သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ လွှတ်တော်တက် ပါတီများ တိုက်တွန်း


လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ လွှတ်တော်တက် ပါတီများ တိုက်တွန်း
လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ လွှတ်တော်တက် ပါတီများ တိုက်တွန်း

မြန်မာနိုင်ငံမှာ အစိုးရသစ် အနေနဲ့ နိုင်ငံရေးအရ မတူညီတဲ့ အမြင်အမျိုးမျိုးကို လက်ခံနိုင်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး ပါတီတွေက ပြောသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအဝင် အတိုက်အခံ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး လုပ်ငန်းစဉ်က နိုင်ငံမှာ ဒီမိုကရေစီ အစိုးရ ဖြစ်ပေါ်ရေးအတွက် အရေးကြီးကြောင်း နိုင်ငံရေးပါတီ ၁၁ ပါတီက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

လက်ရှိ ပေါ်ပေါက်လာမယ့် မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီသေးပေမဲ့ ဒီမိုကရေစီ စံနှုန်းပြည့် အစိုးရသစ်တရပ် ကူးပြောင်း ဖြစ်ထွန်းလာဖို့ အရေးမှာ ယုံကြည်ချက် ကွဲပြားတဲ့ အကျဉ်းကျ နိုင်ငံရေးသမားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ပြည်တွင်းပြန်ဝင်ခွင့် ပေးဖို့နဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးဖို့ လိုတယ်ဆိုပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၁ ခုက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ် တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးမှာ သဘောထား မတူညီ ကွဲပြားတဲ့ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်နိုင်ဖို့က အရေးကြီးတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“အခုလက်ရှိ ဖြစ်ပေါ်လာမယ့် အစိုးရဟာလည်း တကယ့် ဒီမိုကရေစီစစ်စစ် အစိုးရတော့ မဟုတ်သေးဘူးပေါ့။ ချက်ချင်းပဲ ကျနော်တို့ ဒီမိုကရေစီရေးကို မမျှော်မှန်းနိုင်သေးဘူး။ ဒါပေမဲ့ ဒီမိုကရေစီကို ပိုပြီးတော့ များများဖြစ်အောင်၊ အဲဒါကတော့ အကုန်လုံး ဝိုင်းလုပ်ရမယ်။ ဝိုင်းမလုပ်ဘဲနဲ့ ဆိုရင်တော့ ကျနော်တို့ မျှော်လင့်တာ ဖြစ်မလာဘူးပေါ့။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာရင် သူတို့လည်း ဝိုင်းလုပ်ရမယ်။ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေရယ်၊ နိုင်ငံတကာရောက်တဲ့ နိုင်ငံသားတွေရယ်ကို ကျနော်တို့ တိုင်းပြည်အတွက် သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတော့ တိုင်းပြည်ထူထောင်ချင်တယ် ဆိုတဲ့၊ ဒါကတော့ အဓိက ရည်ရွယ်ချက်ပေါ့နော်။”

မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။ ပေါ်လာမယ့် အစိုးရသစ် အနေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ အခု တိုက်တွန်း တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားဖို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း ပြောပါတယ်။

“ဒီ ၁၁ ပါတီက ပါတီအနေနဲ့ စဉ်းစားတာ။ စဉ်းစားပြီးတော့မှ ဒါ ကျနော်တို့ သဘောထားတွေ ဆိုပြီးတော့ ပြောပြတယ်။ အဲဒီသဘောထားကို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဆင်သင့်ရင် သူတို့ကိုယ်တိုင်က ဥပဒေအဖြစ် တင်ချင်လည်း တင်မှာပေါ့။ သို့တည်းမဟုတ် လွှတ်တော်မှာရှိသော အစိုးရကိုဖြစ်စေ ကျနော်တို့ အကြံပြုတာပေါ့၊ ဒါတွေ လုပ်ပေးပါ ဆိုပြီးတော့။ အခု ဒီကိစ္စလေးကတော့ ကျနော်တို့ မတိုက်တွန်းခင်လည်း သူတို့ စဉ်းစားထားတာ ဖြစ်ကောင်း ဖြစ်နေမှာပေါ့။ ဘာပဲပြောပြော ကျနော်တို့ကတော့ လုပ်သင့်တယ် ဆိုတဲ့ဟာကို လုပ်တာပေ့ါ။”

မြန်မာ့နိုင်ငံရေးဖြစ်စဉ် ဖြစ်ထွန်း တိုးတက်လာရေးအတွက် ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခွင့် ပြုရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက မြန်မာစစ်အစိုးရကို တိုက်တွန်း တောင်းဆိုနေကြတာပါ။

အခု အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တချို့က လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့အတွက် သက်ဆိုင်ရာ လွှတ်တော် သဘာပတိတွေဆီကို အဆိုပြုလွှာတွေ တင်သွင်းထားပြီး ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ ချပြ ဆွေးနွေးလိုတဲ့ အချက်အလက်တွေကို လွှတ်တော် သဘာပတိဆီကို ၁၀ ရက် ကြိုတင်ပြီး လွှတ်တော်အမတ်တွေက အဆိုပြုလွှာ တင်သွင်းရတာ ဖြစ်ပါတယ်။

လွှတ်တော် သဘာပတိက ဆွေးနွေးခွင့် ပြုရင်တော့ လွှတ်တော်မှာ ချပြ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်မှုတိုင်းမှာတော့ လွှတ်တော်အမတ်နေရာ အများစု အနိုင်ရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ လွှတ်တော်အမတ်နေရာ အားလုံးရဲ့ ၂၅% ရယူထားတဲ့ စစ်သား လွှတ်တော်အမတ်တွေက ကြီးစိုးနေတာဖြစ်ပြီး သူတို့ရဲ့ ဆန္ဒမဲတွေက ဆုံးဖြတ်မှုတိုင်းမှာ အဓိကကျနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG