သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့လွှတ်တော်အားပြိုုင်မှု


အခုတစ်ကြိမ်ပြန်ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ ပြန်စချိန်ကစပြီး သမ္မတနဲ့လွှတ်တော်အကြား အငြင်ပွားစရာ အားပြိုင်မှုတွေရှိလာတယ်လို့ လွှတ်တော်လေ့လာကြည့်ရေးအဖွဲ့ (OMI) က ပြောခွင့် ရှိသူတစ်ဦးက ပြောပါတယ်။ အခုလို အားပြိုင်မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းက အားပြိုင်မှုတွေ ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်အချို့ကသုံးသပ်သလို နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ ဟန်ဆောင်အားပြိုင်ပြတာ မျိုးတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲ မောင်မောင်က တင်ပြပေးထားပါတယ်။

(၁၂) ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွေပြန်စတဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီးတော့ သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်အကြား အားပြိုင်မှုတွေ အတော်လေးပြင်းထန်နေတယ်လို့ လွှတ်တော် လေ့လာစောင့်ကြည်လေ့လာသူတွေက သုံးသပ်ကြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ လစာတိုးတဲ့ ကိစ္စ၊ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေအပါအဝင် အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးအားပြိုင် အငြင်းပွားမှုတွေ ရှိလာပါတယ်။ လွှတ်တော် အစည်းအဝေးတွေအတွင်း သိသိသာသာ အားပြိုင်မှုတွေရှိနေတာနဲ့ပတ်သက်ပြီး လွှတ်တော် စောင့်ကြည့်လေ့လာရေးအစီအစဉ် ပွင့်လင်းမြန်မာ ရှေ့ဆောင် (OMI ) အဖွဲ့က ကိုအေးကျော်က အခုလို ပြောပါတယ်။

“ပွတ်တိုက်မှုတွေကတော့ လွှတ်တော်နဲ့သမ္မတအကြား သဘောမတူတာလေးတွေပေါ့နော်။ လွှတ်တော်ရဲ့သဘောကို သမ္မတက မလိုက်လျောနိုင်တာ၊ သမ္မတရဲ့သဘောကို လွှတ်တော်က အတည်မပြုနိုင်တဲ့ ပွတ်တိုက်မှုမျိုးတွေ တွေ့နေရပါတယ်။”

ဒါပေမဲ့ လွှတ်တော်နဲ့ အစိုးရအကြားအခုလို အားပြိုင်ပြနေတာဟာ သံသယဖြစ်စရာကောင်းပြီးတော့ လွှတ်တော်ရော၊ အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင် အားလုံးဟာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေတဲ့အတွက် အခု ပွတ်တိုက်မှုတွေဟာ စဉ်းစားဖို့ကောင်းတယ်လို့ မြန်မာ့အရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“check and balance လုပ်နေတဲ့ခြေလှမ်းတွေလို့ ကျနော်က မမြင်ဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၄ နှစ် တာကာလ အစိုးရနဲ့လွှတ်တော်ရဲ့ ဖြတ်သန်းမှု တွေကို ပြန်ကြည့်လို့ရှိရင် ကျနော့်အမြင်က အောက်ခြေပြည်သူလူထုရဲ့ စားဝတ်နေရေး၊ လူမှုရေးလိုအပ်ချက်တွေကို ဘာမှ မယ်မယ်ရရ ဖြည့်ဆည်း မပေးနိုင်ဘူးလို့ မြင်တယ်။ ပြည်သူတွေဟာ ပိုပြီးတော့ ဆင်းရဲမွဲတေလာတယ်လို့ မြင်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ လွှတ်တော်နဲ့အစိုးရအကြား ဒီလို check and balance လုပ်တယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီးတော့ နိုင်ငံရေးအရ လှည့်ကွက်လုပ်နေတဲ့ နိုင်ငံရေးအရ ထွင်လုံးလုပ်နေတဲ့ ကစားနေတဲ့ ပုံစံတွေလို့ သုံးသပ်တာဗျ”

တစ်ဖက်မှာတော့ အခုလို လွှတ်တော်နဲ့သမ္မတအကြား အားပြိုင်ပွတ်တိုက်မှုတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းက ပေးထားချက်တွေပေါ်မှာ အငြင်းပွားနေတာလို့လည်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဗွီအိုအေကို ပြောပါတယ်။

“ဒါတွေကတော့ ဒီ အခြေခံဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ပေမဲ့ မေးခွန်းထုတ်စရာတွေကတော့ အများကြီးရှိတာပေါ့။ အဲဒါတွေက ဘာဖြစ်ဖြစ် သူ့လုပ်ပိုင်ခွင့်ဘောင်ကနေ တစ်ဦးနဲ့တစ်ဦး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကဏ္ဍက ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒီလို အားပြိုင်တယ်ဆိုရင်လည်း သဘာဝကျတဲ့ အားပြိုင်မှုပဲလေ။ ဒီဟာအားလုံးဟာ အခြေခံဥပဒေနဲ့ညီရင် တရားဝင်တယ်။ မညီရင် တရားမဝင်ဘူး။ နောက် ဒုတိယသမ္မတကပဲ လုပ်လုပ်၊ လွှတ်တော်ကပဲ လုပ်လုပ်၊ ဘယ်ဟာက ဒီနေ့ တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတယ်ပေါ့။ ဒီဟာကို အဓိက စဉ်းစားရမှာပေါ့။”

ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း လွှတ်တော်နယက သူရဦးရွှေမန်းနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကြား သီးခြားတွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုဟာ လတ်တလော သမ္မတနဲ့လွှတ်တော်အကြား ပွတ်တိုက်မှုတွေနဲ့ ဆက်စပ်တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ကျနော် ထင်တာတော့ သူတို့ ဘယ်လိုခံစားနေရလဲပေါ့။ တပ်မတော်သားကိုယ်စားလှယ်တွေ ဘယ်လိုခံစားနေရလဲဆိုတဲ့ဟာကို နားလည်မှုယူတာလို့ပဲ မြင်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေက တောင်းဆိုသည်ပဲဖြစ်စေ၊ ကျနော်တို့ လွှတ်တော် နာယက-က ဖိတ်ခေါ်ပြီးတော့ မေးမြန်းတာပဲဖြစ်စေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ တစ်စုံတစ်ရာ ခံစားနေရတယ်လို့ အဲဒီလိုယူဆလို့ မေးကြမြန်းကြ ပြောကြဆိုကြတာပေါ့၊ တော်တော်ကြာတယ်။ ၄ နာရီကနေ ၆ နာရီခွဲလောက်ရှိတယ်။"

လတ်တလော အငြင်းပွားမှုနဲ့ ပွတ်တိုက်မှုတွေ ဖြစ်နေတဲ့ အကြောင်းအရောတွေကတော့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး သမ္မတ က မူဘောင်တွေချမှတ်ပြီးမှ ဆွေးနွေးဖို့ ပြောဆိုချက်ကို လွှတ်တော်ဘက်က အရင်ဆုံး တွေ့ဆုံပြီးမှ မူဘောင်ချမှတ်ဖို့ အကြောင်းပြန်ခဲ့ပါတယ်။ အမျိုးသား ပညာရေး ဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်ဘက်က ပြန်လည် သုံးသပ်ပေးဖို့ သမ္မတက ပြောဆိုခဲ့ပေမဲ့လည်း ဝန်ကြီးဌာနဘက်ကသာ ဒီဥပဒေကို ပြန်တင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လတ်တလော လစာနဲ့စရိတ်တွေ တိုးမြှင့်ခံစားဖို့ မသင့်သေးဘူးလို့ သမ္မတက ပြောဆိုပေမဲ့ လွှတ်တော်ဘက်ကတော့ မဲခွဲပြီး လစာတိုးပေးရေးကို ကျန်ရှိတဲ့ လွှတ်တော်သက်တမ်း ၁ဝ လမှာ ခံစားဖို့ ဆုံးဖြတ်ခဲ့တဲ့ အချက်တွေ ပါခင်ဗျား။

XS
SM
MD
LG