သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားလွှတ်တော်ချုပ် တရားသူကြီးစာရင်း တင်သွင်း


တရားလွှတ်တော်ချုပ် တရားသူကြီးစာရင်း တင်သွင်း

ဒီကနေ့ ဆက်လက်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မကြာခင် ပေါ်ပေါက်လာတော့မယ့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နေရာ ခန့်ထားဖို့အတွက် တရားသူကြီး အဖွဲ့ဝင် ၆ ဦးရဲ့ အမည်စာရင်းကို ရွေးကောက်ခံ သမ္မတက တင်သွင်းခဲ့ပါတယ်။ အဲဒီ တရားသူကြီးတွေဟာ သူတို့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေအတိုင်း ဆက်လက် ဆောင်ရွက်မယ် ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ခံစားရတာတွေ လျော့ပါးသက်သာအောင် ကူညီ ဆောင်ရွက်ပေးနိုင်လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ရှိပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ဒီကနေ့ လွှတ်တော်အစည်းအဝေး စတဲ့အချိန်မှာ မနေ့က အမည်စာရင်း တင်သွင်းထားတဲ့ စာရင်းစစ်ချုပ်အဖြစ် ဦးလွန်းမောင်ကို ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပြီးတဲ့နောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဖွဲ့ဝင် တရားသူကြီးတွေအဖြစ် ခန့်ထားပေးဖို့ လူ ၆ ဦးရဲ့ အမည်စာရင်းကို ရွေးကောက်ခံ သမ္မတက တင်သွင်းလိုက်တာပါ။

“နံပါတ် ၁ က ဦးသာဌေး၊ နံပါတ် ၂ က ဦးစိုးညွန့်၊ နံပါတ် ၃ က ဦးမြသိန်း၊ နံပါတ် ၄ က ဦးမြင့်အောင်၊ နံပါတ် ၅ ကတော့ ဦးအောင်ဇော်သိန်း၊ နံပါတ် ၆ ကတော့ ဦးမြင့်ဟန်၊ အားလုံး ၆ ယောက်ပေါ့။”

ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး တရားသူကြီးချုပ်အဖြစ် ဦးထွန်းထွန်းဦးကို ခန့်ထားဖို့ လွှတ်တော်က အတည်ပြုပေးထားပြီးပါပြီ။ အခု အမည်စာရင်း တင်သွင်းထားတဲ့ ၆ ဦးထဲမှာပါတဲ့ ဦးသာဌေးနဲ့ ဦးထွန်းထွန်းဦးတို့ဟာ စစ်ဘက် အရာရှိဟောင်းတွေ ဖြစ်ကြပြီး ကျန် ၅ ယောက်ကတော့ အရပ်ဘက်ဌာနတွေက ဖြစ်ပါတယ်။ တခါ အဲဒီ ၅ ယောက်ထဲမှာ ဦးစိုးညွန့်၊ ဦးမြသိန်းနဲ့ ဦးမြင့်အောင်တို့ဟာ တရားရေးနဲ့ဆိုင်တဲ့ ဌာနတွေမှာ တာဝန်ယူဖူးသူ၊ တာဝန်ယူနေသူတွေ ဖြစ်ကြပါတယ်။

ကျန်တဲ့ ၂ ယောက်မှာ ဦးအောင်ဇော်သိန်းက စာချုပ်စာတမ်းနှင့် စီမံကိန်းရေးရာ ဌာနခွဲ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှာ ဒု-အထွေထွေ မန်နေဂျာဖြစ်ပြီး ဦးမြင့်ဟန်ကတော့ သတ္တုတွင်း ဦးစီးဌာနက ဒု-ညွှန်ချုပ်ဖြစ်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ ဖော်ပြထားပါတယ်။

ဒီအမည်စာရင်း တင်သွင်းထားတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အခုလို မှတ်ချက်ပေးပါတယ်။

“တရားရုံးချုပ် တရားသူကြီးတွေအဖြစ် ခန့်အပ်တဲ့အခါမှာ ဥပဒေဘွဲ့ တခုခု ရထားတယ်ဆိုတဲ့ အခြေခံတော့ ရှိရင် ရှိမှာပေါ့။ ဒါပေမဲ့ တရားစီရင်မှု အတွေ့အကြုံ ရှိတာ မရှိတာထက် ယုံကြည်မှု ရှိမရှိက ပိုအရေးကြီးတယ်လို့ သူတို့ သတ်မှတ်မယ်ပေါ့နော။ ဒီလိုမျိုးနဲ့ သူတို့ တရားရုံးချုပ် တရားသူကြီးကို ရွေးချယ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။”

၂၀၀၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အာမခံ ပြဋ္ဌာန်းချက်တွေ ပါဝင်တယ် ဆိုပေမဲ့ အဲဒီပြဋ္ဌာန်းချက်တွေကို လွှမ်းမိုးနိုင်တဲ့ ဥပဒေတွေ ရှိနေသေးတာမို့ လူ့အခွင့်အရေးဆိုင်ရာ ပြီးပြည့်စုံတဲ့ ပြဋ္ဌာန်းချက်တွေ မဟုတ်ဘူးဆိုပြီး ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တခုက မကြာသေးခင်ကပဲ ဝေဖန် ထောက်ပြခဲ့ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အခြေခံဥပဒေအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေထဲမှာ စာချွန်တော်အမိန့် အမျိုးမျိုး ထုတ်ပြန်ခွင့် ရှိတာကြောင့် အဲဒီ အခွင့်အာဏာကို အသုံးပြုပြီး လူ့အခွင့်အရေး အခြေအနေ တိုးတက်လာစေရေး ကူညီ လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ထားသူကတော့ လက်ရှိ လွှတ်တော်အစည်းအဝေးတွေ တက်နေတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရှေ့နေကြီး ဦးသိန်းညွန့်ပါ။

“အဲဒီ တရားသူကြီးများက တရားရုံးချုပ်ကို ပြန်လည် အပ်နှင်းလိုက်တဲ့ ရှေ့တော်သွင်း စာချွန်တော် အမိန့်တို့၊ အာဏာပေး စာချွန်တော် အမိန့်တို့၊ တားမြစ်စေ စာချွန်တော် အမိန့်တို့၊ အာဏာပိုင်တွေရဲ့ စာချွန်တော် အမိန့်တို့၊ အမှုကိုင် စာချွန်တော် အမိန့်တို့ကို ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ အတိုင်းပေါ့၊ လူ့အခွင့်အရေးဘက်က ပြတ်ပြတ်သားသား ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီမျှော်လင့်ချက်နဲ့ပဲ ပြည်ထောင်စု တရားသူကြီးများကို ခန့်အပ် တာဝန်ပေးတဲ့ဟာကို သဘောတူကြောင်း ကျနော် ဆန္ဒပေးမှာပါ။”

စာချွန်တော်အမိန့် ထုတ်ပြန်ခွင့်ရှိတဲ့ လုပ်ပိုင်ခွင့်တွေကို မြန်မာနိုင်ငံ တရားရုံး အဆင့်ဆင့်ကနေ မကျင့်သုံးခဲ့တာ ဆိုရှယ်လစ် အစိုးရ လက်ထက်ကတည်းက ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ခေတ် တရားရေးဝန်ထမ်း အဆင့်ဆင့်မှာ အဲဒီ စာချွန်တော်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ မရှိကြပါဘူး။ ဒါပေမဲ့လည်း အတွေ့အကြုံ ရှိဖို့ထက် အနှစ်သာရကို သိအောင်ကြိုးစားမယ်ဆိုရင် လူ့အခွင့်အရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

“အမှန်တော့ ဒီဟာက အတွေ့အကြုံနဲ့ ပြောတာထက် လုပ်ထုံးလုပ်နည်း သဘောနဲ့ ဥပဒေရဲ့ သဘောကို သိဖို့ ပိုလိုတာပေါ့ဗျာ။ အဲတော့ ဒီဟာက စာချွန်တော်ရဲ့ အတွေ့အကြုံ ရှိတယ် မရှိဘူး ဆိုတာထက် စာချွန်တော်ရဲ့ အနှစ်သာရရဲ့ လုပ်ပိုင်ခွင့်တွေကို တရားရုံးချုပ် တရားသူကြီးများဟာ သိအောင်ကြိုးစားပြီး ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ဒါ တနည်းအားဖြင့် ပြောရင်တော့ လူ့အခွင့်အရေးရဲ့ ထိခိုက်နစ်နာမှုတွေကို ပံ့ပိုး ကုစားတဲ့ သဘောမျိုးလည်း သက်ရောက်နိုင်ပါတယ်။”

မြန်မာနိုင်ငံမှာ အရင်ရှိခဲ့ဖူးတဲ့ အခြေခံဥပဒေတွေ ထဲမှာလည်း လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါရှိခဲ့တာပဲ ဖြစ်ပေမဲ့ လူထုကတော့ အပြည့်အ၀ ခံစားခဲ့ရတာ မဟုတ်ပါဘူး။ အခု ၂၀၀၈ အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းချက်ကတော့ ပါရှိနေတာပါပဲ။ ဒါပေမဲ့လည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ချုပ်လို အဖွဲ့အစည်းမျိုးတွေက တကယ်တမ်း လုပ်ဆောင်မယ် ဆိုမှသာ စာရွက်ပေါ် ပြဋ္ဌာန်းချက်ကနေ တကယ်ခံစားရတဲ့ ပြဋ္ဌာန်းချက် ဖြစ်လာမှာပါ။ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရှေ့နေတွေထဲမှာတော့ မြန်မာနိုင်ငံရဲ့ အနာဂတ် လူ့အခွင့်အရေး အခြေအနေ သိသိသာသာ တိုးတက်လာမယ်လို့ အကောင်းမြင် မျှော်လင့်သူ နည်းပါးလှပါတယ်။

XS
SM
MD
LG