သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ


မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်း (Pak Ui-Chun) ဟာ ၄ ရက်ကြာ ခရီးစဉ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ပဲ ရောက်လာပါတယ်။ နျူကလီးယားလက်နက် ဖန်တီးရေး ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနဲ့ မြောက်ကိုရီးယား အဆက်အဆံတွေ ရှိနေတယ်လို့ နိုင်ငံ တော်တော်များများက သံသယတွေ ရှိနေချိန်မှာ အခုလို မြောက်ကိုရီးယားရဲ့ အဆင့်မြင့် အရာရှိ မြန်မာနိုင်ငံကို ရောက်လာတာကြောင့် ရှိနေတဲ့ သံသယတွေကို ပိုပြီး ကြီးလာစေတယ်လို့ စောင့်ကြည့် လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်းဟာ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ပြီးတော့ မနက်ဖြန်မှာ နေပြည်တော်ကို ခရီးဆက်မှာပါ။ မြန်မာစစ်အစိုးရက နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြိုးစားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန်၊ မြောက်ကိုရီးယားကလည်း နျူကလီးယား လက်နက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ မသင့်မမြတ် ဖြစ်နေတဲ့အချိန်မှာ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးတွေ တိုးတက်လာနေတာကြောင့် နှစ်နိုင်ငံပေါင်းပြီး နျူကလီးယား လက်နက်ကိစ္စ လုပ်နေကြသလား ဆိုတဲ့ မေးခွန်းတွေက ပိုပြီး ကျယ်လောင်လာနေပါတယ်။

၁၉၇၄ ခုနှစ် တဝိုက်က မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ သခင်ချန်ထွန်းကလည်း နျူကလီးယားနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိတဲ့သူပါ။ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးမှာ ထူးခြားတဲ့ အချက်တချို့ ရှိတဲ့အကြောင်း သခင်ချန်ထွန်းက ရှင်းပြပါတယ်။

“မြောက်ကိုရီးယားက မြန်မာပြည်လာပြီးတော့ တောင်ကိုရီးယား သမ္မတ လာရောက် လည်ပတ်ချိန်မှာ အာဇာနည်ကုန်းမှာ ဗုံးခွဲတဲ့အတွက် ဒီက လူ ၂၀ ကျော်လောက် သေသွားတာ။ မြန်မာအရာရှိတွေရော၊ တောင်ကိုရီးယား အရာရှိတွေရော ပါသွားကြတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာမှ မှားပါတယ်ဆိုတဲ့အကြောင်း တောင်းပန်တာ မတွေ့ရဘူး။ မတွေ့ဘဲနဲ့ အခုကြတော့ တရင်းတနှီး ဆက်ဆံနေတာ တွေ့ရတယ်။

“တရင်းတနှီး ဆက်ဆံတာလည်း မြန်မာအစိုးရ အနေနဲ့ကတော့ အခုဟာ အဏုမြူဗုံး မြောက်ကိုရီးယားက လုပ်နိုင်နေပြီဆိုတဲ့ သဘောမျိုး သတင်းတွေက ထွက်နေတော့ မြောက်ကိုရီးယားထံက ဒီနည်းပညာတွေကို လိုချင်လို့ ရင်းရင်းနှီးနှီး ပြန်ပြီးတော့ ဖြစ်အောင် ဆက်သွယ်နေတယ်လို့ ဒီလိုပဲ ယူဆပါတယ်။”

နိုင်ငံတကာ ဆက်ဆံရေး သဘောအရ တနိုင်ငံနဲ့ တနိုင်ငံ ရင်းနှီးတာ မကောင်းဘူးလားခင်ဗျ။

“ရင်းနှီးမှုကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကမ္ဘာအနေနဲ့က မြောက်ကိုရီးယားက ဖွထားတဲ့ နိုင်ငံတခု ဖြစ်တယ်လေ။ သူက အဏုမြူဗုံးလုပ်တယ် ဘာညာ ဆိုပြီး ဖြစ်နေတဲ့ အခါကြတော့ အဲဒီလိုအချိန်မှာ ကိုယ်ကလည်း မြောက်ကိုရီးယားနဲ့ ပူးတွဲပြီးတော့ ဒီပညာကို ရအောင်ယူတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတော့ အမေရိကန်တို့၊ ဥရောပသမဂ္ဂတို့ ဘာတို့က အငြိုအငြင်တွေ အများကြီး ခံရမယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

သခင်ချန်ထွန်း ပြောခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်းမှာ နျူကလီးယား ကင်းမဲ့ရေးဆိုတဲ့ သဘောထား ရှိပါတယ်။ မြန်မာပြည်က နျူကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းက အာဆီယံ ဒေသတွင်းနိုင်ငံတွေ အတွက်လည်း အထူး သတိထားနေရတဲ့ ကိစ္စပါလို့ မလေးရှားနိုင်ငံက မြန်မာ့အရေးကို အားပေးထောက်ခံတဲ့ လွှတ်တော်အမတ် လင်မ်ကစ်ဆင်း (Lim Kit Siang) ကဆိုပါတယ်။

“တကယ်လို့သာ မြန်မာဘက်က နျူကလီးယား ပိုင်ဆိုင်ဖို့ လုပ်လာရင် ဒေသတွင်း နိုင်ငံံတွေရဲ့ သတ်မှတ်ချက်တွေကို ဆန့်ကျင်ရုံတင်မက နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ဆန့်ကျင်တဲ့ သဘောဖြစ်လို့ အထူး သတိထားရပါလိမ့်မယ်။” လို့ ပြောသွားခဲ့တာပါ။

မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးတွေ ပြန်စခဲ့ပြီး နောက်ပိုင်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို စောင့်ကြည့်ပြီး သတင်းဆောင်းပါးတွေ ရေးနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းက ကိုဝေမိုးက မြောက်ကိုရီးယားက လက်နက်တွေ မြန်မာပြည်မှာ တကယ်ရှိနေပြီဆိုရင် အိမ်နီးချင်း နိုင်ငံတွေအတွက် ခြိမ်းခြောက်မှု တကယ်ပဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“စိုးရိမ်စရာ ကောင်းတာက မြောက်ကိုရီးယားရော မြန်မာရောက အရမ်းလျှို့ဝှက်တဲ့ နိုင်ငံတွေဆိုတော့ သူတို့နှစ်နိုင်ငံ ဆက်ဆံရေးကို တခြားနိုင်ငံတွေက သိရခက်တယ်။ ဥပမာ ဘယ်လိုမျိုး ဒုံးပျံတွေ ရောင်းနေလဲ၊ ဒါမှမဟုတ် ဘယ်လိုမျိုး နည်းပညာတွေကို မြောက်ကိုရီးယားက မြန်မာပြည်ကို တင်ပို့နေတယ်ဆိုတာ သိရခက်တယ်။

“ကျနော်တို့ သိသလောက်ဆိုရင် မြောက်ကိုရီးယားက ဝယ်ထားတဲ့ ၂၄၀ မမ ရော့ကက်လောင်ချာဆိုရင် ထိုင်းနိုင်ငံလိုဟာမျိုး၊ တရုတ်နိုင်ငံလိုမျိုးအထိ ကောင်းကောင်း ခြိမ်းခြောက်နိုင်တယ်။ နယ်စပ်အထိ ကားတွေပေါ်တင် မောင်းသွားပြီးတော့ ပစ်လို့ရတယ်။ ဇီဝလက်နက်လိုဟာမျိုး၊ ဓာတုလက်နက် ကျည်ဖူးလိုဟာမျိုးတွေကို သယ်လို့ရတယ်။ မြောက်ကိုရီးယား မြန်မာပြည်ကို ရောင်းတဲ့ဟာတွေက။”

မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်အတွက် မြောက်ကိုရီးယားဆီက အကူအညီတွေ ယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ အာဆီယံဒေသ နိုင်ငံတွေအတွက် သာမက အမေရိကန် အတွက်ပါ စိုးရိမ်စရာကိစ္စ ဖြစ်တဲ့အကြောင်း မကြာခင်ကပဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောခဲ့ပါသေးတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား သံတမန် ဆက်ဆံရေးဟာ ၁၉၈၃ ခု ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးခွဲမှု ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ အဆက်အသွယ် ဖြတ်ထားပြီး ၂၀၀၇ ခုနှစ်ကစလို့ သံတမန် ဆက်ဆံရေး ပြန်စခဲ့တာပါ။ ၂၀၀၈ ခုနှစ်တုန်းကတော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ မြောက်ကိုရီးယားကို သွားခဲ့ကြပါသေးတယ်။ အခု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်စပြီး ၃ နှစ်အကြာမှာ ရောက်လာတဲ့ အဆင့်မြင့် ကိုယ်စားလှယ် ခရီးစဉ် ဖြစ်ပါတယ်။

နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံတယ်ဆိုတာ မဟုတ်ပါကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုထားပါတယ်။

XS
SM
MD
LG