သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း နိုင်ငံခြား ကုမ္ပဏီသစ်တွေ တိုးလာ


မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း နိုင်ငံခြား ကုမ္ပဏီသစ်တွေ တိုးလာ
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း နိုင်ငံခြား ကုမ္ပဏီသစ်တွေ တိုးလာ

မြန်မာအစိုးရက တရုတ်၊ တောင်ကိုရီးယားနဲ့ စင်ကာပူ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီး ရခိုင်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်အသစ်တွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာ အစိုးရသစ်အဖြစ် ဖွဲ့စည်းလိုက်ပေမဲ့လည်း နိုင်ငံရဲ့ စီးပွားရေးကို စီမံခန့်ခွဲတဲ့ နေရာမှာတော့ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်တုန်းကအတိုင်း ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ်က ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၄ ခု အပါအဝင် ကရင်ပြည်နယ် အတွင်း မှာ သတ္တုရှာဖွေရေး လုပ်ငန်းတွေ၊ ကုန်းတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို တရုတ်၊ တောင်ကိုရီးယားနဲ့ စင်ကာပူ ကုမ္ပဏီတို့နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ စနေနေ့ကပဲ သတင်း ထုတ်ပြန်ပါတယ်။ မြန်မာအစိုးရသစ် လက်ထက်မှာ ပထမဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ နိုင်ငံတကာ ကုမ္ပဏီအသစ်တွေ ဝင်ရောက် လာတယ်လို့ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က ကိုဝင်းအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေက တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ စမ်းပြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယ ကုမ္ပဏီတွေလည်း ပါတာပေါ့။ ကြည့်ရတာ သိပ်အဆင်မပြေဘူး ထင်တယ်။ ၂၀၀၈၊ ၂၀၀၉ Oil and Gas တူးတဲ့ မြေပုံကို ကြည့်တော့ အဲဒီကုမ္ပဏီတွေ လုပ်တာတွေ့တယ်။ ဒါပေမဲ့ အသစ်ထုတ်တဲ့ မြေပုံမှာကျတော့ အဲဒီကုမ္ပဏီတွေ မပါတော့ဘူး။ KMDC ဆိုတဲ့ဟာနဲ့ KBOC ဆိုတဲ့ ကုမ္ပဏီ ၂ ခုပေါ့။ အဲဒီကုမ္ပဏီ ၂ ခု လုပ်တာ တွေ့တယ် ခင်ဗျ။”

မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဘက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ရာခိုင်နှုန်း ဘယ်လောက်အထိ ပိုင်ဆိုင်တယ် ဆိုတာကို ထုတ်ပြန်ထားခြင်း မရှိပါဘူး။ လက်ရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် အများစု မှာတော့ မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ၁၅% ကနေ ၂၀% အထိပဲ ရှိနေတာ ဖြစ်တယ်လို့ ကိုဝင်းအောင်က ပြောပါတယ်။

“ထိုင်းကုမ္ပဏီရယ် နောက် Total က ပါတာပေါ့။ အဲဒီမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကကျတော့ ၁၅% ပဲ တွေ့တယ်ခင်ဗျ၊ အဲဒီမှာ သူတို့ရဲ့ ပါဝင် ပိုင်ဆိုင်မှုကကျတော့။ သိပ်အများကြီးတော့ မပါဘူး။ Block တွေ တော်တော်များများမှာ သူတို့က ၁၅%၊ ၂၀% ပဲ အများဆုံးပါတာ တွေ့တယ်၊ လောလောဆယ်ရှိတဲ့ Block တွေမှာ။”

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်မှု မရှိတာဟာ ဖျက်သိမ်းလိုက်တဲ့ စစ်အစိုးရ လက်ထက်က လုပ်နည်းလုပ်ဟန် အတိုင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းလာနိုင်တဲ့ အနေအထားတခု ဆိုရင် လုပ်တာကိုင်တာတွေက အစ အကုန်လုံး ကို ဒေသခံတွေရော၊ ပြည်သူလူထုတွေရော တစုံတခုအထိ ပေးသိနိုင်တဲ့ အနေအထားတခု၊ အဲဒီ လက္ခဏာ တွေ ပြရမယ်။ အစိုးရ ကိုယ်တိုင်ကလည်း ကိုယ့်တိုင်းပြည်မှာရှိတဲ့ ငွေကြေး ဘဏ္ဍာအခွန် ဆိုင်ရာတွေမှာ သူတို့အနေနဲ့ တစုံတခုအထိ ပွင့်ပွင့်လင်းလင်း ဖော်ပြသင့်တဲ့ ဟာမျိုးတွေ ရှိတယ်လေ။ သူတို့အနေနဲ့ အဲဒီဟာတွေကို တကယ့်တကယ် ပြည်သူလူထုဆီ ဖွင့်ဟနိုင်တဲ့ အနေအထားတခုမှ ပွင့်ပွင့်လင်းလင်း ရှိတယ်လို့ ပြောလို့ရမယ်။”

မြန်မာနိုင်ငံရဲ့ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၇၅ ခုမှာ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၄၅ ခုက ဝင်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် မှာတော့ မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့ ရောင်းချနိုင်တဲ့ ဓာတ်ငွေ့ ပမာဏက ၈.၂၉ ဘီလီယံ ကုဗမီတာ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

XS
SM
MD
LG