သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ၊ မြောက်ပိုင်းမဟာမိတ်တွေ ဖိတ်ကြားဖို့ပြင်ဆင်


 UPDJC အတွင်းရေးမှူးများအစည်းအဝေး (MOI)
 UPDJC အတွင်းရေးမှူးများအစည်းအဝေး (MOI)

NCAအပစ်မရပ်နိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ အားလုံး လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းမှာ တက်ရောက်နိုင်အောင် ဖိတ်ကြား ဖို့ မနေ့ကကျင်းပတဲ့ UPDJC အတွင်းရေးမှူးများအစည်းအဝေးဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီဆုံးဖြတ် ချက် ကို UPDJCအစည်းအဝေးမှာဆက်လက်တင်ပြသွားမယ်လို့လဲ အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ပင်လုံညီလာခံ အတွင်း ဆွေးနွေးချက်တွေကို ကန့်သတ်ထားတဲ့အခြေအနေကြောင့် ညီလာခံတက်ရေးမှာ တပ်မတော်အပေါ် မူတည်နေတယ်လို့လဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်တက်ရောက်နိုင်အောင်ဖိတ်ကြားသွားဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မီတီ UPDJC အတွင်းရေးမှူးများအစည်းအဝေးမှာ ဆုံးဖြတ်ထားတယ်လို့UPDJC အတွင်းရေးမှူးအဖွဲ့ဝင်မင်းဇေယျာဦး က ပြောပါတယ်။

"ကျွန်တော်တို့အတွင်းရေးမှူးအဖွဲ့က UPDJCအစည်းဝေးမှာဆုံးဖြတ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောမျိုးပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုဖိတ်ကြားသွားမယ်ဆိုတဲ့ဟာမျိုး။ ဖိတ်ကြားရင်ဘယ်လို ဖိတ်ကြားမယ်ဆိုတဲ့ ဟာမျိုး UPDJCUကဆုံးဖြတ်ပါလိမ့်မယ်။ တိုက်ပွဲဖြစ်နေတဲ့AAတို့ TNLAတို့ဘာတို့ညာတို့ ကျွန်တော်တို့ အတွင်း ရေးမှူးအဖွဲ့ကနေ ဒီလိုဖိတ်ကြားဖို့အတွက် ဘယ်လိုစီစဉ်မလဲဆိုတဲ့ဟာ UPDJCကိုခေါင်းစဉ်တခုအနေနဲ့ ကျွန်တော် တို့တင်ပေးရတယ်။"

တတိယအကြိမ်မြောက်ကျင်းပမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့မှာ ကျင်းပသွားဖို့သဘောတူညီမှုရရှိခဲ့တယ်လို့လဲ မင်းဇေယျာဦးကပြောပါတယ်။

ဒီဆုံးဖြတ်ချက်တွေကိုလာမဲ့ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မီတီ UPDJCအစည်းဝေးမှာ တင်ပြ သွားမယ်လို့သူကဆိုပါတယ်။

NCAအပစ်မရပ်နိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကိုလဲ ဖိတ်ကြားသွားမယ်လို့ မနေ့က နေပြည် တော်မှာကျင်းပတဲ့ UPDJCအတွင်းရေးမှူးအဖွဲ့ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မီတီ UPDJC ဒုဥက္ကဌအဖွဲ့ဝင် ဦးသုဝေက အခုလိုပြောပါတယ်။

"အမြဲတန်းကတော့ညှိနှိုင်းနေတာပေါ့။ ဒါပေမဲ့ညီလာခံကျတော့ အဲဒီအဆုံးအဖြတ်ကတော့UPDJCကျမှ ဘယ်သူ့ကို ဖိတ်မယ်။ ညီလာခံနေ့မှာမှဆုံးဖြတ်မယ်လေ။ အဲဒီတော့အခြေအနေတွေဘာမှမသိသေးဘူး။"

လက်ရှိတပ်မတော်နဲ့စစ်ရေးတင်းမာနေတဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ကိုလဲဖိတ်ကြားသွားဖို့ဟာ အစိုးရ တပ်မတော်နဲ့ညှိနှိုင်းသွားရမယ်လို့လဲ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။

တပ်မတော်နဲ့လက်ရှိစစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ တအာင်းပလောင်TNLAအနေနဲ့ အစိုးရကနေပင်လုံညီလာခံ တက်ရောက်ဖို့ ဖိတ်မယ်ဆိုရင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)တပ်ပေါင်းစု အနေ နဲ့ တက်ဖို့ ဆုံးဖြတ်မှုတွေရှိနေတယ်လို့ အဖွဲ့ပြန်ကြားရေးအရာရှိဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

"FPNCCအစည်းဝေးမှာထုတ်ပြန်တာရှိတယ်။ FPNCCအဖွဲ့ဝင်အားလုံးအတွက် ဖိတ်ကြားလို့ရှိရင် လာမယ်၂၁ ပင်လုံ တက်မယ်သဘောထား ဒီလိုဘဲရှိနေတုန်း။ သူတို့ကအားလုံးပါဝင်ရေး သူတို့ကဆွေးနွေးတယ်။ ဒါပေမဲ့ ဖိတ်တဲ့ အချိန်က ကန့်သတ်ချက်တွေပေါ့နော်။ ဘယ်အဖွဲ့ကဘယ်နှစ်ရစ်အဆင့်နဲ့တက်ရမလဲ။ ဘယ်အဖွဲ့ကဘယ်လိုမျိုး အဆင့်နဲ့ တက်ရမလဲအဲဒီလိုမျိုး။ နောက်ဆုံးတပ်မတော်ရဲ့သဘောထားအပေါ်မူတည်တာပေါ့။"

ပြီးခဲ့တဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ အကျပ်အတည်းဖြစ်စေခဲ့တဲ့ တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်တွေ ခွဲမထွက်ရေး ကိစ္စရပ်တွေကို ယခုအကြိမ် အစည်းအဝေးမှာဆွေးနွေးမှာမဟုတ်ဘဲ ၂၁ ရာစု ပင်လုံအစည်းအဝေးပြီးမှသာ ဆက်လက်ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်။

တိုင်းရင်းသားတွေအတွက်အဓိကကျတဲ့အချက်တွေဆွေးနွေးခွင့်မရဘဲကန့်သတ်မှုတွေရှိနေတဲ့အတွက် လာမဲ့ ပင်လုံညီလာခံတတိယအစည်းဝေးဟာလဲထူးခြားမှုမရှိနိုင်ဘူးလို့ TNLAအဖွဲ့ပြန်ကြားရေးအရာရှိဗိုလ်မှူး တာ့အိုက် ကျော်ကပြောပါတယ်။

"ဒီတခေါက်လဲတချို့ကဏ္ဍတွေမှာ အဲဒီလိုမျိုးကန့်သတ်ချက်တွေရှိလာလို့ရှိရင်တော့ အရင်အပါတ်လိုဘဲ အငြင်း အခုံပြန်ဖြစ်လာနိုင်တယ်။ အရင်တခေါက်နဲ့ဒီတခေါက် လဲထူးခြားမှုမရှိလောက်ဘူး။"

မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ UPDJC အတွင်းရေးမှူးအစည်းအဝေးမှာ ဆုံးဖြတ်ချက် ၁၅ ခုချမှတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက် တွေကို UPDJC အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တစ်နှစ်အတွင်း နှစ်ကြိမ်ကျင်းပဖို့ရည်ရွယ် ထားပေမယ့် ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပါတယ်။

လာမဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာတက်ရောက်တင်ပြဖို့အတွက် NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ တွေ အနက်က တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီALPတို့ဟာ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG