သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အစီအစဉ် မြန်မာစတင်၊ IAEA အရာရှိဟောင်း အတည်ပြု


မြန်မာနိုင်ငံဟာ နျူကလီးယား ဖွံ့ဖြိုးရေး အစီအစဉ်တွေ စတင် လုပ်ဆောင်နေပြီ ဆိုတာ သေချာတဲ့အကြောင်း မြန်မာပြည်တွင်းက ထွက်လာတဲ့ အထောက်အထားတွေကို ကိုးကားပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ အဖွဲ့ကြီးရဲ့ အကြီးအကဲဟောင်း ရောဘတ် ကယ်လီ (Robert Kelley) က ထပ်မံ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်တဲ့ အဆင့် ရည်မှန်းချက်တွေကို ရောက်ဖို့တော့ အလှမ်းဝေးတဲ့ အဆင့်မှာ ရှိနေသေးတယ်လို့ သုံးသပ် ပြောဆိုပါတယ်။ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ မြန်မာနဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲအကြောင်း ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီးယား အစီအစဉ် စလုပ်နေတယ် ဆိုပေမဲ့ မနက်ဖြန် သန်ဘက်ခါ ဗုံးတွေထုတ်တော့မယ် ဆိုတဲ့ အဆင့်တော့ မဟုတ်ပါဘူး၊ တော်တော်လေး အရည်အသွေး နိမ့်တဲ့အဆင့်နဲ့ အစပျိုး လုပ်နေတာ ဖြစ်ပါတယ်လို့ IAEA နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက ပြောဆိုပါတယ်။

မနေ့က ဝါရှင်တန်မြို့တော် National Endowment for Democracy (NED) အဖွဲ့ကြီးမှာ ကျင်းပတဲ့ မြန်မာနဲ့ နျူကလီးယား ရည်မှန်းချက်တွေအကြောင်း ဆွေးနွေးပွဲမှာ သူက အခုလို ရှင်းပြခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ အယ်လ်ဂျာဇီးယား ရုပ်သံတို့ တွဲဖက် ထုတ်လုပ်ခဲ့တဲ့ မြန်မာစစ်တပ် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ထွက်ဆိုချက်တွေနဲ့ မန္တလေးမြောက်ဘက် သပိတ်ကျင်း နျူကလီးယား တပ်ရင်းက အထောက်အထား ဓာတ်ပုံတွေကို ကိုးကားပြီး IAEA အကြီးအကဲဟောင်း ရောဘတ် ကယ်လီက ပြောဆိုသွားတာပါ။ ဒီဓာတ်ပုံပါ စက်ပစ္စည်းတွေကို ကြည့်ရင် မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား ရည်မှန်းချက်တွေ စတင် ခြေလှမ်း လှမ်းနေပြီဆိုတာ သူ့အနေနဲ့ အခိုင်အမာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော့် အမြင်၊ ရှင်းရှင်းလင်းလင်း ခိုင်ခိုင်မာမာ ပြောနိုင်တာက ဒါဟာ နျူကလီးယား အစီအစဉ် ပုံစံတခု ဆိုတာပါ။ ဘာလို့လဲဆိုတော့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ကောင်းကောင်း နားလည်တဲ့ ပညာတတ် စစ်တပ်အရာရှိတယောက် ကိုယ်တိုင် ပြောဆိုထားတဲ့ အချက်တွေ၊ အထောက်အထားတွေ ရှိနေပါပြီ။ စက်ပိုင်းဆိုင်ရာ နည်းပညာရှင် အင်ဂျင်နီယာ တယောက်ပါ။ မြန်မာစစ်အစိုးရဘက်က ဒီကိစ္စကို အထူးလျှို့ဝှက်ထားတဲ့ အတွက်လည်း ဒါဟာ နျူကလီးယားဆိုင်ရာ စီမံချက်တခုလို့ ကျနော်က မြင်ပါတယ်။ တကယ်ဆိုရင် သူတို့ လျှို့ဝှက်ထားစရာ အကြောင်းမရှိပါဘူး။”

မြန်မာစစ်အစိုးရဘက်က မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ် စတင်နေတယ်ဆိုတဲ့ ထုတ်လွှင့်ချက်တွေဟာ လုပ်ကြံ ဝါဒဖြန့်တဲ့ အစီအစဉ်တွေသာဖြစ်ပြီး ယူရေနီယံ သန့်စင်တာ၊ ထုတ်လုပ်တာ မရှိတဲ့အကြောင်း IAEA ကို ပြန်လည် ငြင်းဆိုထားပါတယ်။ လက်နက်တွေ ထုတ်လုပ်နေတယ်လို့ ယူဆရတဲ့ အဆောက်အဦးတွေကို ၂၀၀၅ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး စက်ပစ္စည်းတွေကို ၂၀၀၆ ခုနှစ်ကမှ စတင်ခဲ့တာပါ။ ဒါကြောင့် ဒီအစီအစဉ်ဟာ သိပ် ရှေ့ကို မရောက်သေးပါဘူးလို့ ရောဘတ် ကယ်လီက ပြောပါတယ်။

စစ်အစိုးရ နျူကလီးယား တပ်ရင်းတွေမှာ ဂျာမဏီနိုင်ငံက ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်တဲ့ အသေးစိတ် တိတိကျကျ ထုတ်လုပ်နိုင်တဲ့ အရည်အသွေးမြင့် စက်ကြီးတွေ ထားရှိပြီး ဒီစက်ကြီးတွေကို စင်ကာပူနိုင်ငံက ပွဲစားတွေကတဆင့် မြန်မာစစ်အစိုးရက ရယူခဲ့တယ်လို့ ရောဘတ် ကယ်လီက ပြန်ပြောပြပါတယ်။ ဒီစက်တွေကို နည်းပညာဆိုင်ရာ သင်တန်းကျောင်းတွေမှာ သုံးဖို့ဆိုပြီး မြန်မာစစ်အစိုးရက အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ လူတွေနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ထားပြီး သင်တန်းတက်ရောက်သူတွေထဲမှာ အမျိုးသမီးတွေ မပါတာ၊ ဂျာမန်ပညာရှင်တွေ ကိုယ်တိုင်က စက်တွေကို ဘယ်လိုနေရာတွေမှာ သုံးသလဲဆိုပြီး လာရောက် စစ်ဆေးတဲ့အချိန် စစ်တပ်အရာရှိတွေကို အရပ်အဝတ်အစားတွေပဲ ဝတ်ခိုင်းခဲ့တာတွေကို ရောဘတ် ကယ်လီက ထောက်ပြပါတယ်။ ဥရောပ နည်းပညာရှင်တွေ လာရောက်စစ်ဆေးတဲ့အချိန် နံရံတွေမှာ ကပ်ထားတဲ့ စက်ပစ္စည်း ထုတ်လုပ်တဲ့ စာရင်းတွေကိုလည်း မြန်မာစစ်အစိုးရက ပြောင်းလဲထားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

IAEA အနေနဲ့ မြန်မာနိုင်ငံ အတွင်းကို ဝင်ရောက် စစ်ဆေးနိုင်တဲ့ သဘောတူညီချက်မျိုးတွေ ရဖို့လိုတယ်လို့လည်း ရောဘတ် ကယ်လီက ထောက်ပြပါတယ်။

“IAEA ဟာ မြန်မာနိုင်ငံနဲ့ အရေးကြီးတဲ့ သဘောတူညီချက် ၂ ခု ရှိပါတယ်။ ၁၉၉၂ မှာ နျူကလီးယားဆိုင်ရာ ဘေးကင်း လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ပါ။ တခြား ဘယ်နိုင်ငံမဆို IAEA သဘောတူ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်မျိုးပါ။ မြန်မာနိုင်ငံဘက်က စစ်ဆေးစရာ ရှိပါတယ်ဆိုပြီး ကြေညာတာမျိုး မရှိတဲ့အတွက် IAEA ဘက်က စစ်ဆေးခဲ့တာမျိုး မရှိပါဘူး။

“၁၉၉၅ မှာလည်း မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ စက်ရုံ၊ ပစ္စည်း မရှိတဲ့အတွက် IAEA အနေနဲ့ လာရောက်စစ်ဆေးစရာ မလိုတဲ့အကြောင်း မြန်မာဘက်က အကြောင်းကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ မြန်မာပြည်အတွင်းမှာ နျူကလီးယားနဲ့ ပတ်သက်လို့ ဘေးကင်းလုံခြုံမှု ရှိမရှိ IAEA ဘက်က စစ်ဆေးခဲ့တာ မရှိပါဘူး။”

နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခင် IAEA ဘက်က မြန်မာနိုင်ငံကို ပေးနေတဲ့ နည်းပညာဆိုင်ရာ အကူအညီတွေကို ဖြတ်တောက်ထားသင့်တယ်လို့ ရောဘတ် ကယ်လီက ပြောပါတယ်။ မြန်မာနိုင်ငံက လျှို့ဝှက် နျူကလီးယား အစီအစဉ် စတင်နေချိန်မှာ တနှစ်ကို ဒေါ်လာ ၇၀၀,၀၀၀၊ ၈၀၀,၀၀၀ လောက် နည်းပညာဆိုင်ရာ အကူအညီတွေ ဆက်ပေးနေတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာ ဂျာမဏီနိုင်ငံက တင်ပို့ထားတဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့ စက်ကြီးတွေကို ဂျာမန်ကုမ္ပဏီတွေ ကိုယ်တိုင် ၂၀၀၇ ခုနှစ်က နောက်ဆုံး စစ်ဆေးခဲ့တာ ဖြစ်တဲ့အတွက် နောက်ထပ် သွားရောက်ပြီး စစ်ဆေးဖို့၊ ဒီစက်ကြီးတွေကို စစ်အစိုးရက ဘယ်နေရာတွေမှာ သုံးနေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဂျာမန်ကုမ္ပဏီတွေကို ဖိအားပေးဖို့ လိုတယ်လို့ ပြောပါတယ်။ နောက် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေက တဆင့်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနိုင်အောင် စစ်အစိုးရကို ဖိအားပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

မြန်မာ့တပ်မတော်မှာ စစ်ထောက်လှမ်းရေး အရာရှိတဦးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကတော့ ဒီ နျူကလီးယား ရည်မှန်းချက်တွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ဆုံးဖြတ်တာလို့ သူက မြင်ပါတယ်။

“ဒီ နျူကလီးယား ရည်မှန်းချက်ဆိုတာ မြောက်ကိုရီးယားနဲ့ ဆက်စပ်ပြီးတော့ ဖြစ်လာတာ။ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေက မြောက်ကိုရီးယားကို အစာရေစာ ထောက်ပံ့တာတို့ ဘာတို့ ချော့နေရတယ်ဗျာ။ အဲဒါ သွားပြီး မထိရဲဘူး။ အဲဒါက ပါဝါ၊ နျူကလီးယားလက်နက် ရှိလို့ဆိုတဲ့ အမြင်မျိုး ရှိပါတယ်။”

ဓာတ်ပုံပါ အထောက်အထားတွေအရ မြန်မာစစ်အစိုးရဟာ နိုင်ငံတကာနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး နျူကလီးယား ထုတ်လုပ်ဖို့ ခြေလှမ်းတွေ လှမ်းနေတဲ့အကြောင်း IAEA အရာရှိဟောင်း တဦးဖြစ်တဲ့ ရောဘတ် ကယ်လီက ပြောပါတယ်။ ဒီအခြေအနေကို တိတိကျကျ ဖော်ထုတ်ဖို့နဲ့ ဟန့်တားဖို့ လိုတဲ့အကြောင်း သူက ပြောဆိုသွားပါတယ်။

XS
SM
MD
LG