သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သတင်းယူခွင့် မရေရာ


လွှတ်တော်သတင်းယူခွင့် မရေရာ
လွှတ်တော်သတင်းယူခွင့် မရေရာ

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် လွှတ်တော်ကို သတင်းသမားတွေ သတင်းသွားယူခွင့် ရမလား၊ မရဘူးလားဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။ အခုဆိုရင် လွှတ်တော်ကျင်းပဖို့ ၃ ရက်သာ လိုတော့တာဖြစ်ပြီး နောက်ရက်တွေမှ သတင်းယူခွင့် အကြောင်းကြားမယ်ဆိုရင် ပြည်တွင်း သတင်းသမားတွေထက် ပြည်ပ သတင်းဌာနတွေအတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း သတင်းသမားတွေက သုံးသပ်ကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ဇန်နဝါရီ ၃၁ ရက် တနင်္လာနေ့မှာ ကျင်းပမယ့် ပထမဆုံးအကြိမ် လွှတ်တော်သတင်းကို ပြည်တွင်းက သတင်းထောက်တွေရော ပြည်ပမှာ စောင့်နေကြတဲ့ နိုင်ငံခြား သတင်းဌာနတွေရော သတင်းယူခွင့် ရှိသလား၊ မရှိဘူးလားဆိုတာ ဒီနေ့ထိ မသိရသေးပါဘူး။ သက်ဆိုင်ရာ သတင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကို သတင်းသမားတွေ စုံစမ်းမေးမြန်းကြည့်ပေမဲ့ သူတို့လည်း အခုချိန်ထိ မသိရသေးလို့ စောင့်ပါဦးလို့သာ အကြောင်းပြန်တယ်လို့ Flower News ဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်၊ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။

“အခုပြောနေတဲ့ အချိန်အထိတော့ ဘာမှ ကျနော်တို့ကို Yes လား No လား ဘာမှ ပြောကြားခြင်း မရှိသေးပါဘူး။ ကျနော်တို့ တတ်နိုင်သလောက် တတ်နိုင်တဲ့ ပုဂ္ဂိုလ်များဆီကို စုံစမ်းမေးမြန်းကြည့်တဲ့ အခါမှာလည်း စောင့်ပါဦး၊ သူတို့လည်း မသိသေးပါဘူးလို့ပဲ ပြောပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒါကို သိချင်နေပါတယ်။

“သတင်းသမားကတော့ သတင်းယူခွင့်ရရင် ဝမ်းသာတာပေါ့ခင်ဗျာ။ သတင်းယူခွင့် မပေးဘူး ဆိုတော့လည်း ကျနော်တို့မှာ စိတ်မကောင်း ဖြစ်တာပေါ့လေ။ စိတ်မကောင်း ဖြစ်ရုံကလွဲလို့ မတတ်နိုင်ဘူး။ သို့သော် သတင်းပေးမယ့် အလုပ်ထဲမှာ ဘယ်လို အခက်အခဲတွေ ရှိသလဲ၊ ဘာတွေ ကန့်သတ်ချက်တွေ ရှိသလဲ၊ မသိနိုင်ဘူး။ အဲတော့ မသိနိုင်တဲ့ အတွက်ကြောင့် ကျနော်တို့ကတော့ အပြစ်တင်တယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ဒီလိုမျိုး မယူဖြစ်ဘဲ လွဲရင်တော့ ကျနော်တို့က စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ကျန်တာတော့ ပြောစရာရှိမယ် မထင်ပါဘူး။”

အခုဆိုရင် လွှတ်တော်ကျင်းပဖို့ ၃ ရက်သာ လိုတော့တာမို့ နောက်ရက်တွေမှ သတင်းယူခွင့် ရတယ်ဆိုပြီး ကပ်ပြီး အကြောင်းကြားရင် ပြည်တွင်း သတင်းထောက်တွေအတွက် ပြဿနာ မရှိပေမဲ့ အိမ်နီးချင်း နိုင်ငံတွေကနေ မြန်မာပြည်ထဲကို ဝင်ပြီး သတင်းယူဖို့ စောင့်နေကြတဲ့ နိုင်ငံခြား သတင်းထောက်တွေ အများကြီး အခက်အခဲ ရှိနိုင်မယ်လို့လည်း ပြောပါတယ်။

“အဲဒီဟာတွေကတော့ နည်းနည်းခက်မယ်ထင်တယ်။ ဥပမာ ကျနော်တို့ နိုင်ငံခြား သတင်းဌာနဆိုရင် ဘန်ကောက်မှာ အခြေစိုက်တဲ့ ကျနော်တို့ မိတ်ဆွေတွေလည်း ရှိတယ်။ သူတို့ဘက်ကတော့ အချိန် အနည်းဆုံး တရက်လောက်တော့ ကြိုပြီး ပေးရမယ်။ သို့သော် ဟိုးအရင်တုန်းကလည်း ဒါမျိုးတွေ အတွေ့အကြုံ ရှိတယ်။ သူတို့လည်း အဲဒါမျိုး Very Short Notice ကျမှပဲ မနက်ဖြန်မနက် သံရုံးသွားပြီး ဗီဇာလျှောက်ပါတော့ ဘာညာဆိုပြီး ပြောပြီးတော့ အကြောင်းကြားတာမျိုးလည်း ရှိတယ်။

