သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲလုပ်သင့်တဲ့ အခြေအနေမရှိသေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရရှိရေး အကျိုးဆောင်သံအမတ်ကြီး Beth Van Schaack
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရရှိရေး အကျိုးဆောင်သံအမတ်ကြီး Beth Van Schaack

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပမယ်ဆိုတာ လက်ရှိ အခြေအနေမှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရရှိရေး အကျိုးဆောင်သံအမတ်ကြီး Beth Van Schaack က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရက်စက်တဲ့ကျူးလွန်မှုခံရသူတွေအတွက် တရားမျှတမှုရရှိရေး ထိုင်းနိုင်ငံကို အောက်တိုဘာ ၄ ရက်ကနေ ၇ ရက်အထိ သွားရောက်ခဲ့တဲ့ အကျိုးဆောင် သံအမတ်ကြီး Schaack ရဲ့ ထိုင်းခရီးစဥ်နဲ့ ပတ်သက်ပြီး ဒီကနေ့ အွန်လိုင်းသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတွင်း ဒေသတိုင်းလိုလိုမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာကြောင့် ဒီလို အခြေအနေအောက်မှာ ရွေးကောက်ပွဲ စီစဥ် ကျင်းပမယ်ဆိုတာ တွေးကြည့်ဖို့ ခက်သလို မျှတတဲ့ ရွေးကောက်ပွဲတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သံအမတ်ကြီး Schaack က ပြောကြားသွားပါတယ်။ အိမ်နီးချင်း မဟာမိတ် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေတာဟာ သူတို့အတွက် တရားဝင်မှု ဖန်တီးဖို့ လုပ်ဆောင်နေတာလို့လည်း သံအမတ်ကြီးက ပြောပါတယ်။

သံအမတ်ကြီး Schaack ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ ခွဲခြား ဖိနှိပ်ခံရတဲ့ အခြေအနေတွေ အပါအဝင် မြန်မာစစ်တပ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအတွင်း ထိခိုက်ခဲ့သူတွေအတွက် တရားမျှတမှု ရရှိစေဖို့ နဲ့ တာဝန်ခံမှုရှိရေးအတွက် သက်ဆိုင်သူတွေနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူ့ခရီးစဥ်အတွင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့တွေ၊ ပညာရှင်တွေ၊ လူသားချင်းစာနာမှု အကူအညီ ပေးနေသူတွေ အပြင် သံတမန် အသိုင်းအဝိုင်း နဲ့ နိုင်ငံစုံက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သံအမတ်ကြီး Schaack က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ရှောင်ရှားနိုင်ဖို့နဲ့ ကျူးလွန်ခံရသူတွေ အတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိရေး ကြိုးပမ်းမှုတွေမှာ အမေရိကန်က ဆက်လက် အားပေး ကူညီသွားမှာ ဖြစ်သလို မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ရရှိရေး တို့အတွက် ကြိုးပမ်း အားထုတ်နေကြတဲ့ သူတွေ၊ မြန်မာနိုင်ငံသားတွေနဲ့အတူ အမေရိကန်က တသားတည်း ရပ်တည်နေကြာင်းနဲ့ ဆက်လက် ရပ်တည်သွားမယ့်အကြောင်းလည်း သံအမတ်ကြီး Schaack က ဒီကနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ အလေးပေး ပြောကြားသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG