သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပအသံလွှင့်ဌာနများ အပေါ် ပုတ်ခတ်မှု အစိုးရသတင်းစာ ရပ်ဆိုင်း


ပြည်ပအသံလွှင့်ဌာနများ အပေါ် ပုတ်ခတ်မှု အစိုးရသတင်းစာ ရပ်ဆိုင်း
ပြည်ပအသံလွှင့်ဌာနများ အပေါ် ပုတ်ခတ်မှု အစိုးရသတင်းစာ ရပ်ဆိုင်း

မြန်မာအစိုးရ သတင်းစာတွေမှာ နေ့စဉ်ဖော်ပြနေခဲ့တဲ့ မြန်မာလို လွှင့်ထုတ်တဲ့ ပြည်ပရေဒီယို သတင်းဌာနတွေအပေါ် ပုတ်ခတ်ရေးသားတဲ့ ဆောင်ပုဒ်တွေကို ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖြုတ်လိုက်တာ တွေ့ရပါတယ်။ ပြည်တွင်း သတင်းနဲ့ မီဒီယာသမားတွေကတော့ ဒါဟာ အစိုးရသစ်ရဲ့ အပြောင်းအလဲတရပ် ဖြစ်သလို အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုပြီး ကြိုဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ သဘောထားကိုတော့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ပြည်ပ အသံလွှင့် သတင်းဌာနတွေ ဖြစ်ကြတဲ့ VOA, BBC, RFA, DVB သတင်းဌာနတွေကို ဝေဖန်ပုတ်ခတ်တဲ့ ဆောင်ပုဒ်တွေကို စစ်အစိုးရ လက်ထက်ကစပြီး အစိုးရသစ် ဖွဲ့စည်းပြီး အချိန်အထိ နေ့စဉ် တောက်လျှောက် ဖော်ပြလာရာကနေ ဒီကနေ့ သတင်းစာတွေမှာ အဲဒီဆောင်ပုဒ်တွေ ဖြုတ်လိုက်တာကို အတော်များများ သတိထားမိသလို ဒါဟာ အပြောင်းအလဲတခု ဖြစ်တယ်လို့ တွက်ဆကြပါတယ်။ သတင်းဂျာနယ် အယ်ဒီတာတဦးဖြစ်တဲ့ စာရေးဆရာ မောင်ဝံသကတော့ ဒါဟာ ပြန်လည်ရင်ကြားစေ့ရေး သဘောထား ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

“ကျနော်တို့တော့ အင်မတန် ဝမ်းသာပါတယ်ဗျာ။ မီဒီယာသမား အချင်းချင်းလည်း ကျနော်တို့က မျက်နှာပူစရာ ဖြစ်တယ်။ နိုင်ငံရေးအရ ဆန့်ကျင်ဘက် သဘောထားတွေ ရှိတယ်လို့ သုံးသပ်ပြီးတော့ VOA တို့၊ BBC တို့၊ RFA တို့၊ DVB တို့ကို အဲဒီလို ရှုမြင်တာပေါ့ဗျာ။ ကျနော်တို့ကလည်း ပြည်တွင်းမှာ မီဒီယာလုပ်နေတဲ့ သတင်းသမားတွေ ဆိုတော့ သတင်းသမား အချင်းချင်း အနေနဲ့က မျက်နှာပူတာပေါ့။ အခု ပြည်တွင်း မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပြောပါတယ်၊ စတုတ္ထမဏ္ဍိုင်ပေါ့ဗျာ၊ စတုတ္ထမဏ္ဍိုင် အနေနဲ့ ကျနော်တို့ကို အသိအမှတ်ပြုတာလည်း ဝမ်းသာတယ်။

“အခု ပြည်ပမီဒီယာတွေကို အရင်ကဆိုရင်တော့ ရန်သူလို သဘောထားတာပေါ့။ အခုအချိန်မှာကျတော့ ပြည်ပမီဒီယာ၊ မြန်မာလို အသံလွှင့်တဲ့ မီဒီယာတွေကို အဲဒီလို သုံးသပ်တာမျိုး မဟုတ်တော့တဲ့အတွက် ဒါ ကောင်းတဲ့လက္ခဏာပဲလို့ မြင်ပါတယ်။ ပြန်ပြီးတော့ ရင်ကြားစေ့တဲ့ သဘောတခုပါပဲ။”

ဒီလို စာတမ်းတွေ ဖြုတ်လိုက်တာကို မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) ကလည်း ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အစိုးရသစ်ရဲ့ အပြောင်းအလဲ၊ အထူးသဖြင့် ပြန်ကြားရေး မျက်နှာစာရဲ့ အပြောင်းအလဲတခု ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ကျနော်ကတော့ အခု အစိုးရက ကြေညာနေတဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး ဆိုတာပေါ့ဗျာ။ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး ဆိုရာမှာလည်း ကျနော်တို့ ဘာပဲပြောပြော မီဒီယာတွေ အချင်းချင်းပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် သဘောထား အယူအဆ မတူညီကြတဲ့သူတွေ စည်းလုံးမှုမှာ မီဒီယာတွေလည်း ပါဝင်စေချင်ပါတယ်။ အဲတော့ အခု ဒီလိုမျိုး နိုင်ငံပိုင် သတင်းစာတွေထဲမှာ ပုံမှန်ပါနေကြ ကဏ္ဍတွေကို ဖြုတ်လိုက်တဲ့ အတွက်ကြောင့် ကျနော်ကတော့ မီဒီယာသမားတဦး အနေနဲ့ကတော့ ဝမ်းသာပါတယ်၊ ကြိုလည်း ကြိုဆိုပါတယ်။

“ဘာပဲပြောပြော အနည်းဆုံးတော့ အစိုးရအဖွဲ့ အပြောင်းအလဲတခု ရှိတယ်ဆိုတဲ့ နေရာမှာ ပြန်ကြားရေးရဲ့ မျက်နှာစာ တခုကလည်း ပြောင်းလဲပါတယ် ဆိုတာကိုတော့ ကျနော်တို့ ပြသဖို့ လိုပါတယ်။ အဲဒီအတွက်ကိုတော့ ဒါဟာ ပြသမှုရဲ့ အစိတ်အပိုင်းတခု အနေနဲ့ ထင်ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒီလိုမျိုး ဖျောက်လိုက်ခြင်း အားဖြင့်လည်း နားလည်မှုတွေ လွဲနေတာတွေ ရှိကောင်း ရှိနိုင်ပါတယ်၊ ကောင်းတဲ့ဘက်ကို ပိုပြီး ဦးတည်လာလိမ့်မယ့် အနေအထားလို့ပဲ ကျနော် မြင်ပါတယ်။”

စာရေးဆရာ ဒါရိုက်တာ ချိုတူးဇော်ကတော့ အစိုးရတရပ်ရဲ့ ပြန်ကြားရေးကို ကိုယ်စားပြုတဲ့ သတင်းစာတွေကနေ အခုလို အရေးအသားမျိုးတွေဟာ အရင်ကတည်းက မဖြစ်သင့်တာမို့ ဒါတွေကို ပြန်ဖြုတ်လိုက်တဲ့အပေါ် အကောင်းဘက်က ကြိုဆိုပါတယ်။

“ကောင်းတဲ့အလားအလာလို့ပဲ မြင်ပါတယ်ဗျာ။ ကျနော့်အမြင်ကတော့ ဒီကိစ္စကြီးက လုပ်စရာ၊ ရေးစရာ မလိုဘူး။ မီဒီယာပေါ့၊ နိုင်ငံကို ကိုယ်စားပြုတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန တရပ်အနေနဲ့ ဒီလို လေယူလေသိမ်း၊ ဒီလို အသုံးအနှုန်းတွေနဲ့ ပြောသင့်ပြောထိုက်တာ မဟုတ်ဘူးဗျ။ အဲတော့ အခုလိုမျိုး မပြောတော့ဘူး၊ ဒါမျိုးတွေ မထည့်တော့ဘူးဆိုတာ အရမ်းကို ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်။”

မြန်မာအစိုးရ သတင်းစာတွေမှာတော့ အရင် စစ်အစိုးရ လက်ထက်တုန်းက မပြတ် ဖော်ပြခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေကိုလည်း နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး။ ပြည်သူ့ဆန္ဒ သဘောထား ဆိုတဲ့ ဆောင်ပုဒ်ဆိုရင်လည်း အတွင်းပိုင်း စာမျက်နှာမှာ ပြောင်းထည့်လာပါတယ်။ တို့တာဝန် အရေးသုံးပါးကိုပဲ မူလ မျက်နှာဖုံးမှာ ထားရှိပါတယ်။

အခုလိုမျိုး ပြည်ပ သတင်းဌာနတွေကို ဝေဖန် ပုတ်ခတ် ရေးသားတဲ့ ဆောင်ပုဒ်တွေကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ပြီးကတည်းက စပြီး မြန်မာအစိုးရ သတင်းစာတွေမှာ နေ့စဉ်လိုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG