သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံညီလာခံ ပြန်လည်ကျင်းပဖို့မလွယ်သေး


၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး တတိယအကြိမ်ညီလာခံ ကျင်းပချိန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီးနောက် အခုဇွန်လကုန်ပိုင်းမှာ ကျင်းပဖို့ နောက်ဆုံးသတ်မှတ်ခဲ့ပေမဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အဆင်မပြေသေးတဲ့အတွက် ကျင်းပနိုင်ခြေ မရှိဘူးလို့-၂၁ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်တဦးက ပြောဆိုလိုက်ပါတယ်။ အခက်အခဲတွေနဲ့ရင်ဆိုင်နေရဆဲ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်အပေါ်မှာ NLDအစိုးရဘက်က တိုက်ရိုက် သြဇာမသက်ရောက်နိုင်သေးသရွေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ခွင့်ကိုလည်း ကန့်သတ်ထားဆဲအနေအထားမှာတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်ပေါင်းစုတခုဖြစ်တဲ့ UNFC ကပြောဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

NLD အရပ်သားအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ (၂၁) ရာစုပင်လုံညီလာခံကို အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ အပစ်ရပ်လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရ၊ လွှတ်တော် နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေပါ တက်ရောက်ဆွေးနွေးခဲ့ကြတာ နှစ်ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။တတိယအကြိမ် ခေါ်ယူမယ့် အစည်းအဝေးကိုတော့ မူလကသတ်မှတ်ထားတဲ့ ဇန်နဝါရီနှစ်ဆန်းမှာ ကျင်းပဖို့စီစဉ်ထားခဲ့ပေမဲ့ မေလကုန်ကို ရက်ရွှေ့ခဲ့ပါတယ်။ ဒီနောက်မှာမှ ဒီဇွန်လကုန်ပိုင်းလောက်မှာမှ ကျင်းပမယ်ဆိုပြီး ပြောင်းရွှေ့သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တတိယအစည်းအဝေး မစတင်ခင်မှာတော့ UPDJCခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုးပူးတွဲကော်မတီအစည်းအဝေးနဲ့ လုပ်ငန်းကော်မတီ အစည်းအဝေးတွေ က အခုချိန်အထိ မကျင်းပနိုင်သေးတာကြောင့် ဇွန်လမှာ ကျင်းပဖို့စီစဉ်ထားတာ မဖြစ်နိုင်တော့ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJCရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၁ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေး ဗဟိုကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသုဝေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ညီလာခံလုပ်ဖို့လည်း အကြိမ်ကြိမ်ပြောင်းလာတာလေနော် အခုဆိုရင် ၁ နှစ်ရှိတော့မယ် အဲဒါကို ဇွန်လမှာလုပ်ဖို့ဆိုပြီးတော့ ရည်ရွယ်ပေမယ့် အလားအလာလုပ်ဖို့ သိပ်မရှိသေးဘူး ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးကျနော်တို့ UPDJC ခေါ်ရမယ်လေနော် ။ အခုအထိ UPDJCတောင်မခေါ်နိုင်သေးဘူးခင်ဗျ ။ အခုဘာလုပ်မလဲဆိုတော့ ညီလာခံကြီးမှာ တက်နိုင်ဖို့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနေတုန်းပဲရှိတယ်။ အဲဒီတော့ ကျျနော်တို့ ညှိနေတုန်းအချိန်မှာ ပြင်ဆင်ဖို့အချိန်မရသေးဘူးခင်ဗျ။"

အခုလို ၂၁ရာစုပင်လုံညီလာခံ တတိယအကြိမ်ခေါ်ယူနိုင်ဖို့ အရေး အကြိမ်ကြိမ်ကျင်းပချိန် ရက်တွေ ရွှေ့ဆိုင်းနေရတဲ့အပေါ် ဘာကြောင့် နှောင့်နှေး ကြန့်ကြာနေရပါသလဲဆိုတာကိုလည်း ဦးသုဝေက ရှင်းပြပါတယ်။

"အဓိကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီအထဲမှာပါလာနိုင်ဖို့ကို ဆွယ်နေတာပေါ့ခင်ဗျ။ ညှိနှိုင်းနေတာပေါ့နော် အဲဒါကို တိုးတက်မှုက သိပ်မရှိဘူးနဲ့တူတယ် အဲဒါကြောင့် ဒါကတော့ အဓိကဖြစ်ပါလိမ့်မယ်။ All Include ဆိုပြီး အားလုံးပါအောင်ကြိုးစားနေတာကိုဗျ အဲဒါကြန့်ကြာနေတာလေ ကျနော်တို့ကတော့ ပါနိုင်သမျှကို အရင်လုပ်ပါဆိုပြီးတော့ တိုက်တွန်းတာခင်ဗျ အဲလိုလုပ်ရင်တော့ ဖြစ်နိုင်မယ်ထင်တယ်။"

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရော အပစ်ရပ်လက်မှတ်ထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ မြန်မာ့တပ်မတော်ကြား စစ်ရေးတင်းမာမှုတွေဖြစ်လာနေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှုတွေ ဖြစ်လာတာလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC ရဲ့ ပြောခွင့်ရလည်းဖြစ်ရခိုင်အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ဗွီအိုအေကိုပြောပါတယ်။

"တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ်ဖြစ်ဖို့အတွက် စာချုပ်မှာ ပါဝင်ခဲ့တဲ့၊ စာချုပ်ကို ကိုယ်တိုင်လုပ်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ရှိတယ်။ အဲဒီ ၂၁ ဖွဲ့မပါဝင်သမျှကာလ ဒီလိုအနစ်သာရမပြည့်ဝပဲနဲ့ အဖုအထစ်တွေနဲ့ သွားနေမှာဖြစ်ပါတယ်။ အဓိကအားနည်းချက်က အားလုံးပါဝင်မှုကို မဖော်ဆောင်နိုင်သမျှ အဓိက အားနည်းချက်ဖြစ်ပါတယ်။ အားလုံးပါဝင်မှုမရှိပဲနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါဘူး။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးလည်းရဖို့ အလားအလာရဖို့ မရှိဘူးလို့ မြင်ပါတယ်။"

ငြိမ်းချမ်းရေးကို NLD အစိုးရက ဦးစားပေးဖော်ဆောင်မယ်လို့ကြွေးကြော်ထားပေမဲ့ တပ်မတော်အပေါ် အစိုးရဘက်က သြဇာ မလွှမ်းမိုးနိုင်သေးသရွေ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်ကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေ မလျော့ပါးနိုင်သလို စစ်မှန်တဲ့ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်ဘူးလို့ UNFC ပြောခွင့်ရကပြောပါတယ်။

"ကျနော်တို့တိုင်းပြည်မှာ အစိုးရ ၂ ရပ်လိုဖြစ်နေတာကို။ တပ်မတော်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ နောက် ကျနော်တို့ NLD ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က ၁ ဖွဲ့ပေါ့။ ဒီ ပြည်တွင်းစစ်မှာဖြစ်နေတဲ့ အဓိက ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ NLD ဦးဆောင်တဲ့အစိုးရက တပ်မတော်ပေါ်မှာ တိုက်ရိုက်လွမ်းမိုးမှုမရှိသမျှကာလပတ်လုံး အခု ပြည်တွင်းငြိမ်းချမ်းရေးရဲ့ ဖြစ်နေတဲ့ အကျိုးဆက်တွေပေါ့နော်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်အကောင်အထည်ဖော်မှုမှာ အစိုးရက အကန့်အသတ်နဲ့ လုပ်နေရတဲ့ပုံစံ ဖြစ်နေတယ် အဲဒါကြောင့် သူ့အနေနဲ့ ရလဒ်ကို ဖော်ထုတ်လို့မရဘူးဖြစ်နေတယ်။ စိတ်သွားတိုင်း ကိုယ်မပါ တဲ့အနေအထားဖြစ်နေတာကို တွေ့ရပါတယ်။"

NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ သဘောတူညီချက်တွေအရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ကို တနှစ်မှာ ခြောက်လတကြိမ်နဲ့ ၂ကြိမ် ကျင်းပရမှာဖြစ်ပါတယ်။ လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၆ သြဂုတ်လမှာ ၂၁ရာစုပင်လုံ ပထမအကြိမ်ကျင်းပနိုင်ခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ ၂၀၁၇ မေလမှာ ကျင်းပခဲ့ပေမဲ့ တတိယအကြိမ်ကိုတော့ အခုတနှစ်ကြာတဲ့ထိ ထပ်မံ ကျင်းပနိုင်တာ မရှိသေးဘဲ အကြိမ်ကြိမ်ရက်ရွှေ့ဆိုင်းခဲ့ကြရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG