သုံးရလွယ်ကူစေသည့် Link များ

သုံးရောင်ခြယ် အလံသစ်အပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါး


သုံးရောင်ခြယ် အလံသစ်အပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါး

၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ အသစ်ပြဋ္ဌာန်းလိုက်တဲ့ သုံးရောင်ခြယ် အလံတော်သစ်ကို ပြည်သူအများစုက စိတ်မ၀င်စားတာကြောင့် မနေ့က ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နေအိမ်တွေမှာ လွှင့်ထူတာ အတော်ကို နည်းပါးနေပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ အစိုးရရုံး၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ရုံးနဲ့ ဘတ်စ်ကားတွေမှာသာ အနည်းအကျဉ်း လွှင့်ထူထားတာ တွေ့ရပေမဲ့ အိမ်ခြေ ၁၀၀ မှာ ၈၀ လောက်က မလွှင့်ကြဘူးလို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ကြယ်ဖြူတပွင့်နဲ့ ၀ါစိမ်းနီ သုံးရောင်ခြယ် နိုင်ငံတော် အလံသစ်ကို လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ၂၁ ရက်နေ့က စတင်သုံးစွဲခဲ့တာပါ။ ဒီနှစ်ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာတော့ အလံတော်အသစ်ကို လွှင့်ထူဖို့အတွက် ရန်ကုန်မြို့မှာ ဒေသခံ အာဏာပိုင်တချို့က အလံလေးတခုကို ၂,၅၀၀ ကျပ်နဲ့ မ၀ယ်မနေရ လိုက်လံ ရောင်းချတာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့အတွင်းမှာ အလံတော်သစ်ကို စိတ်ဝင်တစားနဲ့ လွှင့်ထူသူ အတော်နည်းပါးတယ်လို့ မြို့ခံတယောက်က အခုလို ပြောပါတယ်။

“နည်းနည်းပါးပါးပဲ တွေ့ရတယ်ခင်ဗျ။ ကျနော့်အိမ်နားဆို ကြံ့ခိုင်ရေးတွေပေါ့ဗျာ၊ သူတို့တွေကတော့ မနက် စောစောစီးစီးပဲ ထပြီး လွှင့်တယ်။ ဒါပေမဲ့ လူတော်တော်များများ ၁၀၀ မှာ ၈၀ လောက် မလွှင့်ဘူးဗျ။ လူက သိပ်ကို စိတ်မ၀င်စားဘူးဗျ။ တချို့ဆိုင်တွေကိုတော့ သူတို့ လွှင့်ခိုင်းတာပေါ့ဗျာ။ လွှင့်ခိုင်းတဲ့ အခါကျတော့ တချို့ဆိုင်တွေကတော့ လွှင့်ကြတယ်။ အိမ်တွေမှာတော့ မလွှင့်ဘူးဗျ။ ရုံးတွေဘာတွေမှာတော့ လွှင့်ထားတယ်။ အဲဒီ ရုံးကလွှင့်ထားတဲ့ အလံက မချတဲ့အလံလေ။ တခါတည်းတင်ထားပြီး နောက် ပြန်မချတော့ဘူး။”

တာမွေမြို့နယ်ဘက်မှာတော့ ဒေသခံ အာဏာပိုင်တွေက ဈေးတွေမှာ လိုက်လွှင့်ခိုင်းတာ ရှိပေမဲ့ အိမ်တွေမှာတော့ လွှင့်ခိုင်းတာ မရှိဘူးလို့ ပြောပါတယ်။

အခြား ရန်ကုန်မြို့ခံ တယောက်ကလည်း သူတို့ရပ်ကွက်ဘက်က အခြေအနေကို အခုလို ပြောပြပါတယ်။

“ကျမတို့ ရပ်ကွက်တွေမှာတော့ ကျဲကျဲလေးပဲ လွှင့်တယ်။ လွှင့်တဲ့အိမ်လည်း ရှိတာပေါ့။ ဒါပေမဲ့ အဲလောက် အများကြီး မရှိဘူးရှင့်။ ကျမတို့ဆီတော့ ရပ်ကွက်ကနေ လှမ်းပြောတယ်လေ။ ဒါပေမဲ့ လွှင့်ချင်တဲ့လူကတော့ လွှင့်တာပဲ။ မသိချင်ဟန်ဆောင်တဲ့ လူကလည်း ဆောင်တာပဲ။ သိပ်စိတ်မ၀င်စားဘူး၊ ဒီနှစ်မှာကျတော့လေ၊ အရင်နှစ်ထက်စာရင် နည်းတယ်လို့တော့ ထင်တယ်။ တွေ့ရသလောက်တော့ပေါ့နော်။”

အခြား ရန်ကုန်မြို့ခံတွေကလည်း အစိုးရရုံးနဲ့ ဘတ်စ်ကားတချို့တွေမှာသာ အလံလွှင့်တာ တွေ့ရပြီး နေရာအတော်များများမှာ အလံလွှင့်တာ သိပ်မတွေ့ရဘူးလို့ ပြောကြသလို တချို့ကတော့ သူတို့လမ်းမှာဆို တလမ်းလုံးမှာမှ အလံတခုပဲ တွေ့တယ်လို့ ပြောကြပါတယ်။

မန္တလေးမြို့ဘက်မှာလည်း အချက်အချာကျတဲ့ နေရာတွေလောက်ပဲ အလံလွှင့်ထူတာ တွေ့ရတယ်လို့ ဒေသခံတယောက် အခုလို ပြောပါတယ်။

“ကျနော်တို့ မန္တလေးမှာတော့ အလံလွှင့်တဲ့လူက စီးပွားရေး လုပ်တဲ့လူတို့၊ မျက်နှာစာတန်းတို့၊ အဲလို မျက်နှာစာတန်းဆိုတာ မိန်းလမ်းကြီးတွေမှာပဲ လွှင့်တယ်ခင်ဗျ။ လမ်းအတွင်းကျတဲ့ အိမ်တွေမှာဆိုရင် ရပ်ကွက်တွေထဲမှာ လွှင့်တာ မတွေ့ရပါဘူးခင်ဗျာ။ ဥပမာ မန္တလေးမှာဆိုရင် လမ်းမကြီးတွေက ဆိုကြပါစို့၊ ၃၅ လမ်းရှိတယ်၊ လမ်း ၃၀ ရှိတယ်ဗျာ၊ ၂၆ ဘီလမ်းရှိတယ်၊ နောက် ၇၃ ရှိတယ်၊ ၇၈ ရှိတယ်ဗျာ၊ ဟိုဘက်ကဆို လမ်း ၈၀ ရှိတယ်ဗျာ။ အဲဒီဝန်းကျင်တွေမှာပဲ အလံလေးတွေ ကြိုးကြား ကြိုးကြားထောင်တာ တွေ့ရတယ်ဗျာ။ ကျန်တဲ့နေရာတွေမှာတော့ အလံထောင်တာ သိပ်မတွေ့ရပါဘူး။ အလံထောင်တာ တော်တော် နည်းပါးပါတယ်။”

မန္တလေးမှာတော့ ဒေသခံ အာဏာပိုင်တွေက အချက်အချာကျတဲ့ နေရာတွေမှာသာ အလံလွှင့်ထူဖို့ ညွှန်ကြားတယ်ဆိုတာ သိရပေမဲ့ အခြားနေရာတွေမှာတော့ သိပ်ပြီး အတင်းအကျပ် တိုက်တွန်းတာ မကြားရဘူးလို့ မန္တလေးမြို့ခံက ပြောပါတယ်။

အလံလွှင့်ထူတာ နည်းပါးတာကတော့ ပြည်သူတွေက သိပ်စိတ်ဝင်စားမှု မရှိတာကြောင့်လို့ သူက အခုလို ဆက်ပြောပါတယ်။

“အလံကလည်း သူတို့က ဆိုက်ပေါင်းစုံ။ အကြီးကြီးတွေရော၊ အသေးတွေရော၊ အလတ်တွေရော၊ ဆိုက် လေးငါးဆယ်မျိုးလောက် ထွက်ပါတယ်။ အလံသစ်က ၀ယ်ချင်သလောက် ၀ယ်လို့ ရနေပါတယ်။ အားလုံးက ဒီ တံဆိပ်ရိုက်ဆိုင်တို့ အားကစားပစ္စည်း ရောင်းတဲ့ဆိုင်တို့မှာ ဒီအလံတွေကို ရောင်းပါတယ်။ ၀ယ်လို့တော့ ရနေပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားမှု နည်းပြီးတော့ မလွှင့်လို့ မဖြစ်တဲ့ နေရာမျိုးတွေမှာသာ လွှင့်ပြီးတော့ တတ်နိုင်သလောက် ဒီအပေါ်မှာ သိပ်ပြီးတော့ အာရုံမထားကြပါဘူးခင်ဗျ။”

တချို့ပြည်သူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို သေချာမသိသလို အလံတော်အသစ် ပြောင်းတာကို မသိကြဘူးလို့ ပြောပါတယ်။

နိုင်ငံရေးပါတီ တချို့ကတော့ စစ်အစိုးရက ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာကြောင့် အသစ်ပြောင်းလဲလိုက်တဲ့ အလံကိုလည်း အသိအမှတ် မပြုကြဘူးလို့ သိရပါတယ်။

မြန်မာစစ်အစိုးရ ရုံးစိုက်ရာ ပျဉ်းမနား နေပြည်တော်မှာတော့ လွတ်လပ်ရေးနေ့ အလံတင်ပွဲ အခမ်းအနားကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဦးဆောင် ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG