သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိရတနာ ပြည်လုံးချမ်းသာ စေတီတော် မြစ်ရေကြီးမှုကြောင့် ရေခ


သီရိရတနာ ပြည်လုံးချမ်းသာ စေတီတော် မြစ်ရေကြီးမှုကြောင့်ရေခ
သီရိရတနာ ပြည်လုံးချမ်းသာ စေတီတော် မြစ်ရေကြီးမှုကြောင့်ရေခ

မြန်မာနိုင်ငံမှာ မုတ်သုန်မိုး သည်းထန်မှုကြောင့် ရေကြီးပြီး တိုင်းနဲ့ ပြည်နယ် ၉ ခုတို့မှာ လူ တသိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ဧရာဝတီမြစ်ရေလျှံမှုကြောင့် သီရိရတနာ ပြည်လုံးချမ်းသာစေတီဟာ တဖြေးဖြေးချင်း မျက်စေ့ရှိမှာတင် နစ်မြှုပ်သွားတဲ့ ဗွီဒီယိုဟာ နိုင်ငံတကာသတင်းတွေအပြင် လူမှုကွန်ယက်တွေမှာပါ ပျံနှံသွားခဲ့ရာမှာ ကြည့်ရှုသူတွေအတွက် စိတ်မကောင်းဖြစ်စေခဲ့ရပါတယ်။

အသေးစိတ်ကိုတော့ မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ညနေ ၄ နာရီခွဲက သီရိရတနာ ပြည်လုံးချမ်းသာစေတီကြီးတခုလုံး မြစ်ရေထဲတဖြေးဖြေးနစ်မြှုပ်သွားတာကို ကိုယ်တိုင် ဗွီဒီယိုရိုက်ကူးခဲ့တဲ့ သာသန ဝေပုလ္လကျောင်းတိုက် ဆရာတော်တပါးဖြစ်တဲ့ အရှင်ပညာလင်္ကာရက သူရဲ့အတွေ့အကြုံကို ဗွီအိုအေကို အခုလို မိန့်ကြားပါတယ်။

“အစကတော့ စေတီအရှေ့ဘက်မှာ ကုက္ကိုပင် ၂ ပင်ရှိတာပေါ့လေ။ ကုက္ကိုပင် ၂ ပင်က တဖြေးဖြေးနဲ့ ရေထဲပါသွားးတာပေါ့။ ပါသွားတဲ့အချိန်မှာ အတွင်းလှိုက်စားတာပေါ့နော်။ စေတီက တဖြေးဖြေးနဲ့ အက်ကြောင်းတွေထပ်ထပ်လာတယ်။ အဲဒီမှာ လုံးပတ်ရဲ့အောက်ကနေမှ အက်ကြောင်းလေးတွေတဖြေးဖြေးနဲ့ စပြီးတော့ သိပ်မကြာဘူးခင်ဗျ အချိန်ကလေ။အက်ကြောင်းလေးတွေတဖြေးဖြေးနဲ့သိသိသာသာ ကျယ်လာတယ်ပေါ့နော်။ အဲဒါနဲ့ ဦးပဉ္စင်းကလည်း တုတ်ချောင်လေးတွေချိုးပြီးတော့ လက်တဆစ်လောက်ချိုးပြီးတော့ ထည့်လိုက် ၊ ခဏနေကျတော့ ကျယ်သွားလိုက်။ အဲဒါ ခဏနေကျရင်တော့ ထပ်ပြီးတော့ လက်၂ ဆစ်လောက်ရှိတဲ့ တုတ်ချောင်းလေးထည့်လိုက်၊ ဆက်ပြီးကျယ်သွားလိုက်နဲ့ ဦးပဉ္စင်းတို့လည်း အဲဒီလိုမျိုး တခါမှလည်း ဒီလိုစေတီပြိုတတွေလည်း မတွေ့ဖူးဘူး။”

“အောက်က ရေတိုက်စားဖြစ်လို့ နဲ့တယ်အဲလိုပဲ လောလောဆယ်ထင်လိုက်တာအကုန် မြှပ်သွားမယ်လို့ အဲဒီအချိန်အထိ မထင်ခဲ့ဘူးပေါ့နော် ။ဦးပဉ္စင်း တို့မှာလည်း ရေကျောင်းကနေလာပြီးလုပ်နေကြတဲ့ အရာရှိ၂ ယောက်ရှိတယ်လေ ။ သူတို့က ဘာပြောလဲဆိုတော့ ဦးဇင်း စေတီကတော့ အခြေအနေမကောင်းလောက်ဘူးတဲ့ ၊ ရေခလောက်တယ်ပေါ့ ။ အဲဒီလို သူတို့ပြောတာတောင်မှဦးပဉ္စင်း တို့က မယုံသေးဘူး။ မယုံသေးဘူးဆိုတာက စေတီအပေါ်ပိုင်းတွေက အက်တာလည်း သိပ်မတွေ့ရဘူးလေ ၊ အောက်ခြေကနေ အက်နေတဲ့အခါကျတော့ စဉ်းစားနေတာပေါ့ ဘယ်လိုများပါမလဲပေါ့ စဉ်းစားရင်းနဲ့ အက်ကြောင်းကလည်း ကျယ်ကျယ်လာတာ။”

တိုက်ရိုက် လင့်ခ်

“၄ နာရီ ၁၅ မိနစ်လောက်မှာ တော်တော်ကို အက်ကြောင်းကျယ်ပြီးတော့ အဲဒီမှာ စေတီက နည်းနည်းယိုင်သွားတယ်။ ယိုင်သွားတဲ့အချိန်မှာဦးပဉ္စင်းလည်း ဗွီဒီယိုဖိုင်လေးတင်မယ်ဆိုပြီး အဲဒီကနေစပြီးတော့ ရိုက်လိုက်တာ။ ဦးပဉ္စင်း ရိုက်တဲ့အထဲမှာ ၇ မိနစ်လောက်ပေါ့ ၊ အဲဒီ ၇ မိနစ်အတွင်းမှာ စေတီက စိန်ဖူးတော် ရေထဲကျတဲ့အထိ ဦဇင်းမှတ်တမ်းတင်လိုက်တာ။ ညှင်ညှင်သာသာကိုကျတာ။ အဲလိုမျိုးကျတာလည်း မတွေ့ဖူးဘူးလေ။ တချို့လည်းပြောကြတယ် စေတီက ရေခတဲ့ ပုံစံက ညှင်သာတယ်ပေါ့လေ။ တဖြေးဖြေးနဲ့ ဝုန်းဆိုပြီးတော့ တခြမ်းလုံးကြီးလဲသွားတာလည်း မဟုတ်ပဲနဲ့ ဒီအတိုင်းထိုင်ပြီးလျောပြီးဆင်းသွားတယ်။ ရေထဲရောက်တဲ့အခါကျမှ နည်းနည်းလေးစောင်းပြီးတော့ လုံးလုံးမြုပ်သွားတာ ဒကာမကြီး။”

မေး။ ။ တင်ပါ့ အဲဒီတော့ ဒီစေတီကိုရော ဘယ်တုန်းက စတည် ခဲ့ပါသလဲဘုရား။

ဖြေ။ ။ ဦဇင်းတို့ ၂၀၀၉ မှာ ပေါ့၊ ၂၀၀၉ မှာ အပြီးအစီး ၊ ပြီးတာနဲ့ ဘုရားထီးလည်းတင်တယ်၊ ဒီကျောင်းကိစ္စလည်းတခါတည်းတွဲလုပ်လိုက်တာပေါ့။

မေး။ ။ စေတီက ရွှေတိဂုံပုံစံမျိုး တည်ဆောက်ထားတာနော် ဘုရား။

ဖြေ။ ။ဟုတ်ပါတယ် ရွှေတိဂုံပုံစံမျိုး။

မေး။ ။တင်ပါ့ အဲဒီတော့ ဘုန်းကြီးကျောင်းရော စေတီရော တည်ရှိတဲ့နေရာနဲ့ မြစ်နဲ့ ကအရင်တုန်းက ဘယ်လောက်ဝေးသလဲ ဘုရား။

ဖြေ။ ။ဝေးတာပေါ့။ဦးပဉ္စင်း တို့က ဘယ်လောက်ဝေးတာလဲဆိုတာကို တော့ မခန့်မှန်းနိုင်ဘူး ဒါပေမယ့် ဝေးတာကတော့ တော်တော့်ကိုဝေးတယ်။ အခုကလည်း ဧရာဝတီမြစ်ရေရဲ့ တိုက်စားမှုကလည်း ဒီ၃ နှစ်အတွင်းမှာ တော်တော်ကို သိသိသာသာ တိုက်စားလာတာပေါ့လေ။ ဦးပဉ္စင်း တို့က အဲဒီအတောအတွင်းမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ခဲ့တယ်။ ဒါပေမယ့် အရမ်းနီးကပ်လာတဲ့ အခါ ဦးဇင်းတို့ကလည်း ဌာနဆိုင်ရာတွေကို အသိပေးတယ်၊ ဦးပဉ္စင်း ကိုယ်တိုင်လည်း စာသွားတင်တယ်။ ဒါကြောင့်မို့လို့ ရေကြောင်းထိန်းသိမ်းရေးက အရာရှိ ၂ ယောက်ချပေးတယ်။ သူတို့လည်း စွမ်းစွမ်းတမံလုပ်ပါတယ်။ ဧရာဝတီမြစ်ရေက အင်မတန်စီးတဲ့ အခါကျတော့ ဒီရေစီးအားကို ဦးပဉ္စင်း တို့ကမထိန်းနိုင်ဘူးဖြစ်သွားတယ်။ လုပ်ရတဲ့အချိန်ကလည်း အင်မတန် နီးကပ်သွားတော့လေ ၊ နောက်ရေလာဦးမှာကို ဦးပဉ္စင်း တို့က ဒါပထမရေပဲရှိသေးတာကို ဒီလို ဒုတိယရေလာခဲ့လို့ရှိရင် အဲဒီအတိုင်းဖြစ်မယ်ဆိုရင် ဦးပဉ္စင်း တို့ကျောင်းလည်း စိတ်မချရဘူး။”

လက်ရှိအခြေအနေမှာတော့ မြစ်ရေကြီးမှုကာကွယ်နိုင်ဖို့ရေကြောင်းထိန်းသိမ်းရေးအရာရှိနဲ့အတူ ဒေသခံတွေ၊ ပရဟိတအသင်းတွေက အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း အနောက်သီရိကျေးရွာကို သွားရောက် ကူညီဆောင်ရွက်ပေးနေတဲ့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“လုပ်နေရတဲ့အပိုင်းက သဲအိတ်တွေချ၊ ချပြီးတော့ ဘယ်လိုနည်းနဲ့ အရေးပေါ်ကာကွယ်လို့ရမယ်ဆိုတာတွေအကုန်လုံးကို သူတို့လူအင်အားတွေနဲ့ သူတို့ သဲအိတ်ချ၊ ကြိုးတွေလည်းတားပြီးတော့ ခွဲထုတ်နေတဲ့ ပုံသဏ္ဍန်မျိုးတွေ လုပ်နေရပါတယ်။ လောလောဆယ်မှာတော့ ရေကတော့ တက်နေတာတော့မဟုတ်ပါဘူး။ ကျနေတဲ့အချိန်မှာ နောက်ရေမလာခင်မှာ နောက်ရေလာရင်တော့ မျောတော့မှာလေ၊ ဆက်ပြီးပြိုမယ်မျောမယ်ဆိုတော့ နောက်ရေမလာခင်မှာ ရနိုင်သမျှ အရေးပေါ်တားဆီးနေတဲ့ အခြေအနေဖြစ်ပါတယ်။”

ဒါအပြင် စေတီပြန်လည်တည်ဆောက်ရေးအပါအဝင် ရပ်ရွာလိုအပ်နေတဲ့ အခြားအရေးပေါ်အကူအညီတွေကိုလည်း သွားရောက်ထောက်ပံ့ပေးနေကြောင်း အသင်းရဲ့ ဦးဆောင်ကော်မတီဝင် ဦးမိုးမင်းဟန်က အခုလိုပြောပါတယ်။

“လက်ရှိကတော့ ကျနော်တို့က ရပ်ရွာမှာလိုတဲ့ ရိက္ခာတွေကို သွားရောက်လှူဒါန်းပါတယ်။ ကြိုးတွေ၊ သဲအိတ်တွေ စတဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ကူညီနိုင်ဖို့ ကျနော်တို့အဖွဲ့အားလုံး အဲဒီကိုဆင်းသွားကြပါတယ်။”

အခုလို အနောက်သီရိကျေးရွာ တဝိုက် ဧရာဝတီမြစ်ရေလျှံတက်မှုကို ကာကွယ်တားဆီးဖို့ ကျပ်သိန်း ၁၁၀ နီးပါးကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ဦးမိုးမင်းဟန်ကပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG