သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၂၁ ပင်လုံ တတိယညီလာခံ တပ်ချုပ်မိန့်ခွန်းအပေါ် ပြည်ပတိုင်းရင်းသားတချို့အမြင်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တချို့ကို နေပြည်တော်မှာ တွေ့ဆုံ (11 July, 2018)

ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁)ရာစုပင်လုံ တတိယအကြိမ် ညီလာခံဖွင့်ပွဲနေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသွားတဲ့ အချက်တွေကိုကြည့်ရင် အပစ်ရပ်ငြိမ်းချမ်ရေး အလားအလာဟာ ပိုပြီး ဝေးကွာသွားစေမယ့် သဘောရှိကြောင်း ပြည်ပအခြေစိုက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က သုံးသပ်လိုက်ကြပါတယ်။ တတိယအကြိမ် ပင်လုံညီလာခံမှာ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ခွဲမထွက်ရေးတို့ဆိုတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခွင့် မရတဲ့အပေါ် အားမလိုအားမရ ဖြစ်နေကြပါတယ်။ ပင်လုံညီလာခံအပေါ် တိုင်းရင်းသားအရေးတွေရဲ့ တုန့်ပြန်ချက်နဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

လပေါင်းအတန်ကြာရပ်နားခဲ့ရာက ပြန်လည်ကျင်းတဲ့ (၂၁)ရာစုပင်လုံ တတိယညီလာခံကို ဇူလိုင်လ(၁၁)ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော် မြန်မာ ကွန်ဗန်းရှင်းစင်တာ အမှတ်(၂)မှာ ကျင်းပခဲ့ရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အခုလို တိုက်တွန်းသွားပါတယ်။

“ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာလည်း ဒီမိုကရေစီ စံနှုန်းအတိုင်း အများစုကလက်ခံ သဘောတူညီချက်တွေအတိုင်း အခြေခံထား ဆောင်ရွက်သွားဖို့ လိုပါတယ်။ အင်အားစု အတော်များများက လက်ခံသဘောတူ ထားပြီးဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ခိုင်ခိုင်မာမာ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးဖို့ လိုအပ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိလို့ လက်မှတ်ထိုးစရာ မလိုဘူးလို့ ပြောဆိုနေတာတွေ၊ ယခင် သဘောတူညီချက်တွေ ရှိပြီးဖြစ်တယ် ဆိုတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီကျင့်ဝတ်နဲ့ ညီညွတ်မှု မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်။”

တပ်မတော်ဘက်က စစ်အင်အား တိုးချထားတာတွေ ပြန်မရုပ်သိမ်းသေးပဲ၊ ထိုးစစ်တွေ မရပ်စဲသေးပဲနဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ကိုသာ ဇွတ်အတင်း ပြောနေတာက ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေနဲ့ ပိုဝေးသွားစေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Kachin Alliance ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွမ်ဆမ်က ပြောပါတယ်။

“ ငြိမ်းချမ်းရေး ခရီးစဉ် ပိုကြာရှည်လာလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ NCA ကိုထိုး၊ မထိုးရင် တိုက်မယ်ဆိုတဲ့ သဘောသဘာဝနဲ့ ပြောသွားတာဗျ။ ဆိုင်းမထိုးဘူးဆိုရင် ထပ်တိုက်မှာပဲဆိုတဲ့ဟာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဟန်ပြမိန့်ခွန်းသဘော သူကပြောသွားတယ်လို့ ကျနော်တို့ အဲဒီလို ခံစားရပါတယ်ဗျ။ နောက်တခုက ငြိမ်းချမ်းရေးဆိုတာ ဒီစစ်ကို ဖြစ်ပွားအောင်တိုက်နေတဲ့ ထိုးစစ်တွေ ဆင်နေတဲ့အဖွဲ့တွေ ရှိနေလို့ပဲ ဒီတိုက်ခိုက်မှုဆိုတာ ရှိနေတာဗျ။ ကျနော်တို့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ဟာတွေ အားလုံးကြည့်လို့ရပါတယ်။ ထိုးစစ်ဆင်တဲ့အရာတွေ ရှိမှပဲ စစ်ပွဲဆိုတာဖြစ်နေတာပါ။ အဲလိုဆိုတော့ ဗိုလ်ချုပ်မှူးကြီး ပြောတဲ့စကားနဲ့ မြေပြင်အခြေအနေကတော့ အများကြီး ကွာခြားနေပါတယ်လို့ ကျနော် အဲဒီလိုပဲ ယူဆပါတယ်။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အဓိက အဆုံးအဖြတ်ပေးနိုင်တဲ့နေရာမှာ ရှိနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တွေဘက်က သုံးသပ်မှုတွေ အခိုင်အမာရှိထားတာပါ။

ဗိုလ်ချုပ်မှူးကြီးရဲ့မိန့်ခွန်းကို လေ့လာကြည့်ရင် တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်ရေး ရင်ကြားစေ့ရေးကိစ္စတွေကို ထိခိုက်နိုင်တာကြောင့် ငြိမ်းချမ်းရေး အလားအလာဟာအပေါ် မျှော်လင့်ချက် ကင်းဝေးစေတယ်တယ်လို့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ရေးရာကို လေ့လာသုံးသပ်နေတဲ့ ဂျာမနီအခြေစိုက် ရှမ်းအမျိုးသား စိုင်းဝမ်စိုင်းက မြင်ပါတယ်။

“ သူ့မိန့်ခွန်းကို ကြည့်ခြင်းအားဖြင့် သိပ်ပြီး အားရစရာ မကောင်းဘူး။ တစ်အချက်က သူက ဆွေးနွေးပွဲ မအောင်မြင်ရတာက တိုင်းရင်းသား လက်နက်ကိုင်တွေက ငြင်းပယ်နေလို့ပေါ့လေ … အပြစ်တင်တဲ့ သဘောနဲ့ သူကပြောတာ။ နောက်တချက်က သူ သမိုင်းကိုသုံးသပ်ပုံ သုံးသပ်နည်းက ဒီ ရှေးပဝေသဏီကတည်းက ဒီပြည်ထောင်စုဆိုတာ ရှိခဲ့ပြီဆိုတဲ့ပုံစံမျိုးနဲ့ သူက သုံးသပ်တယ်။ အဲဒီနေရာမှာ တိုင်းရင်းသားတွေ သုံးသပ်ပုံ သုံးသပ်နည်းနဲ့ ကွာနေတယ်။ အဲဒီလို ကွာတဲ့အတွက်ကြောင့်မို့ ပင်လုံစာချုပ်ကနေပြီး ပေါ်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ မဟုတ်ဘူးလို့ သူပြောတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။ ဆိုတော့အဲဒီမှာ ကြည့်ရင် ငြိမ်းချမ်းရေး အလားအလာက သိပ်ပြီးတော့ မကောင်းဘူးလို့ ပြောရမယ်။”

ဒီ တတိယအကြိမ် ပင်လုံညီလာခံမှာ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ခွဲမထွက်ရေးတို့ဆိုတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခွင့် မရတဲ့အပေါ် တိုင်းရင်းသားတွေဘက်က အားမလိုအားမရ ဖြစ်ကြတယ်လို့လည်း စိုင်းဝမ်စိုင်းက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ UWSA ‘၀’ အဖွဲ့ဥက္ကဋ္ဌ ဦးပေါက်ယူယိ၊ SSA (မြောက်ပိုင်း)အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဆေထင်၊ NDAA မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံပေ့နဲ့ KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့ သီးသန့်တွေ့ဆုံခဲ့သလို ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း TNLA အဖွဲ့က ဦးဖုန်ခွင်း၊ MNDAA က ဦးတားခူးလန်းနဲ့ AA အဖွဲ့က ဒေါက်တာ ညိုထွန်းအောင်တို့နဲ့ သီးသန့် တွေ့ဆုံပြီး NCA စာချုပ်မှာ လက်မှတ်ထိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ယုံကြည်မှု တည်ဆောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပေမယ့် အသေးစိတ်ဖေါ်ပြထားတာ မရှိပါဘူး။

၂၁ ပင်လုံ တတိယညီလာခံ တပ်ချုပ်မိန့်ခွန်းအပေါ် ပြည်ပတိုင်းရင်းသားတချို့အမြင်
please wait

No media source currently available

0:00 0:04:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG