွေး ။ ။ ဒီ စီမံကိန်းကို ကရင်လူမှု့အဖွဲ့အစည်းတွေကတော့ ထာဝယ်မှာရှိတဲ့ လူမှု့အဖွဲ့အစည်းတွေကတော့ ရပ်ဆိုင်းပေးဖို့ တောင်းဆိုတယ်လို့ သိရတယ်။ စောစောက ပြောသလိုပဲ တာဝန်ရှိသူတွေဘက်က လာလုပ်တော့လဲ ကုမ္ပဏီဘက်က ပြန်ပြီးတော့ ဖွင့်တာပဲဆိုတော့ ဒီ စီမံကိန်းရပ်ဆိုင်းဖို့က ဘယ်လောက်အထိ လိုအပ်တယ်လို့ ထင်သလဲ။ နောက် ဒီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် တောင်းဆိုနေတဲ့ လက်ရှိ အခြေအနေပေါ်မှာ အစိုးရဘက်က ကိုယ့်ကိုပြန်ပြီးတော့ လုပ်ပေးနိုင်မလဲ။ ဘယ်လို မျှော်မှန်းထားပါလဲ။

နော်ပီသလော ။ ။ ဒီစီမံကိန်းကို ရပ်ဆိုင်းဖို့အတွက်ကတော့ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းကတော့ မတောင်းဆိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က တကယ်ခံစားနေရတဲ့ ဒေသခံ မဟုတ်တဲ့အတွက်။ ဒါပေမဲ့ ကျမတို့က ဒေသခံတွေရဲ့ သဘောထားဆန္ဒအတိုင်းကို ကျမတို့က ကူညီပေးတယ်။ ဒီ စီမံကိန်း စတင်လည်ပတ်ကတည်းက ဒေသခံတွေကတော့ သဘောမတူခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ မှာ ပါမစ်ကို ပေးကတည်းက ၂၀၀၁ ဧကမှာ ရွာသူရွာသား ရွာလုံးကျွတ်ပါနေတယ်။ ဥယျာဉ်ခြံမြေတွေ ပါနေတယ်။ ဘာဖြစ်လဲဆိုတော့ ဒီဒေသက နှစ်ဘက်စလုံးရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့အတွက် ကျမတို့က နေပြည်တော်မှာ မြေပုံမှာဆိုရင် ရွာနာမည်တွေ မပေါ်ဘူး။ မြေလွတ်မြေလပ်အနေနနဲ့ပဲ ပေါ်တယ်။ ဆိုတော့ အစကတည်းက ရွာသူရွာသားတွေက ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး အလိုမရှိဘူး။ ကျမတို့က ရွာသူရွာသားရဲ့ အသံအတိုင်း အစိုးရဌာနကို ပြောတဲ့အချိန်မှာ ရွာသူရွာသားတွေရဲ့ သဘောထားဆန္ဒအတိုင်းပဲ လုံးဝကျောက်မီးသွေးတွင်း မရှိလိုတဲ့အသံနဲ့ ပြောပေးတယ်။ အဓိက ဒီ စီမံကိန်းကတော့ ရပ်ဆိုင်းထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပတ်တစ် အစိုးရဘက်က ကြည့်မယ်ဆိုလို့ရှိရင် လုံးဝကို လက်လှမ်းမမီနိုင်တဲ့နေရာမှာ သွားပေးထားတာ ဖြစ်တဲ့အတွက် ပြဿနာ ပေါ်လာရင် သူတို့က လုံးဝဖြေရှင်းဖို့ အခက်အခဲရှိတယ်။ ဝန်ထမ်းအင်အားအရ၊ သွားရေးလာရေးအရ။ ပြီးတော့ ကေအန်ယူအနေနဲ့လည်း ပြည်သူရဲ့ အသံကို နားထောင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက အခုလက်ရှိ ပြဿနာက ကုမ္ပဏီက လုံးဝ ကျောက်မီးသွေး မီးလောင်တဲ့ဟာမှာ မထိန်းချုပ်နိုင်ဘူး။ ဆိုတော့ သူက မီးလောင်လိုက်၊ ပြန်ဖုံးလိုက်နဲ့ဆိုတော့ အောက်ခြေမှာ လောင်နေသလား၊ မလောင်ဘူးလား။ အခုက လောင်ကျွမ်းနေတဲ့အပေါ်မှာ လူတွေက ကျန်းမာရေးအရ အသက်ရှုတဲ့ဟာမှာ အခက်အခဲ ဖြစ်နေတယ်ဆိုတော့ ဒါတွေကို အကုန်လုံး သေသေချာချာ စီမံကိန်းကို ပြန်လည်သုံးသပ်ပြီးတော့မှ ခွင့်ပြုသင့်မသင့် စဉ်းစားသင့်တယ်။

မခင်ဖြူထွေး ။ ။ အခုလိုမျိုး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

နော်ပီသလော ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG