လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးဖို့ တောင်းခံထားတဲ့ အဆိုတွေထဲက ပြည်ပမီဒီယာတွေမှာ ပေါက်ကြားထားပြီးသား အဆိုတွေကို ဆွေးနွေးခွင့် မပြုတော့ဘဲ ပယ်လိုက်ပြီလို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မလုပ်ခင် တရက်အလိုမှာပဲ အခုလို ပြောလိုက်တာပါ။ အဲဒါကြောင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အဆိုတရပ်ကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခွင့် ရဖို့ရာ ဖြစ်နိုင်ခြေ နည်းသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေနဲ့ ပတ်သက်လို့ မတ်လ ၂၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအတွင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရှင်းလင်းပြောကြားရင်းနဲ့ ပြည်ပမီဒီယာတွေကို ကြိုပြောထားတယ်ဆိုတဲ့ အဆိုတွေကို ပယ်တဲ့အကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဘယ်လိုပြောခဲ့တယ် ဆိုတာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က ပြန်ပြောပြပါတယ်။
“သူက အဆိုတွေ၊ မေးခွန်းတွေထဲက ဘယ်သူက ဘယ်လောက်မေးတယ်ဆိုတာ ပြောရင်းနဲ့ ဆက်ပြောတာက အဆိုတွေ၊ မေးခွန်းတွေကို လွှတ်တော်က ပြန်မပြောခင် ပြည်ပမီဒီယာတွေကို ကြိုပြောထားတဲ့ အဆိုတွေ၊ မေးခွန်းတွေကို သူပယ်တဲ့အကြောင်း ပြောပါတယ်။ အဲဒါပဲ ပြောတာပါ။ ကျန်တဲ့ မီဒီယာတွေကို ပြောတဲ့ ဆိုတဲ့ဟာတွေတော့ သူ ဘာမှမပြောပါဘူး။”
ဒါပေမဲ့လည်း ပြည်သူ့လွှတ်တော်မှာတော့ အဲဒီလို မပြောခဲ့ဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။ ဦးသိန်းညွန့်ဟာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပတဲ့ အခါကျရင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်တဲ့ အဆိုတရပ်ကို တင်သွင်းဖို့ တင်ပြထားတဲ့ အကြောင်းနဲ့ သူ အဲဒီအဆို တင်သွင်းတဲ့အခါ ဘယ်လိုဘယ်ပုံ အခိုင်အမာ တင်သွင်းမယ် ဆိုတာတွေကို မတ်လ ၂၂ ရက်၊ အင်္ဂါနေ့တုန်းကပဲ ဗွီအိုအေကို ရှင်းပြခဲ့ပါသေးတယ်။ သူ့အဆို တင်သွင်းခွင့်ရမယ်၊ မရဘူး ဆိုတာကို မတ်လ ၂၃ ရက် မနက်ပိုင်းက သွားမေးခဲ့ပေမဲ့ လွှတ်တော်အစည်းအဝေး ပြီးမှပဲ သိရတော့မယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
“ဒီနေ့ အမျိုးသားလွှတ်တော်က ကြားရတဲ့ သတင်းအတိုင်း ဆိုရင်တော့ ကျနော်က ပြည်တွင်း မီဒီယာရော၊ ပြည်ပ မီဒီယာရောကို ရွေးကောက်ပွဲ ပြီးကတည်းက ပြောခဲ့တာကိုး။ ဒီလွှတ်တော်ကြီး မခေါ်ခင်အထိ ကျနော် ပြောပါတယ်။ လွှတ်တော်ခေါ်တဲ့ အချိန်မှာတော့ ကျနော် မလွှဲမရှောင်သာလို့ ခေါင်းစဉ်ကလွဲရင် ကျန်တာ ကျနော် ဘာမှမပြောပါဘူး။ ဘာပဲဖြစ်ဖြစ် ခေါင်းစဉ်ပြောတာလည်း ပြောတယ်ဆိုတဲ့ အထဲမှာ အကျုံးဝင်တယ် ဆိုရင်တော့ ကျနော်လုပ်စေချင်တဲ့ဟာကို ပုံစံတမျိုးနဲ့တော့ ဖော်ရမှာပေါ့ဗျာ။
“ဒီတခါ ကျနော် ဖော်တဲ့အခါကျရင် ကျနော့်မှာ အရေးအကြီးဆုံး သတိထားရမှာက ပြည်ပ မီဒီယာပဲဖြစ်ဖြစ်၊ ပြည်တွင်း မီဒီယာပဲဖြစ်ဖြစ် ဦးသိန်းညွန့် လွှတ်တော်မှာ ဘာလုပ်မလဲမေးရင် ကျနော်ကတော့ နှုတ်ပိတ်ပြီး နေရမှာပဲ။”
မတ်လ ၂၄ ရက်နေ့မှာ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ကျင်းပဖို့ရှိပြီး မေးမြန်း ဆွေးနွေးကြမယ့် အထဲမှာ ဒဏ်ခတ် အရေးယူမှု ကိစ္စလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများကို ဤလွှတ်တော်က ကန့်ကွက်ကြောင်း အဆိုကို ဟင်္သာတ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက တင်သွင်းမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဦးဌေးဦးဟာ လက်ရှိမှာ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးဖြစ်သလို ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။
ဒီ စီးပွားရေး ဒဏ်ခတ် အရေးယူမှုကိစ္စ လွှတ်တော်မှာ တင်ပြ ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းကို တခြား နိုင်ငံရေးပါတီတွေ ဘက်ကနေ လွှတ်တော်အစည်းအဝေးတွေ မတိုင်ခင်ကတည်းက သတင်းမီဒီယာတွေမှာ ပြောဆိုတာတွေ ရှိထားခဲ့ပါတယ်။
ဒီကနေ့ လွှတ်တော် အစည်းအဝေးတွေအတွင်း နိုင်ငံ ၁၀ နိုင်ငံက လွှတ်တော်တွေနဲ့ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်တို့က သ၀ဏ်လွှာတွေကို ပေးပို့တယ် ဆိုတာကို လွှတ်တော်ဥက္ကဋ္ဌတွေက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံ လွှတ်တော်တွေက တာဝန်ရှိသူတွေ လာရောက်ဖို့ ရှိသလို မြန်မာနိုင်ငံ လွှတ်တော်တွေ ဘက်ကလည်း ပြည်ပခရီးစဉ်တွေ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို ဘယ်နှစ်ရက် ကျင်းပမယ်၊ သမ္မတ၊ ဒု-သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွေ ဘယ်တော့လုပ်ပြီးတော့ နောက်အစိုးရအဖွဲ့ လက်ထဲ အာဏာ ဘယ်တော့လွှဲမယ် ဆိုတာတွေက အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့လည်း မတ်လကုန် ဧပြီလဆန်းလောက်မှာ အားလုံး ပြီးစီးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။