သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာဖြေရှင်းရေး နယူးယောက်မြန်မာအသိုင်းအဝိုင်း သမ္မတ Trump ထံစာပေးပို့


သမ္မတ Trump
သမ္မတ Trump

ရခိုင်ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် တဖက်သတ် ဖိအားပေးနေတာကို လက်မခံနိုင်တဲ့အကြောင်းနဲ့ ရခိုင်ပြဿနာဖြေရှင်းနေတဲ့ မြန်မာအစိုးရအပေါ် အမေရိကန်နိုင်ငံက ယုံကြည်စွာနဲ့ ဆက်လက်ထောက်ခံမှုပြဖို့ တောင်းဆိုတဲ့စာကို New York မြို့က မြန်မာအသိုင်းအဝိုင်းက သမ္မတ Donald Trump ကိုပေးပို့ခဲ့ပါတယ်။ New York မြို့နေ မြန်မာ ၂၀၀ လောက်က လက်မှတ်ရေးထိုးစာပို့ခဲ့တာပါ။ Indiana ပြည်နယ် Fort Wayne မြို့မှာနေထိုင်တဲ့ မြန်မာပြည်ဖွားတွေက ဒုသမ္မတ Mike Pence ဆီကို အလားတူစာပေးပို့ခဲ့ပြီးနောက်မှာ New York မြို့ကမြန်မာတွေက ခုလိုစာပို့ခဲ့ကြတာပါ။ အကြောင်းစုံကို မစုမြတ်မွန်က ဆက်ပြီးပြောပြပါမယ်။

ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာအပေါ် မမျှမတ ဖိအားပေးနေတာတွေကို လက်မခံနိုင်ကြောင်း တုံ့ပြန်တဲ့အနေနဲ့ New York မြို့နေ မြန်မာ ၂၀၀ လောက်က လက်မှတ်ရေးထိုးပြီး သမ္မတ Donald Trump ဆီကို စာရေးသားပေးပို့ခဲ့ကြတာပါ။ ရခိုင်ကိစ္စကိုင်တွယ်တဲ့နေရာမှာ အားနည်းချက် အားသာချက်တွေရှိနိုင်ပေမဲ့ ကြီးမားတဲ့လိုအပ်ချက်တွေကို ဝိုင်းဝန်း ထောက်ပံ့ဖြည့်စည်းဖို့ အဲဒီစာထဲမှာ တောင်းဆိုထားပါတယ်။ ပြဿနာတွေကို ဖြေရှင်းနေတဲ့ မြန်မာအစိုးရနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း အဲဒီစာထဲမှာ ပြောထားပါတယ်။ ဒါကြောင့် ဘာရည်ရွယ်ချက်နဲ့ ဒီလိုစာကို အမေရိကန်သမ္မတဆီကို ပို့ရသလဲဆိုတာကို ဦးဆောင်စာပို့ခဲ့တဲ့ Burma Point အဖွဲ့က ကိုမိုးချမ်းကို မေးကြည့်ပါတယ်။

"နိုင်ငံတကာက ကျနော်တို့မြန်မာနိုင်ငံအပေါ်မှာ နားလည်မှုတွေအများကြီးလွဲနေတာရှိတယ်။ တဖက်က ဝါဒဖြန့်မှုတွေအပေါ်မှာ မူတည်ပြီးမှ နားလည်မှုလွဲတာတွေရှိတယ်။ တချို့ကလည်း ဝါဒဖြန့်မှုတွေတမင်လုပ်ထားတာရှိတယ်။ ဒါတွေကို ကျနော်တို့က ကောင်းကောင်းနားလည်တယ် ။ အဲဒီအပေါ်မှာ နားလည်မူတွေလွဲပြီးတော့ ဖိအားတွေ မလိုတဲ့ဖိအားတွေ တက်လာတာတွေကိုတွေ့ရတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ကိစ္စတွေမှာ ကျနော်တို့ အသေးစိတ်မသိရသော်လည်း မှားယွင်းတာတွေလည်းရှိနိုင်တယ် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဖြစ်သင့်ဖြစ်ထိုက်သလို အရေးယူတာတွေလည်းရှိတယ်။ ဒါပေမယ့်လည်း တချို့နိုင်ငံတကာမှာ ကျနော်တို့မြင်တွေ့နေရတဲ့သတင်းတွေ နိုင်ငံတကာခေါင်းဆောင်တွေ ပြောတဲ့ ဖိအားတွေက တချို့ပြောတာတွေမှာ လွဲချော်နေတာတွေအများကြီးတွေ့ရတယ်။ ကျနော်တို့က တုံ့ပြန်တဲ့အနေနဲ့ မြန်မာပြည်သားတွေက လစ်လျူရှု့နေတာမဟုတ်ဘူး။ ့ မြန်မာပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရအပေါ်မှာ ကျနော်တို့ ယုံကြည်မှုရှိတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ လုပ်ဆောင်နေတဲ့အပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ပူးပေါင်းပေးဖို့ ၊ ထောက်ပံ့ကူညီပေးဖို့ ကျနော်တို့တောင်းဆိုပါတယ်။"

သမ္မတ Trump ဆီအပြင် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo။ New York ပြည်နယ်အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ Chuck Schumer နဲ့ Kirsten Gillibrand အောက်လွှတ်တော်အမတ်တွေဖြစ်တဲ့ Joe Crowley နဲ့ Grace Meng တို့ဆီကိုလည်း စာမိတ္တူတွေပို့ထားတယ်လို့ ပြောပါတယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ မြန်မာအပေါ် လွှတ်တော် ၂ ရပ်လုံးမှာ အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့ ပြင်ဆင်နေတာကြောင့် လွှတ်တော်အမတ်တွေဆီကိုလည်း စာပို့တာလို့ ကိုမိုးချမ်းကပြောပါတယ်။

"အထူးသဖြင့် လွှတ်တော်က ချမှတ်လာမယ့် အရေးယူမှုတွေ ၁၀၀ ရာခိုင်နှုန်းမကူညီနိုင်ရင်တောင်မှ သက်သာရာရဖို့ လုပ်ဆောင်ချင်းဖြစ်ပါတယ်။"

ခုလို New York မြို့နေ မြန်မာတချို့က သမ္မတဆီစာ မပို့ခင် Indiana ပြည်နယ်က မြန်မာပြည်ဖွား အိမ်ထောင်စု ၂၀၀ လောက် ဒုသမ္မတ Mike Pence နဲ့ ပြည်နယ်လွှတ်အမတ်တွေဆီကို ဒီနှစ်ဆန်းပိုင်းက စာအရင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒုသမ္မတ Pence ဟာ Indiana ပြည်နယ်မှာ အောက်လွှတ်တော်အမတ်အဖြစ် ၁၀ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူတို့စာအပေါ် လွှတ်တော်အမတ်တွေဖက်က တုံ့ပြန်မှုနဲ့ပတ်သက်လို့ စာဦးဆောင်ပို့ခဲ့တဲ့ Fort Wayne မြို့နေ ကိုကျော်သက်က ခုလိုပြောပြပါတယ်။

"သူတို့ဆီကနေပြီးတော့ January ၁၈ ရက်နေ့မှာ ကျနော့်ဆီကို ဖုန်းဆက်ပါတယ်။ သို့သော် ကျနော်က ခရီးလွန်နေတဲ့အတွက်ကြောင့် ဖုန်းမကိုင်လိုက်ရပါဘူး။ ပြန်ခေါ်တော့ သူတို့ ကျနော့်ကို response မပြန်ဘူးပေါ့နော်။ ဆိုတော့ ဒီကိစ္စကို ကျနော်လည်း ဘာမှ မပြောပဲ နေတဲ့အချိန်မှာ မြန်မာသံရုံးကနေပြီးတော့ ကျနော့်ကိုအကြောင်းကြားလာတယ်။ သူတို့နဲ့ Indiana က senator တွေနဲ့တွေ့တယ်။ senatorတွေကပြောတယ် ကျနော်တို့ကို စာပို့ထားတယ်။ အဲဒီစာထဲမှာ တကယ့်ဖြစ်ရပ်မှန်တွေအများကြီးရေးထားတဲ့အတွက်ကြောင့် သူတို့မသိရသေးတာတွေ သိရတဲ့အတွက် ဝမ်းသာတယ်ပေါ့နော် အမေရိကန်လွှတ်တော်မှာ ဝင်ရောက်ပြီးတော့ဆွေးနွေးမယ့် ကိစ္စတွေမှာ ကျနော်တို့စာကို ကြိုတင်ပြီးတော့ ရရှိတဲ့အတွက်ကြောင့် ၂ ဖက်အခြေအနေမှန်ကိုသိရတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဆင်ဆင်ချင်ချင်နဲ့ တင်နိုင်တယ်လို့ ကျနော်ကိုပြောတယ် မြန်မာသံရုံးကနေ အကြောင်းကြားလာတာပါ။"

New York မြို့နေ မြန်မာတချို့ပေးပို့တဲ့စာထဲမှာ မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးထားတဲ့ ထောက်ခံမှုတွေ ထောက်ပံ့မှုတွေအတွက် အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG