မြန်မာနိုင်ငံမှာ လွှတ်တော် ၃ ရပ်စလုံးရဲ့ ပထမဆုံးအကြိမ် စည်းဝေးပွဲတွေကို ဒီကနေ့ မနက်မှာ စတင်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတွေကို ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအတွက် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ဟောင်း ခင်အောင်မြင့်ကို ရွေးချယ်လိုက်ကြပြီး မနက်ဖြန်မှာ သမ္မတလောင်း ၃ ယောက်ရဲ့ အမည်စာရင်းတွေကို တင်သွင်းကြဖို့လည်း ရှိနေပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီကနေ့မနက် ၈ နာရီ ၅၅ မိနစ်မှာ သတ်မှတ်ထားတဲ့အတိုင်း လွှတ်တော် ၃ ရပ်စလုံးကို တပြိုင်တည်း ကျင်းပခဲ့ကြတာပါ။ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်သွင်းပြီး သက်ဆိုင်ရာ လွှတ်တော်အသီးသီးအတွက် ဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ခဲ့တဲ့အကြောင်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တွေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် ရွေးကောက် တင်မြှောက် ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပြပါတယ်။
“အစီအစဉ်က မနက်ပိုင်းမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် သီးခြား အစည်းအဝေး လုပ်တယ်။ လုပ်ပြီးတော့မှ ပြည်သူ့လွှတ်တော်က ပထမ သဘာပတိ ရွေးတယ်။ သဘာပတိကနေ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွှေမန်းကို ရွေးတင်တယ်။ နောက် ဒု-ဥက္ကဋ္ဌ နန္ဒကျော်စွာကို ရွေးလိုက်တယ်။ နောက် ဒီဘက်က အမျိုးသားလွှတ်တော်က ပထမ သဘာပတိ ရွေးတယ်။ သဘာပတိကတဆင့် အားလုံးရဲ့ဆန္ဒနဲ့ ဗိုလ်ချုပ် ခင်အောင်မြင့်ကို ဥက္ကဋ္ဌ ရွေးတယ်။ နောက် ဦးမြငြိမ်းဆိုတာ ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်၊ Retired ပေါ့၊ သူ့ကိုက ဒု-ဥက္ကဋ္ဌ ရွေးလိုက်တယ်။
“ပြီးတော့မှ ညနေ ၃ နာရီခွဲမှာ ပြည်ထောင်စု လွှတ်တော်ကြီးကို ဆက်ကျင်းပတယ်။ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ မနက်ဖြန်မှာ ဒု-သမ္မတ ၃ ဦးပေါ့၊ ရွေးဖို့အတွက် အတည်ပြုတယ်။ ဒါပါပဲ။”
မနက်ဖြန်မှာ ကိုယ်စားလှယ် အမည်စာရင်းတွေ တင်သွင်းကြမယ်ပေါ့၊ ဒု-သမ္မတ။
“ဟုတ်ကဲ့၊ ဒု-သမ္မတ၊ တပ်မတော်က ၁ ယောက်၊ ပြည်သူ့လွှတ်တော်က ၁ ယောက်၊ အမျိုးသားလွှတ်တော်က ၁ ယောက်၊ တင်သွင်းကြမှာ ဖြစ်ပါတယ်။”
ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သွားတာပေါ့။
“ဟုတ်ကဲ့၊ ဥက္ကဋ္ဌ ဖြစ်သွားပါတယ်။”
ဒီနေ့ အစည်းအဝေး ထိုင်ကြတာ တပြိုင်တည်း အကုန် စုထိုင်ကြတာလား။
“ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က အမျိုးသားလွှတ်တော်။ ခန်းမချင်း မတူပါဘူး။ ပြီးတော့မှ ပြည်ထောင်စု လွှတ်တော်ကျမှ ပေါင်းထိုင်ကြတာပါ။ အဆောက်အဦးကြီးက အကြီးကြီးပဲ။ အဆောက်အဦးပေါင်း ၃၁ လုံးတောင် ရှိပါတယ်။ စားသောက်တဲ့ အခန်းတွေရော၊ Theatre ကြီးတွေရော၊ အစုံပေါ့၊ ဟောခန်းတွေရော၊ ရေးရာကော်မတီ အခန်းတွေရော၊ အများကြီးပါပဲ။”
ဒီနေ့ တက်ကြတဲ့အထဲမှာ ကိုယ်စားလှယ် အားလုံး စုံစုံလင်လင် တက်တယ်ပေါ့၊ တယောက်မကျန်။
“၁၀၀% တက်ပါတယ်။”
မနက်ဖြန် အစည်းအဝေးက ဘယ်အချိန် စကြမလဲခင်ဗျ။
“၁၀ နာရီမှာ စပါမယ်။”
အန်ကယ်တို့ လွှတ်တော် ပထမ Session က ဘယ်လောက်ကြာမယ် ပြောလဲ၊ ဒီနေ့ ပြောကြတဲ့ အထဲမှာ အဲဒါတွေရော ပါလားခင်ဗျ။
“ပထမ Session ဆိုတာ။”
အခု ကျင်းပနေတာ တောက်လျှောက် ဘယ်လောက် ကြာသွားမလဲ၊ ဘယ်နှစ်ရက် ကြာသွားမလဲ။
“အဲဒါ ဘာမှ မပြောသေးပါဘူး။”
မနက်ဖြန် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ ဒု-သမ္မတ ၃ ယောက်ကို ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းကြမယ်ပေါ့။ တခြားရော။
“တင်သွင်းပြီးတော့ ဆက်ပြီး ရွေးကြမယ်နဲ့တူတယ်၊ ကြည့်ရတာ။ အဲဒါအထိတော့ မရောက်သေးပါဘူး။ မဆွေးနွေးသေးပါဘူး။”
သမ္မတကို အတည်ရွေးဖို့အတွက်က ဘယ်နေ့ဖြစ်မယ်ဆိုတာ မသိသေးဘူးပေါ့။
“မသိသေးပါဘူး။ မနက်ဖြန်လည်း ပြတ်ရင် ပြတ်သွားမှာပါ။”
ဒါဆိုရင် တခြား သမ္မတ ရွေးပြီးမှပဲ ကော်မတီ ဖွဲ့တာတို့၊ အစိုးရအဖွဲ့ ဖွဲ့တာတို့ ဖြစ်မယ်ထင်တယ်နော်။
“အဲဒါတွေ ဆက်ဖြစ်မယ်။ အဲဒါကြောင့်လည်း အမြန်လုပ်တာ ဖြစ်ပါလိမ့်မယ်၊ နိုင်ငံတော်က။”
အန်ကယ့်အထင်အရတော့ ဒီကိစ္စက မြန်မြန်လေး သူတို့ လုပ်ကြလိမ့်မယ်လို့ ထင်တယ်ပေါ့။
“ဟုတ်ကဲ့၊ သေချာပါတယ်။ မြန်မြန် လုပ်ကြပါလိမ့်မယ်။”
ဒီနေ့ ဘယ်နှစ်နာရီလောက် ကြာသွားလဲ၊ အစည်းအဝေးက။
“ညနေ ၄ နာရီလောက်မှာ အားလုံး ပြီးကုန်ပါတယ်။”
အမျိုးသားလွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေ နည်းတူ တိုင်းဒေသကြီးလွှတ်တော် စည်းဝေးပွဲတွေကိုလည်း ပြည်နယ်၊ တိုင်း ဒေသကြီး ၁၄ ခုက မြို့တော်တွေမှာ ဒီကနေ့မနက် ၈ နာရီ ၅၅ မိနစ်မှာ တပြိုင်တည်း ကျင်းပပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌနေရာတွေ ရွေးကောက် တင်မြှောက်ခဲ့ကြတဲ့အကြောင်း RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မြေ ၂ ကနေ ရွေးကောက် တင်မြှောက်ခံထားရတဲ့ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဖိုးမင်းက ပြောပြပါတယ်။
“ဒီနေ့ကတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရွေးတာပါ။ အဲဒီမှာ သဘာပတိ ရွေးပြီးတော့ လွှတ်တော်ထဲမှာ အရွေးခံတဲ့ ပုဂ္ဂိုလ်တွေ အားလုံး သဘာပတိ ရှေ့မှောက်မှာပဲ ကျမ်းကျိန်ကြပါတယ်။ ကျမ်းသစ္စာဆိုတယ်။ နောက်မှ သဘာပတိက အဲဒါပြီးရင် ဥက္ကဋ္ဌကို မဲနဲ့ရွေးတယ်။ ပြီးတော့ ဒု-ဥက္ကဋ္ဌကို မဲနဲ့ရွေးတယ်။ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌကို ရွေးတယ်။ ဒါပါပဲ။ ဥက္ကဋ္ဌကို ကြံ့ခိုင်ရေးပါ၊ ဒု-ဥက္ကဋ္ဌလည်း ကြံ့ခိုင်ရေးကပါ။”
တိုင်းဒေသကြီးလွှတ်တော် စည်းဝေးပွဲတွေကို ဒီနေ့ ကျင်းပပြီးစီး သွားပေမဲ့လည်း နောက်နေ့တွေမှာ ဘာဆက်လုပ်ရမယ် ဆိုတာတော့ လွှတ်တော် စည်းဝေးပွဲ ကျင်းပပြီးစီးသွားတဲ့အထိ ကိုယ်စားလှယ်တွေကို အကြောင်းကြားထားခြင်း မရှိသေးပါဘူး။
“နောက်နေ့ အစီအစဉ်ကတော့ မသိသေးဘူး။ နောက်နေ့ အစီအစဉ်တော့ သူတို့ နောက်မှပဲ အဆက်အသွယ် လုပ်လိမ့်မယ် ထင်ပါတယ်။”
ရခိုင် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဖိုးမင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရခိုင်တိုင်းဒေသကြီး လွှတ်တော်စည်းဝေးပွဲကိုတော့ စစ်တွေမြို့တော် ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်တပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ RNDP ပါတီက ကိုယ်စားလှယ် ၁၈ ယောက်တို့ အပါအဝင် ရွေးကောက်ခံ ကိုယ်စားလှယ် အားလုံး ၄၇ ဦး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စည်းဝေးပွဲကိုတော့ အရင် ပြည်သူ့လွှတ်တော် အဆောက်အဦး နေရာမှာ ကျင်းပခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး စည်းဝေးပွဲကိုတော့ တရားရုံးဘေးနားက ပဲခူးတိုင်း ရုံးအတွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးတွေ အားလုံးကို ရခိုင်တိုင်းဒေသကြီး လွှတ်တော်စည်းဝေးပွဲလိုပဲ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတို့ကို ရွေးချယ်ပြီး ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ စည်းဝေးပွဲကို ခပ်စောစောပိုင်းမှာပဲ ကျင်းပ ပြီးစီးသွားတယ်လို့ သိရပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေကို ခုချိန်ထိ တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိသေးပေမဲ့ တိုင်းဒေသကြီးလွှတ်တော် အားလုံးနီးပါးမှာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကိုယ်စားလှယ် အများစု အနိုင်ရထားတဲ့အပြင် စစ်တပ်ကိုယ်စားလှယ် ၂၅% ကလည်း ရှိနေပြန်တော့ စစ်တပ်ကို လိုလားသူ၊ ဒါမှမဟုတ် စစ်အစိုးရ အတွင်းက အရာရှိဟောင်းတွေပဲ ရွေးချယ်ခံရလိမ့်မယ်လို့ အများစုက ယူဆထားကြတာ ဖြစ်ပါတယ်။
ပါလီမန် ၃ ရပ်စလုံးအတွက် လွှတ်တော်အမတ်နေရာ စုစုပေါင်း ၁,၅၃၇ ဦးရှိတဲ့ အထဲက ၁,၁၅၄ ဦးကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့ကြတာဖြစ်ပြီး ကျန် ၃၈၈ ဦး၊ ဒါမှမဟုတ် အမတ်နေရာ စုစုပေါင်းရဲ့ ၂၅% နဲ့ ညီမျှတဲ့ ဦးရေကတော့ စစ်တပ်က တိုက်ရိုက်ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၉၃ ဦးထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ ၃၈၈ နေရာ၊ ဒါမှမဟုတ် အမတ်နေရာ စုစုပေါင်းရဲ့ ၇၇% ကျော်ကို အနိုင်ရထားတာ ဖြစ်တဲ့အပြင် စစ်တပ်က တိုက်ရိုက်ရွေးချယ်ထားတဲ့ အမတ် ၂၅% လည်း ရှိနေသေးတဲ့အတွက် ကျန် အတိုက်အခံ ပါတီတွေအတွက် လွှတ်တော်အတွင်း ပြောဆို ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်း နည်းလွန်းတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။