သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USDP ပြဿနာ လွှတ်တော်မယူလာဖို့ သူရဦးရွှေမန်းသတိပေး


ပြည်ခိုင်ဖြိုးပါတီတွင်း ခေါင်းဆောင်မှုအပြောင်းအလဲနဲ့ ပတ်သက်လို့ ပြဿနာတွေ ထပ်မံ မကြီးထွားလိုတာကြောင့် လွှတ်တော်တွင်းကို ဒီပြဿနာ ယူဆောင်ခြင်း မလုပ်ကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ သတိပေး ပြောဆိုပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေဖို့ သူ့အနေနဲ့ လိုလားပြီး တရားဥပဒေစိုးမိုးရေး ရှိဖို့လည်း သုံးသပ်ဆောင်ရွက်ကြဖို့ သူရဦးရွှေမန်းက ဒီကနေ့ လွှတ်တော်မှာ ပြောပါတယ်။ ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ လွှတ်တော်တွင်း ဂယက်တွေအကြောင်း နေပြည်တော် လွှတ်တော်ကိုရောက်နေတဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အများက စိတ်ဝင်စားနေကြတဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်း အပြောင်းအလဲ ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်တွင်းကိုပါ ဂယက်ရိုက်လာမှာကို လွှတ်တော်ကိုယ်စားလှယ်အချို့ စိုးရိမ်မှုဖြစ်နေချိန်မှာပဲ၊ ဒီကနေ့ ပြန်လည်စတင်တဲ့ ပြည်ထောင်စုလွှတ်တော် အဖွင့်မှာ လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တွေကို အကြမ်းဖျဉ်း ရှင်းလင်းတင်ပြမှု လုပ်ခဲ့ပါတယ်။ ပါတီတွင်း ခေါင်းဆောင်ပိုင်းအကြား စိတ်ဝမ်းကွဲပြားမှု၊ ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးမှုအားနည်းခြင်း၊ ပါတီဂုဏ်သိက္ခာ ကျဆင်းစေမှု စသဖြင့် ပေးစာတစောင်ကို သူနဲ့ ဦးဌေးဦးတို့ကို လိပ်မူပြီး သြဂုတ်လ ၁၃ ရက်နေ့က လက်ခံရရှိခဲ့တယ်လို့ သူရဦးရွှေမန်းက လွှတ်တော်ကို ရှင်းပြသွားပါတယ်။ ဒါပေမဲ့ သူတို့ ပါတီတွင်းကိစ္စကို လွှတ်တော်တွင်းထိ ယူဆောင်လာခြင်း မပြုကြဖို့ကိုတော့ သူက သတိပေးခဲ့ပါတယ်။

“ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိစ္စရပ်နှင့် စပ်လျဉ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှု ရှိနေကြတာ အမှန်ပဲ ဖြစ်ပါတယ်။ အဆိုပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွင်း လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များကို လွှတ်တော်အတွင်း ယူဆောင်လာခြင်း မပြုစေလိုပါကြောင်း ပြောကြားလိုပါတယ်။ ဤကိစ္စကြောင့် ထပ်မံပြီး ပြဿနာ ဖြစ်လာအောင်၊ ပြဿနာကို ပိုကြီးထွားအောင် မဖြစ်စေလိုပါ။”

မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေး ချောမွေ့မှုဖြစ်အောင် အထောက်အကူ ဖြစ်စေရန်ပဲ သူ့အနေနဲ့ လိုလားပြီး တရားဥပဒေ စိုးမိုးမှုရှိရေးကို သုံးသပ်ဆောင်ရွက်ကြဖို့ လွှတ်တော်အမတ်တွေကို သူရဦးရွှေမန်းက တိုက်တွန်းခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးခေါင်းဆောင် ပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ အစိုးရအနေနဲ့ ပါတီတခုရဲ့ အပြောင်းအလဲအပေါ်မှာ လွှမ်းမိုးမှုရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်နေကြပါတယ်။ ဒီအပေါ်မှာ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ဒီဟာက ပါတီတွင်းကိစ္စနဲ့ လွှတ်တော်တွင်းကိစ္စကို ခွဲပြီးတော့ မြင်ရမယ်။ အဲဒီတော့ ဒီကိစ္စ ၂ ခု၊ ဒါနဲ့ပတ်သက်လို့ ချက်ခြင်း အဖြေပေးဖို့ဆိုတာ မမြင်ရသေးဘူး။ အခုကြည့်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခု ၁ ရာခိုင်နှုန်း ပြန်ပြီးတော့ ရုပ်သိမ်းတဲ့ Right to Recall ဟာ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေလည်း ဒီအထဲမှာပါတယ်။ အဲဒီတော့ ဒါဟာ အန်တီတို့နဲ့ ဆိုင်တဲ့ကိစ္စလည်း ဖြစ်နေတယ်။ စောင့်ကြည့်ရမှာပေါ့၊ ဘယ်လိုဖြစ်မလဲဆိုတာ။”

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ပြောင်းလဲမှုအပေါ်မှာ အစိုးရပါဝင်မှုနဲ့ ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့ -

“ဘာမှတော့ ဖြစ်စရာ အကြောင်းမရှိဘူးထင်တယ်။ ပါတီတွင်းက ဆုံးဖြတ်တယ်။ ပါတီတွင်းက ဆုံးဖြတ်သလို၊ နာယကကြီးက သူလက်ခံတဲ့သဘော ပြောသွားတယ်။ ပြီးရင်သူကိုယ်တိုင်ကလည်းပဲ ပါတီတွင်းက ကိစ္စတွေကို ဥပဒေပြုလွှတ်တော်ထဲကို ယူမလာပါဘူး။ ယူမလာဖို့ဆိုပြီး သူပြောသွားတာ ရှိပါတယ်။ ဆိုတော့ ကျနော်ထင်ပါတယ်။ ဒါတွေက ဒီအတိုင်းပဲ အေးအေးချမ်းချမ်းနဲ့ ပြီးသွားမယ်၊ ပါတီကိစ္စ ပါတီကိစ္စအနေနဲ့ပဲ ရှိနေလိမ့်မယ်ထင်တယ်။”

ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးတွေကို ရပ်ဆိုင်းပေးဖို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အရေးကြီးအဆိုတွေ တင်သွင်းခဲ့ကြပါတယ်။ ဒီလိုတင်တဲ့အပေါ်မှာ လွှတ်တော် နာယကကတော့ ချက်ခြင်း ရပ်ဆိုင်းဖို့မဖြစ်ကြောင်း၊ လွှတ်တော်လုပ်ငန်း တာဝန်များ ပြီးဆုံးတဲ့ရပ်ဆိုင်းမှာဖြစ်ပေမဲ့ အဆိုတင်သွင်းမှုကြောင့် ရပ်ဆိုင်းသွားမှာ မဟုတ်ကြောင်း အဆိုအပေါ် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီကနေ့ လွှတ်တော်တွင်းမှာ ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက သတိထားနေကြပေမဲ့ ပါတီရဲ့ ပူးတွဲဥက္ကဌသစ် ဦးဌေးဦးကတော့ ပါတီအပြောင်းအလဲကြောင့် လွှတ်တော်တွင်း တစုံတရာ မထိခိုက်နိုင်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

“ဒီနေ့ဖြစ်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ သိပြီးသား ဖြစ်ပါတယ်။ သိပြီးသားပါပဲ၊ ဒီထက်မပိုပါဘူး။ ပိုပြီးတော့မှ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ရှိအောင် ဝိုင်းပြီးလုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ဘယ်သူမှ အာဃာတတွေလည်း မရှိပါဘူး။ ဘယ်သူ့ဘယ်သူမှ အခြားကိစ္စတွေလည်း ဘာမှမရှိပါဘူး။ ပါတီတွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ရှိအောင် ဆောင်ရွက်တဲ့ သဘောပါပဲ။ မူမပြောင်းဘူးလေဗျာ။ လုပ်ငန်းတွေအနေနဲ့ မပြောင်းဘူး၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူတွေလည်း မပြောင်းပါဘူး။”

အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ သြဂုတ်လ ၁၂ ရက်နေ့ ညနဲ့ သြဂုတ်လ ၁၃ ရက်နေ့ အဖြစ်အပျက်တွေကြောင့်၊ မြန်မာ့နိုင်ငံရေး ကူးပြောင်းမှုကိုပါ သက်ရောက် ဂယက်ရိုက်လာမှာကို ကျန်နိုင်ငံရေးပါတီတွေ စိုးရိမ်မကင်း ဖြစ်ခဲ့ကြပါတယ်။ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီရဲ့ တွဲဘက်ဥက္ကဌအဖြစ်က ဖြုတ်လိုက်ပေမဲ့လို့ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဆက်ရှိနေဦးမယ်လို့ အာဏာရပါတီကတော့ ထုတ်ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆက်တွဲ တင်းမာမှုတွေ ထပ်ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူအချို့ သုံးသပ်ယူဆပြီး၊ အထူးသဖြင့်တော့ အခု ပြည်ထောင်စုလွှတ်တော် ပြန်စမယ့်ရက်ကို စောင့်ကြည့် အကဲဖြတ်လျက် ရှိပါတယ်။

XS
SM
MD
LG