သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရှမ်းပြည်ခေါင်းဆောင်အချို့အရေးယူခံရမှု ပြန်လည်စစ်ဆေးနေ


 NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က သတင်းထောက်များကို ဖြေကြား
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က သတင်းထောက်များကို ဖြေကြား

ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ ပျက်ကွယ်ခဲ့တယ်ဆိုပြီး ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ နဲ့ ပါတီဝင်တချို့ အရေးယူခံလိုက်ရဲ့တဲ့အပေါ်မှာ ပြန်လည်ကြားနားစစ်ဆေးမှုတွေ လုပ်နေပြီဖြစ်ပါတယ်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖဲွဲ့က အယူခံခုံရုံးကို ဖွဲ့ပြီး ပြန်လည်ကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ နဲ့ ပါတီဝင်တချို့ကို တာဝန်ကနေ အနားပေးလိုက်တာနဲ့ ပတ်သက်ပြီး ၊ သက်ဆိုင်ရာ ပါတီဝင်တွေဘက်က မကျေနပ်လို့ ပါတီကို အယူခံဝင်ခဲ့တာကြောင့် အယူခံခုံရုံးက ၂ ဘက်ကြားနားစစ်ဆေးမှုတွေကို လုပ်နေပါတယ်။ ၂ ဘက်ကြားနားစစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အယူခံခုရုံးအဖွဲ့ဝင်တဦးဖြစ်တဲ့ NLD ပါတီရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးကျော်ဟိုးက အခုလို ပြောပါတယ်။

“ဒေါ်ခင်မိုးမိုးက တမှု၊ ဒေါ်မီးမီး တို့သားအမိက တမှု ၊ ဟို ၂ ဦးက အကြောင်းအရာတူတော့ ပေါင်းလိုက်တယ်ပေါ့လေ။ အားလုံးပေါင်း ၃ မှုပေါ့။ အဲဒီ ၃ မှုမှာ ကျနော်တို့ ရုံးအဖွဲ့အနေနဲ့ပေါ့လေ ၂ ဘက်ကို သက်သေခံအထောက်အထားတွေ သက်သေတွေ တင်ချင်လည်းတင်နိုင်တယ်၊ တင်လို့ရတယ်လို့ ကျနော်တို့က ခွင့်ပြုတယ်။ ခွင့်ပြုတဲ့အခါကျတော့ အဲဒါကို ဦးဝင်းထိန်ဘက်ကနေပြီးတော့ စပြီးတော့ ကျနော်တို့ သက်သေတွေအစစ်ခံမယ်ပေါ့လေ၊ အစစ်ခံတော့ ဒေါ်ခင်မိုးမိုးအမှုနဲ့ ပတ်သက်ပြီးတော့ ဦးဝင်းထိန်ကတော့ အစစ်ခံတာ ပြီးသွားတယ်။ နောက်ပြီးတော့ ဒေါ်မီးမီး တို့သားအမိ အမှုလည်း ဦးဝင်းထန်ကို စစ်တာပြီးသွားတယ်။ အခုမနက်ဖြန် နေ့လည် ၁ နာရီမှာ ကျနော်တို့ ဦးတင်မောင်တိုးရဲ့ အယူခံမှုနဲ့ ပတ်သက်ပြီးတော့ ဦးဝင်းထိန်ကိုစစ်မယ် နောက်ဆုံးအခြေအနေကတော့ အဲဒါပါပဲ။”

ဦးဝင်းထိန်းကို ကြားနားစစ်ဆေးပြီးတဲ့နောက်မှာတော့ နောက်ထပ် တင်သွင်းလာမယ့် သက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဦးကျော်ဟိုးက ပြောပါတယ်။ အယူခံခုံရုံးကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက် နဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီအယူခံခုံရုံးမှာ အဖွဲ့ဝင် ၃ ဦးပါဝင်ပြီး၊ အဖွဲ့ဝင်တွေကတော့ မန္တလေးတိုင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဦးတင်ထွဋ်ဦး ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒေါ်လဲ့လဲ့ နဲ့ ရှေ့နေဦးကျော်ဟိုး တို့ဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ဆုံးဖြတ်တဲ့နေရာမှာ အယူခံခုံရုံးအနေနဲ့ ဘယ်လိုမူနဲ့ ဆုံးဖြတ်သွားမလဲဆိုတဲ့အပေါ် ဦးကျော်ဟိုးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ NLD ပါတီမှာက ပါတီစည်းကမ်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းရှိတယ်လေ။ ဒီလုပ်ထုံးလုပ်နည်းအတိုင်းကျနော်တို့ စစ်မှာပါ။ ဆိုတော့ ကျနော်တို့ စုံစမ်းစစ်ဆေးတယ်၊ သက်သေစစ်တယ်၊ အထောက်အထား ယူတယ်၊ ကျနော်တို့ အယူခံအဖွဲ့ကပဲ ဆုံးဖြတ်မှာပါ။ စစ်တာနဲ့ ပတ်သက်ပြီးတော့ EC ကနေပြီးတော့ ပြစ်ဒဏ်တိုးတာ လျော့တာတို့ နောက်လွှတ်ငြိမ်းခွင့်ပေးတာတို့က EC ကလုပ်ခွင့်ရှိတယ်လေ။ စစ်တာနဲ့ ပတ်သက်ပြီးတော့ တင်ပြရမှာပေါ့။”

ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ပြင်ဆင်ပြောင်းလဲ နိုင်ပေမယ့်၊ အယူခံခုံရုံးအနေနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ဦးကျော်ဟိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့်ဆိုပြီး ရှမ်းပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ အတွင်းရေးမှူး ဒေါ်ယူမီဇော် နဲ့ အဖွဲ့ဝင် ဒေါ်မီးမီး တို့ကို သူတို့ရဲ့ သက်ဆိုင်ရာတာဝန်အသီးသီးကနေ ရပ်စဲလိုက်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့တာပါ။ ဒါ့အပြင် တောင်ကြီးခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုးကိုတော့ ရှမ်းပြည်နယ် NLD ပါတီခေါင်းဆောင်တချို့ကို အခုလို တာဝန်တွေကနေ ရပ်စဲလိုက်တာကို လူမှုကွန်ရက် နဲ့ အစည်းအဝေးတွေမှာ မကျေနပ်ကြောင်း ပြောကြားခဲ့တဲ့အတွက် ဦးဝင်းထိန်က နှုတ်မိန့်နဲ့ ထုတ်ပယ် လိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်တွေ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့အပေါ် မှာတော့ ဒေါ်ခင်မိုးမိုးဘက်က ငြင်းဆိုထားပါတယ်။


NLD ပါတီဗဟိုကတော့ ရှမ်းပြည်နယ် NLD ပါတီဝင်တွေ အရေးယူခံရတာနဲ့ ပတ်သက်ပြီး တစုံတရာကြေညာချက်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွင်း ရှမ်းပြည်နယ်တွင်းမဲဆန္ဒနယ်တွေမှာ NLD ပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၃ နေရာ၊ နဲ့ ပြည်နယ်လွှတ်တော်မှာ ၁၂ နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG