သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သစ်အတွက် ကိုယ်စားလှယ်တွေ ပြင်ဆင်


လွှတ်တော်သစ်အတွက် ကိုယ်စားလှယ်တွေ ပြင်ဆင်
လွှတ်တော်သစ်အတွက် ကိုယ်စားလှယ်တွေ ပြင်ဆင်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ စစ်အစိုးရက ဦးဆောင်ခေါ်ယူတဲ့ လွှတ်တော် အစည်းအဝေးကို မနက်ဖြန် ကျင်းပတော့မှာမို့ လွှတ်တော် တက်ရောက်ကြဖို့အတွက် လွှတ်တော်အမတ်တွေ နေပြည်တော်မှာ ရောက်ရှိနေကြပါပြီ။ လွှတ်တော် ကျင်းပတော့မယ် ဆိုပေမဲ့ သတင်းထောက်တွေ လွှတ်တော်တွင်း ဝင်ရောက် သတင်းယူခွင့်ကိုတော့ စစ်အစိုးရက အခုချိန်ထိ မပေးသေးပါဘူး။ လွှတ်တော်တက်ကြမယ့် အမတ်တွေ လွှတ်တော် အစည်းအဝေးအတွက် ဘာတွေပြင်ဆင်နေကြသလဲ ဆိုတာနဲ့ လွှတ်တော်သတင်း ယူကြမယ့် သတင်းထောက်တွေ ဘယ်လို သတင်းရယူကြမလဲ ဆိုတာတွေကို မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်မှာ လွှတ်တော် အစည်းအဝေးတွေကို တနိုင်ငံလုံးက လွှတ်တော် အစည်းအဝေး ခန်းမတွေမှာ စတင်တော့မှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အမတ်တွေက နေပြည်တော်မှာ လွှတ်တော် အစည်းအဝေးတွေ တက်ရောက်ကြရမှာ ဖြစ်ပြီးတော့ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော် အမတ်တွေကတော့ သက်ဆိုင်ရာ ပြည်နယ်တွေ၊ တိုင်းတွေမှာ လွှတ်တော် အစည်းအဝေး တက်ရောက်ကြရမှာ ဖြစ်ပါတယ်။

မနက်ဖြန် လွှတ်တော်မှာတော့ သက်ဆိုင်ရာ လွှတ်တော် သဘာပတိကို ရွေးချယ်ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“မနက်ဖြန် စတက်တက်ချင်း လွှတ်တော်ရဲ့ ပထမဆုံး အစကိုး၊ စပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ မရှိသေးဘူး။ ကျနော်တို့ ပထမဦးဆုံး ကိုယ်စားလှယ်တွေထဲက သဘာပတိကို ရွေးမယ်၊ သဘာပတိက ကြီးမှူးပြီး လွှတ်တော်ကို ကျင်းပမယ်။ လွှတ်တော်ကျင်းပတဲ့ အချိန်မှာ သဘာပတိ ရှေ့မှာပဲ ကျနော်တို့ ကတိသစ္စာပြုမယ်ပေါ့။ သူ့ဥပဒေအရ ကတိသစ္စာပြုပြီးမှ ကျနော်တို့က စပြီး ဥပဒေအရ အကျုံးဝင်သွားတာပေါ့။ ပြီးတော့မှ သဘာပတိ ကြီးမှူးပြီးတော့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေထဲက လွှတ်တော်ဥက္ကဋ္ဌ တယောက်ကို ရွေးပါမယ်။”

လွှတ်တော်အမတ်တွေက အမည်စာရင်း တင်သွင်းလာတဲ့ လွှတ်တော် သဘာပတိလောင်းတွေထဲက တယောက်ကို မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီကတဆင့် ရွေးကောက်ခံရတဲ့ လွှတ်တော် သဘာပတိက လွှတ်တော် အစည်းအဝေးတွေကို တာဝန်ယူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။

“အဆိုပြုမယ်၊ အဲဒါကို မဲခွဲဆုံးဖြတ်မယ်၊ အများလက်ခံရင် အဲဒီပုဂ္ဂိုလ်က သဘာပတိ ဖြစ်မှာပေါ့ဗျာ။ သဘာပတိရဲ့ ရှေ့မှောက်မှာ ကျနော်တို့က ဥက္ကဋ္ဌတို့၊ ဒုတိယ ဥက္ကဋ္ဌတို့ကို ပြန်ရွေးကြမယ်။ အဲဒီမှာ ဥက္ကဋ္ဌ ဘယ်သူ့ကိုဖြင့် ဘယ်သူက အဆိုပြုပါတယ်၊ အဆိုပြုတဲ့ ပုဂ္ဂိုလ်ကလည်း အဆိုမပြုခင်မှာ အဆိုပြုခံမယ့် ပုဂ္ဂိုလ်က လက်ခံမယ့်အကြောင်း သဘောတူညီချက် ရပြီးမှ ဆက်အဆိုပြုရမှာပေါ့။ ဒါ သဘာပတိ ဖြေရှင်းရမှာပေါ့။ အဲဒီမှာ မဲခွဲ ဆုံးဖြတ်မယ်။ အဲဒီပုံစံအတိုင်းပဲ ဒုတိယပိုင်းမှာလည်း ဒီအတိုင်းပဲ သွားမှာပါ။”

အခုကျင်းပမယ့် လွှတ်တော် သုံးရပ်ထဲမှာ လက်ရှိ စစ်အစိုးရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၈၀%၊ အမျိုးသား လွှတ်တော်မှာ ၇၅% ကျော်၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်မှာလည်း ၇၅% ခန့်နဲ့ လွှတ်တော်အမတ် အားလုံးရဲ့ လေးပုံ သုံးပုံ နေရာကို ရယူထားတဲ့အတွက် မဲခွဲ ဆုံးဖြတ်မှုတိုင်းမှာ အသာစီး ရရှိနေမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ အများစု ဖြစ်နေသလိုပဲ စစ်ဦးစီးချုပ်က အမည်ပေး တင်သွင်းတဲ့ စစ်သား လွှတ်တော်အမတ် ၃၈၈ ဦးကလည်း လွှတ်တော်ထဲမှာ ရှိနေပါသေးတယ်။

လူနည်းစု အနိုင်ရ လွှတ်တော်အမတ်တွေ အနေနဲ့ လွှတ်တော်ထဲ မဲခွဲ ဆုံးဖြတ်မှုမှာတော့ သိသိသာသာ အားနည်းနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဆိုပါတယ်။

“အင်အားကြီး ပါတီတွေကတော့ အဓိက ဆန္ဒပြုပွဲတွေမှာ သုံးခွင့်ရှိပါတယ်၊ ကိုယ်တိုင် လူသိရှင်ကြား မတ်တပ်ရပ်ပြီး ဆန္ဒပြုတာ တမျိုး၊ မဲပုံးနဲ့ မဲပေးရတာ တမျိုး၊ စက်ခလုပ်နှိပ်ပြီး မဲပေးရတာ တမျိုးပေါ့လေ။ ဆန္ဒမဲပေး ရွေးချယ်တဲ့ စနစ်ကတော့ ၃ မျိုးဗျာ။ အဲဒီတော့ ဘာမဆို လွှတ်တော်က ဆုံးဖြတ်တဲ့ အခါမှာ ဆန္ဒမဲနဲ့ ဆုံးဖြတ်မှာဆိုတော့ ဆန္ဒမဲ များတဲ့ပါတီတွေ၊ စည်းလုံးတဲ့ ပါတီတွေကတော့ အားသာချက် အပြည့်ရှိတာပေါ့ဗျာ။”

လွှတ်တော်တွင်း သတင်းထောက်တွေ ဝင်ရောက် သတင်းရယူခွင့်လည်း စစ်အစိုးရက ကန့်သတ်ထားတာကြောင့် လွှတ်တော်အမတ်တွေ တည်းခိုရာ ဟိုတယ်တွေမှာ လိုက်လံ သတင်းရယူနေရတယ်လို့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

လွှတ်တော် အစည်းအဝေးတွေ ခေါ်ယူတော့မယ့် အချိန် နေပြည်တော်မှာ လွှတ်တော်အမတ်တွေ တည်းခိုရာ နေရာတွေကို စစ်အစိုးရက လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် သတင်းရယူလိုသူတွေက လုံခြုံရေး အစောင့်တွေထံမှာ ကိုယ်ရေး အချက်အလက် ဖြည့်သွင်းပြီး လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခွင့် တောင်းခံ သတင်းရယူနေရတယ်လို့လည်း နေပြည်တော်မှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေနဲ့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

XS
SM
MD
LG