သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အကြီးစားကျောက်မျက်တူးဖော်ရေး လိုင်စင်သစ် ထုတ်ပေးမှု ပိတ်ပင်


ဖါးကန့်ဒေသ အကြီးစား ကျောက်မျက်တူးဖေါ်မှုလုပ်ငန်း

ပြည်ထောင်စုလွှတ်တော်က အင်္ဂါနေ့ ဒီဇင်ဘာလ (၁၈)ရက်နေ့ က အတည်ပြုလိုက်တဲ့ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းမှာ အစိုးရပိုင် အပါအ၀င် အကြီးစားကျောက်မျက်တူးဖေါ်မှုလုပ်ငန်းတွေကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ဒါအပြင် ဒီဥပဒေသစ်ဟာ ကြီးမားတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်စေတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအပါအ၀င် လူတွေရဲ့ အသက်အန္တရာယ် ထိခိုက်စေမှု၊ ဥပဒေစိုးမိုးရေးကျဆင်းစေမှု စတာတွေကို တားဆီးနိုင်ဖို့ဖြစ်ပြီး ဒေသခံတိုင်းရင်းသားတွေအတွက် ကျောက်မျက်ရတနာတူးဖေါ်ခွင့် အခွင့်အလမ်းတွေ ပိုပြီးရရှိလာမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အရင် ၂၀၁၆ ကျောက်မျက်ရတနာ ဥပဒေအရ ရတနာ နယ်မြေအတွင်း လုပ်ကွက်အကျယ်အ၀န်း ဧက ၅၀၀ အထက် နဲ့ ၁၀နှစ်အထိ အကြီးစား ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်း အဖြစ် ခွင့်ပြုထားရာကနေ မနေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ၂၀၁၇ ကျောက်မျက်ရတနာဥပဒေ အရ ၅ ဧကထက်မပိုတဲ့ လုပ်ကွက်အကျယ်အ၀န်းနဲ့ ၃ နှစ်အထိ ကျောက်မျက်ရတနာ တူးဖေါ်ထုတ်လုပ်ခွင့်ရရှိမှာဖြစ်ပြီး သက်တမ်းကို နောက်ထပ် နှစ်ကြိမ် တိုးခွင့် ရရှိမှာဖြစ်ပါတယ်။

အခုလို ဥပဒေကို ပြင်ဆင်ရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ထောက်ခံဆွေးနွေးတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း က အခုလို တင်ပြသွားပါတယ်။

"ကျနော်တို့ ၂၀၁၆ ခုနှစ် ကျောက်မျက်ရတနာ ဥပဒေပြင်ဆင်ရခြင်းဥပဒေ Spirit of Law အရကိုက ကျနော်တို့ အကြီးစားထုတ်လုပ်မှုတွေကို ပယ်ပြီးတော့ ဒေသခံ လက်လုပ်လက်စားတွေရဲ့ နိုင်ငံသားအကျိုးစီးပွားကို ကြည့်ချင်လို့ ဒီဥပဒေကို ပယ်ဖျက်ချင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအပိုဒ် ၁၀ ထည့်ရင် Conflict of law ဖြစ်နေပါတယ်။ နောက်တခုက ကျနော်တို့ဟာ ဒီဥပဒေကို ဘာကြောင့်ပြင်ရတယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂက ထောင်စုနှစ်စီမံကိန်းမှာလည်း MDG Number 7 မှာလည်း ကျနော်တို့ Ensure Environmental Sustainability ဆိုတဲ့ ရေရှည်အကျိုးစီးပွားအတွက် ကျနော်တို့ အနာဂတ်မျိုးဆက်သစ်တွေထားရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ ကျနော်တို့ ၀န်ကြီးဌာန တချိန်ချိန်ကျရင် အစိုးရအမျိုးမျိုးပြောင်းလဲလာတဲ့အခါမှာ သူတို့ဟာ လက်လုပ်လက်စားကနေပြီးတော့ ပုဂ္ဂလိကကို အကြီးအကျယ် အကြီးစားထုတ်လုပ်မှုတွေကို မလုပ်ဘူးလို့ မပြောနိုင်ပါဘူး။ ကျနော်တို့ ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။"

အကြီးစားတူးဖေါ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆိုးကျိုးအကြီးအကျယ်ဖြစ်ပေါ်စေကြောင်း အမျိုးသားလွှတ်တော်ဘက်က သုံးသပ်ချက်ကိုတော့ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းခင်ဇော်လင်းက အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကို မူလစတင်ပြင်ဆင်ကတည်းက အကြီးစားလုပ်ငန်းတွေကြောင့် ဆိုးကျိုးကြီးတွေ ဆိုးဝါးမှုတွေဖြစ်တဲ့အတွက်ကြောင့် ပြန်မထည့်တာဖြစ်ပါတယ်။ ဒီဆိုးကျိုးတွေက အခုအထိ တွေ့နေရစဲဖြစ်ပါတယ်။ အဲဒါတွေကတော့ ပတ်ဝန်းကျင်ထိခိုက်မှု ၊ ရေမဆေးပြဿနာတွေ မြေစာပုံပြိုတဲ့ ပြဿနာတွေ ၊ မူးယစ်ဆေးဝါးပြဿနာတွေ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေ ကအခုအထိ မကုန်သေးပါဘူး။ ဒါကြောင့် ဒီ ပုဒ်မ ၁၀ ဆိုတဲ့ နိုင်ငံတော်ပိုင်လုပ်ငန်းဟာလည်း အကြီးစားကို ရည်ညွှန်းတာဖြစ်တဲ့အတွက် ဒီ ပုဒ်မကို ထပ်ထည့်မယ်ဆိုရင် အခြေအနေတွေဟာ ပိုဆိုးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ ပုဒ်မ ၁၀ကို ပယ်ဖျက်သင့်ပါကြောင်း တင်ပြပါတယ်။"

အကြီးစားတူးဖေါ်ရေးလုပ်ငန်းတွေကို အစိုးရပိုင်လို့ပြောပြီး နောက်ကွယ်မှာ ကုမ္ပဏီကြီးတွေနဲ့ လက်သိပ်ထိုး လုပ်ဆောင်နေတာတွေရှိခဲ့တာကြောင့် ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတွေသာမက အစိုးရပိုင် ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်းတွေမှာ မြေဧက၊ လုပ်ခွင့် လိုင်စင်သက်တမ်း တွေကို လျှော့ချကန့်သတ်တာဖြစ်တယ်လို့ ဥပဒေပြင်ဆင်ရေး ထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

အကြီးစားတူးဖေါ်ရေးမှာ အစိုးရပိုင်လုပ်ငန်းအဖြစ်ဆက်ပြီးထားရှိရေး ဆွေးနွေးခဲ့တဲ့ ဝေါ်မဲဆန္ဒနယ်မြေက ဦးတင်ထွေးက အခုလိုတင်ပြခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်ကနေပြီးတော့ ဒါကို မပယ်ဖျက်သင့်ဘူး ဒါကို ဥပဒေတရပ်အနေနဲ့ ပြဌာန်းသင့်တယ်ဆိုပြီးတော့ ကျနော်တို့အခု ကန့်လက်ဇယျား စာမျက်နှာ ၁ ၊ ပုဒ်မ ၁၀ မှာ ပြဌာန်းထားတဲ့အတိုင်း ၀န်ကြီးဌာနဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးအတွက် လုပ်ကိုင်ရန် လိုအပ်ပါက သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် အစိုးရမျိုးနှင့် ပူးပေါင်းရမည်။ နိုင်ငံတကာ စံနှုန်း စံချိန်များနှင့်အညီဆောင်ရွက်ရမည်ဆိုပြီးတော့ ဒါဟာ ကျနော်တို့ နိုင်ငံတော်၊ နိုင်ငံသားများအကျိုးကို ရှေးရှု့ပြီးတော့ ပြည်သူ့လွှတ်တော်ကနေပြီးတော့ ပြဌာန်းလိုက်တာပဲဖြစ်ပါတယ်။"

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲတဲ့ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး တပိုဒ်ချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုး ပြဌာန်းမှာဖြစ်ပါတယ်။

လက်ရှိ ကျောက်မျက်တူးဖေါ် လုပ်ပိုင်ခွင့် ရထားတဲ့ လုပ်ငန်းတွေ အနေနဲ့တော့ သက်တမ်း ကုန်တဲ့ အထိ ဥပဒေဟောင်း အတိုင်း လုပ်ကိုင်လို့ ရပေမဲ့ သက်တမ်း တိုးမယ့် ကုမ္ပဏီ တွေနဲ့ လုပ်ငန်း အသစ်တွေ ကတော့ ၂၀၁၇ ဥပဒေသစ် အတိုင်း ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ တည်ဆဲ ဥပဒေ အရ ဧက ၅၀၀ အထက် တူးဖော် ခြင်းလုပ်ငန်း တွေကို အကြီးစား သတ်မှတ်ထားပြီး၊ ၁၀ နှစ် တူးဖော်ခွင့် ပြုထားတာပါ။ အခု အဲဒါတွေကိုတော့ ဥပဒေ အသစ် အရ နောက်ပိုင်းမှာ ရပ်ဆိုင်း သွားမှာ ဖြစ်ပါတယ်။ NLD အစိုးရ တက်လာပြီး နောက်ပိုင်း အကြီးစား ကျောက်မျက် တူးဖေါ်ခြင်း လုပ်ငန်းတွေနဲ့ ပတ်သက်လို့ လိုင်စင် သက်တမ်း တိုးခြင်းနဲ့ လိုင်စင် အသစ် ချပေးခြင်း တို့ကို ရပ်ဆိုင်း ထားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG