သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလမ်းကြောင်းသစ် မြောက်ပိုင်းအဖွဲ့အဆိုပြုဆွေးနွေး


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ဒုဥက္ကဌ ဗိုလ်ချုပ် ဂွန်မော် တွေ့ဆုံ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ဒုဥက္ကဌ ဗိုလ်ချုပ် ဂွန်မော် တွေ့ဆုံ

နေပြည်တော်ကို ရောက်ရှိနေတဲ့ တရုတ်မြန်မာနယ်စပ်က မြောက်ပိုင်းအဖွဲ့ ၇ဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နှစ်သုတ်ခွဲပြီး တွေ့ဆုံခဲ့ရာမှာ ပထမအစုအဖွဲ့နဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းသစ်တခုနဲ့ ဆွေးနွေးနိုင်ဖို့ အဓိကဆွေးနွေးနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ဒုဥက္ကဌ ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က နေပြည်တော်ကနေ ပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် ပါဝင်တက်ရောက်လာတဲ့ မြောက်ပိုင်းအဖွဲ့တွေဟာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်က အခုလို ပြောပါတယ်။

“ ဒီနေ့တော့ ကျနော်တို့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီမှာ ဝအဖွဲ့ရယ်၊ SSPP ရယ်၊ မိုင်းလားရယ်၊ နောက် ကျနော်တို့ KIO ရယ်ပေါ့နော်။ သူတို့ ၃ဖွဲ့ကတော့ ၂ယောက်စီ ကျနော်တို့ KIO ကတော့ကျနော်တယောက် အလွတ်သဘောတွေ့ဆုံတဲ့သဘောနဲ့ သွားတွေ့တာဖြစ်ပါတယ်။ အဓိကတော့ ကျနော်တို့ဖက်က FPNCC ဖက်ကနေ အရင်တင်ထားတဲ့ စာတန်းအပေါ်မှာ အဓိက ကျနော်တို့ ဆွေးနွေးချင်တဲ့အကြောင်းကို ကျနော်တို့ ပြောပါတယ်။ နောက် အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်းက ဦးစီးပြီးတော့ သူက ဒီ NCA အပေါ်မှာ ထားရှိတဲ့ သဘောထားတွေကို တင်ပြတာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း သူတို့ဖက်က သဘောထားတချို့ကို ပြန်ပြီး ရှင်းပြပါတယ်။ ”

တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့ ၇ဖွဲ့ဟာ FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုကော်မတီကို ပူးပေါင်းဖွဲ့စည်းထားပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ် မရေးထိုးထားဘဲ NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ပထမဆုံးတွေ့ဆုံတဲ့အဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲရေးအတွက် Bileteral ခေါ် နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးတာတွေကို သီးခြားဆွေးနွေးဖို့အတွက် သီးခြားဆွေးနွေးခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

“ ၂၁ ရာစုပင်လုံကို လာတာက ဖိတ်တဲ့လူကလည်း အပြန်အလှန် အသိအမှတ်ပြုတယ်။ ကျနော်တို့ တက်ရောက်တဲ့ အဖွဲ့တွေကလည်း အသိအမှတ်ပြုတဲ့သဘောမျိုးနဲ့ လာတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲတွေဟာ ဒီလို သူ့အစီအစဉ်နဲ့သူ စနစ်တကျသွားနေတဲ့ ပင်လုံအစည်းအဝေးလို မဟုတ်ဘဲနဲ့ တခြားအချိန်တခုမှာ ဆွေးနွေးသင့်တယ်လို့ အပြန်အလှန်ဒီလိုပဲ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ အဲတော့ ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းကတော့ သီးသန့်ဆွေးနွေးဖို့ ဖြစ်ပါတယ်။”

NCA လက်မှတ်ရေးထိုးရေးဟာ ဆွေးနွေးမှုနောက်ပိုင်းမှာ ဆုံးဖြတ်ရမှာဖြစ်ကြောင်းပြောဆိုသလို ကချင်ပြည်နယ်မှာဖြစ်ပွားနေခဲ့တဲ့ တိုက်ပွဲတွေလျော့ချရေးနဲ့ပတ်သက်လို့တော့ သီးခြားဆွေးနွေးတာမရှိကြောင်း အခုလို ဆက်ပြောပါတယ်။

“ ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း အဲဒီကိစ္စတွေ မပြောပါဘူး။ အခုပြောတဲ့ ကျနော်တို့ ချိတ်ဆက်မှုတခုကို လုပ်ဖို့ လိုတယ်ဆိုတဲ့ အပိုင်းပဲ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတကြိမ်က ကျနော်တို့ KIO ရဲ့ အရေးကို ပြောဖို့ သီးသန့်မဟုတ်ဘဲနဲ့ ၇ဖွဲ့လုံးရဲ့ အရေးကို ပြောတာဖြစ်တဲ့အတွက် အဲဒီကိစ္စတွေ မဆွေးနွေးပါဘူး။ ”

လက်ရှိအချိန်ထိမှာ အစိုးရနဲ့ တပ်မတော်က FPNCC အဖွဲ့ကို အသိအမှတ်ပြုထားတာမရှိသလို လက်ရှိ တွေ့ဆုံရာမှာလည်း FPNCC ကို လက်ခံတာ၊ မခံတာနဲ့ ပတ်သက်လို့ ဆွေးနွေးတာမရှိခဲ့ပါဘူး။

ဒီလိုတွေ့ဆုံရာမှာတော့ ဝ၊ မိုင်းလား၊ SSPP ခေါ် ရှမ်းမြောက်နဲ့ KIO အဖွဲ့တွေနဲ့ တွေ့ဆုံပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ TNLA ခေါ် ပလောင်၊ MNDAA ခေါ် ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့တော့ သီးခြားသတင်းမရရှိသေးပါဘူး။

ဒီလ ၁၁ ရက်နေ့ကတော့ မြောက်ပိုင်းအဖွဲ့တွေထဲက အပစ်အခတ်ရပ်စဲရေးအတွက် Bileteral ခေါ် နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၄ဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တွေ့ဆုံခဲ့သလို လက်မှတ် မထိုးသေးတဲ့ ကျန် ၃ဖွဲ့က ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးရာမှာတော့ နှစ်ဖက်အပြုသဘောဆောင်တဲ့ တွေ့ဆုံပွဲဖြစ်ကြောင်းနဲ့ NCAမှာပါဝင် မူဘောင်တွေကို ပြန်လည် သုံးသပ်ရေးအတွက်သဘောတူညီချက်ရခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်မရသေးပေမဲ့ လာမယ့်ရက်မှာ ကျင်းပဖို့ ရှိနေတဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ထုတ်ဖော်ပြောဆိုမယ့် အခြေအနေရှိနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG