သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဦးတည်ခဲ့တဲ့ လက်နက်တင် မြောက်ကိုရီးယားသင်္ဘော အမေရိကန်တားဆီး


မြန်မာနိုင်ငံ ဦးတည်ခဲ့တဲ့ လက်နက်တင် မြောက်ကိုရီးယားသင်္ဘော အမေရိကန်တားဆီး
မြန်မာနိုင်ငံ ဦးတည်ခဲ့တဲ့ လက်နက်တင် မြောက်ကိုရီးယားသင်္ဘော အမေရိကန်တားဆီး

ခေတ်မီနည်းပညာသုံး ဒုံးလက်နက်တွေနဲ့ တခြား စစ်လက်နက်တွေ တင်ဆောင်လာတယ်လို့ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား သင်္ဘောဟာ မြန်မာနိုင်ငံဘက်ကို ဦးတည် ခုတ်မောင်းလာတာကို အမေရိကန်ရေတပ် ဖျက်သင်္ဘောက တားဆီးခဲ့အပြီး အခုတော့ အရှေ့တောင်အာရှ အနီး နိုင်ငံတကာ ရေပိုင်နက် အတွင်းကနေ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မြောက်ကိုရီးယားဘက်ကို ပြန်လှည့်သွားခဲ့ပါပြီ။ မြန်မာ့ စစ်ရေးလေ့လာသူတွေကတော့ မြန်မာအစိုးရ အနေနဲ့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေဆဲ ကာလမှာ ပြည်ပကနေ စစ်လက်နက်တွေ၊ နည်းပညာတွေ ဖြည့်တင်းဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မစ်ဇိုင်း ဒုံးလက်နက် နည်းပညာဆိုင်ရာ ပစ္စည်းတွေ တင်ဆောင်လာပြီး မြန်မာနိုင်ငံဘက်ကို ဦးတည် ခုတ်မောင်းလာတယ်လို့ နိုင်ငံတကာက သံသယ ရှိနေကြတဲ့ မြောက်ကိုရီးယား သင်္ဘောကို ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က အမေရိကန်ရေတပ် ဖျက်သင်္ဘော မက် ကမ့်ပ်ဘဲလ် (McCampbell) က တားဆီးခဲ့တာပါ။ မြောက်ကိုရီးယားဘက်ကတော့ ဒီသင်္ဘောကို တက်ရောက် စစ်ဆေးခွင့် ပြုဖို့ ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှာ မြောက်ကိုရီးယားဘက်ကို ပြန်လှည့်သွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကို မစ်ဇိုင်းဒုံး နည်းပညာဆိုင်ရာ ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သံသယ ရှိနေကြတဲ့ အပေါ်မှာတော့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက သုတေသနမှူး ဦးဌေးအောင်က အခုလို သုံးသပ်ပါတယ်။

“မြောက်ကိုရီးယားကနေပြီး မြန်မာစစ်အစိုးရက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေနဲ့ မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေကို ဝယ်ယူနေတာ တွေ့ရှိတယ်။ နောက်တခုက မြန်မာနိုင်ငံ အတွင်းမှာ ဆောက်လုပ်ထားတဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေမှာလည်း မြောက်ကိုရီးယားက ပညာရှင်တွေနဲ့ ဒုံးလက်နက်တွေ စမ်းသပ် ထုတ်လုပ်နေတာတွေလည်း ရှိတယ်။ အဲဒီတော့ အဲဒါတွေအတွက် အခု လက်နက်တင်ပို့တဲ့ သင်္ဘောက အဲဒီစက်ရုံအတွက် ဒါမှမဟုတ် လက်နက် အစိတ်အပိုင်းတွေကို သယ်ဆောင်လာတဲ့ သင်္ဘော ဖြစ်ဖို့များတယ်လို့ ကျနော်ထင်တယ်။

“၂၀၀၇ ခုနှစ်တုန်းကလည်း အလားတူပဲ ရန်ကုန်ဆိပ်ကမ်း၊ အထူးသဖြင့် သီလဝါဆိပ်ကမ်းကို မြောက်ကိုရီးယားက ကုန်သင်္ဘောတွေ ဆိုက်ကပ်ခဲ့တာရှိတယ်။ အဲဒီ ကုန်သင်္ဘောတွေပေါ်မှာလည်း လေကြောင်းရန် ကာကွယ်ရေး တပ်တွေအတွက် စစ်လက်နက် ပစ္စည်းတွေ သယ်လာတဲ့ အထောက်အထားတွေ ကျနော်တို့ ရထားတာရှိတယ်။”

တဘက်မှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က အရင် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၁၉၈၈ ခုနှစ်ကတည်းက စပြီး မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက စလို့ မြန်မာအစိုးရဟာ တရုတ်၊ ဆားဘီးယား၊ ရုရှား၊ ယူကရိန်း၊ အိန္ဒိယတို့ဆီက အဓိကလက်နက် ဝယ်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံကြီးတွေဆီက လက်နက်ဝယ်ယူဖို့မှာလည်း အကန့်အသတ်တွေက ရှိနေတာကြောင့် မဟာဗျူဟာမြောက် လက်နက်တွေ ဝယ်ယူနိုင်ဖို့ အတွက်က မြောက်ကိုရီးယားကို ပိုပြီး အားထားလာရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

“တရုတ်တို့၊ ရုရှားတို့၊ အိန္ဒိယတို့ကျတော့ သူတို့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ နိုင်ငံကြီးတွေ ဖြစ်တယ်လေ။ အဲဒီအခါကြတော့ မြန်မာစစ်အစိုးရ အနေနဲ့ တကယ့် ဗျူဟာမြောက်တဲ့ လက်နက်တွေကျတော့ သူတို့နိုင်ငံတွေက တင်ပို့ရောင်းချတဲ့ နေရာမှာ အကန့်အသတ်တွေ ရှိတယ်။ မြောက်ကိုရီးယားကတော့ သူက ဘယ်လို အကန့်အသတ်မျိုးမှ ဂရုစိုက်တာ မဟုတ်ဘူး။ သူ့အနေနဲ့ ပိုက်ဆံရရင် ရောင်းမယ့်အနေအထားမျိုး ရှိတယ်။

“နောက် မြန်မာအစိုးရကလည်း သူ့အနေနဲ့က လက်နက်တားဆီး ပိတ်ဆို့မှုတွေ အနောက်နိုင်ငံတွေက လုပ်ထားတဲ့ အခါကြတော့ ရတဲ့နိုင်ငံတွေက သူကလည်း ဝယ်ဖို့ အဆင်သင့်ဖြစ်နေတာ ရှိတယ်။”

လတ်တလော အနေအထားက မြန်မာအစိုးရ တပ်တွေနဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာအပြင် တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း စစ်ရေးအရ တင်းမာမှုတွေ ရှိနေချိန်မှာ မြန်မာအစိုးရသစ် အနေနဲ့ စစ်လက်နက်တွေ စုဆောင်းလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းစစ်အရှိန် မြင့်မားလာနိုင်ချေကိုလည်း မြန်မာ့ စစ်ရေးလေ့လာသူတွေက ပြောနေကြပါတယ်။

“အခုအချိန်မှာဆိုရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်က တော်တော်ကျယ်ပြန့်လာမယ့် အနေအထားတွေက တွေ့နေရပြီဖြစ်တယ်။ အစတုန်းကတော့ ကရင်နယ်မြေမှာပဲ ရှိနေပေမဲ့ အခုဆိုရင် မြောက်ဘက်မှာရှိတဲ့ ရှမ်းတပ်တွေနဲ့ရော ကချင်တပ်တွေနဲ့ပါ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်လာပြီ။ နောက်ဆိုရင် မွန်တို့၊ ဝတို့နဲ့ပါ ဆက်တိုက်ပေါ့၊ မြန်မာပြည် တနံတလျားမှာ စစ်ပွဲကြီးတွေ ဖြစ်လာမယ့် အနေအထားဆိုတော့ မြန်မာအစိုးရ အနေနဲ့ကတော့ ရတဲ့နိုင်ငံတွေဆီက လက်နက်တွေကို အခုချိန်မှာ ပိုပြီးတော့တောင် ဝယ်ယူမယ့် အနေအထား ရှိတယ်လို့ ကျနော်ထင်တယ်။

“ဘာဖြစ်လို့လဲဆိုတော့ စစ်ပွဲတွေ ဖြစ်လာတဲ့ အချိန်မျိုးမှာ ဒီ လက်နက်ကန့်သတ်မှုတွေ၊ တားမြစ်မှုတွေက ပိုပြီးတော့ ပေါ်လာနိုင်တဲ့ အတွက်ကြောင့် အခုကတည်းက သူက လက်နက်တွေကို ရသမျှ ဝယ်ပြီးတော့ စုဆောင်းမယ့် သဘောမျိုး ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။”

မြန်မာအစိုးရသစ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို လမ်းဖွင့်ထားပါတယ်လို့ ပြောခဲ့တာပါ။ ဒါ့အပြင် မကြာခင်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာလည်း မြန်မာနိုင်ငံဘက်က နျူကလီးယား စမ်းသပ်မှုကို နိုင်ငံတကာရဲ့ သံသယတွေကြောင့် ရပ်ဆိုင်းလိုက်ပါပြီ ဆိုပြီး ပြောခဲ့ပါသေးတယ်။

ဒီလိုပြောကြားပြီး မကြာခင်မှာဘဲ မြောက်ကိုရီးယားဘက်ကနေ မစ်ဇိုင်း နည်းပညာဆိုင်ရာ ပစ္စည်းတွေ မြန်မာနိုင်ငံဘက် သယ်ယူလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကလည်း မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာနိုင်ငံဘက်ကို ဦးတည် ခုတ်မောင်းလာတာမှာ လက်နက်တွေ တင်ဆောင်လာတယ်လို့ နိုင်ငံတကာက သံသယ ရှိခဲ့ပြီး နောက်ပိုင်းမှာ နောက်ကြောင်း ပြန်လှည့်သွားခဲ့တဲ့ ဖြစ်ရပ်တခု ရှိခဲ့ပါသေးတယ်။

XS
SM
MD
LG