“အဲတော့ ကျနော်တို့ ဒီမှာကတော့ Everything is possible နဲ့ Everything is impossible ပေါ့ဗျာ။ အရာရာတိုင်းလည်း ဖြစ်နိုင်တယ်၊ အရာရာတိုင်းလည်း မဖြစ်နိုင်ဘူး။ ကျနော်တို့က လောလောဆယ်တော့ စောင့်ဆိုင်းနေတဲ့ အနေအထားမှာပဲ ရှိပါတယ်။”

စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆယ်စုနှစ် နှစ်စုကျော်ကြာ ပျောက်နေခဲ့တဲ့ လွှတ်တော်ကို မကြာခင်ရက်အတွင်း ပြန်လည်ခေါ်ယူ ကျင်းပတော့မယ်ဆိုတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်တစား ရှိနေတာမို့ ဒီသတင်းကို သတင်းသမားတွေ တက်ရောက် သတင်းယူခွင့်ရှိဖို့ လိုတယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ဆိုပါတယ်။

“အဲဒီလို လွှတ်တော်မျိုးမှာ သတင်းသမားတွေ သတင်းတက်ရောက် ယူဖို့လည်း လိုအပ်ပါတယ်။ သတင်းသမားတွေ အနေနဲ့လည်း ဒီလွှတ်တော်ဟာ ဘယ်လိုလွှတ်တော်မျိုးလဲ၊ ဘယ်လို အစိုးရသစ် ဖွဲ့မှာလဲ၊ ဘယ်လိုပုံစံနဲ့ ကျင်းပမှာလဲ ဆိုတာကို ပြည်သူလူထုကို တင်ပြဖို့အတွက် တော်တော်လေးကို စိတ်ဝင်စားမှု fရှိကြတယ်။ သွားရောက်ပြီးတော့လည်း သတင်းယူဖို့ ပြင်ဆင်ထားကြတယ်။

“ဒါပေမဲ့ အခုချိန်ထိ ဘာမှ အဆက်အသွယ် မရသေးတဲ့ အခါကြတော့ သတင်းသမားတွေကြားမှာ သို့လော သို့လောနဲ့ ဖြစ်နေကြတာပေါ့။ အကယ်၍ သတင်းယူခွင့် မရဘူး ဆိုရင်တော့ ဒီ ပြည်သူ့လွှတ်တော်ဆိုတာ တကယ် ပြည်သူ့လွှတ်တော်မှ ဟုတ်ရဲ့လား၊ သတင်းယူခွင့်လည်း မရဘူး၊ လေ့လာသူတွေလည်း တက်ရောက်ခွင့် မရဘူးဆိုရင် ဒီ ပြည်သူ့လွှတ်တော်ဟာ ဘယ်လိုလွှတ်တော်မျိုးလဲ ဆိုတာ အများကြီး မေးခွန်းထုတ်စရာတွေ ဖြစ်မှာပါ။

“အဲတော့ အဲဒီလိုသာ သတင်း တက်ရောက်ယူခွင့် မရဘူး ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ အခြေခံ လွတ်လပ်ခွင့်တွေဟာလည်း ဘာမှ ရမှာမဟုတ်ဘူး ဆိုတဲ့ သဘောကို သက်ရောက်နေပါတယ်။ အဲတော့ ဘယ်လိုပြန်ဖြစ်မလဲ ဆိုတော့ ကျနော်တို့က ရှေ့ကို ရွေ့သွားတာ မဟုတ်ဘဲ၊ အနာဂတ်သစ် တခုကို ဖန်တီးတာ မဟုတ်ဘဲ ဟိုး လွန်ခဲ့တဲ့ အနှစ် သုံးလေးဆယ်က မဆလ ခေတ်ဦးကို ပြန်ရောက်သွားတဲ့ သဘောမျိုး ဖြစ်မှာပါပဲ။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

လွှတ်တော်တွင်း ဘာတွေဆွေးနွေးလို့ ဘယ်လိုဆုံးဖြတ်ကြတယ် ဆိုတာကို အပြည့်အစုံ သတင်းရေးခွင့် ရတယ်၊ မရနိုင်ဘူး ဆိုတာထက် တနင်္လာနေ့ ကျင်းပမယ့် လွှတ်တော်ကို သတင်းသွားယူခွင့်ရရေး ဆိုတာကိုပဲ မျှော်လင့်နေရတယ်လို့ ပြည်တွင်း သတင်းထောက်တွေက ပြောပါတယ်။

XS
SM
MD
LG