သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ကို လက်မှတ်ထိုးခြင်း အပေါ် အမြင်တချို့


NLD အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးစဉ်
NLD အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးစဉ်

မကြာသေးခင် ရက်ပိုင်းက နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် မသေချာ မရေရာဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘက်က လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အောင်ပွဲအဖြစ် သုံးသပ်သူတွေရှိနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Ben Dunant ပေးပို့ထားတဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲဖို့ အဖြေရှာရာမှာ အဓိကအချက်တွေဖြစ်တယ်လို့ မြန်မာအစိုးရက အမြဲတစေပြောနေတဲ့ NCA စာချုပ်ကို မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ နှစ်ဖွဲ့က သဘောတူညီကြောင်း လက်မှတ်ရေးထိုး ပွဲကို ပြီးခဲ့တဲ့ အင်္ဂါနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။

မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ မွန်ပြည်သစ်ပါတီ ကတော့ ငြိမ်းချမ်းရေး ညှိုနှိုင်းမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ မြန်မာနိုင်ငံ အရှေ့တာင်ပိုင်းမှာ ကျောင်းတွေ၊ တရားရုံးတွေ အပါအဝင် စင်ပြိုင်အစိုးရပုံစံမျိုး ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံ အရှေ့မြောက် လားဟူ လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံးကတော့ အဖွဲ့ငယ်လေးတခုပဲဖြစ်ပြီး စစ်ရေး ဒါမှမဟုတ် အဖွဲ့အစည်းဆိုင်ရာ သြဇာအာဏာမျိုး မရှိပါဘူး။

ဒီလို သဘောတူ လက်မှတ်ရေးထိုးနိုင်တဲ့အတွက် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ခရီးရှည်ခြေလှမ်းတွေထဲက တခု အဖြစ် အသိအမှတ်ပြုကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အနောက်နိုင်ငံ အစိုးရတွေအနေနဲ့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြံပြုချက်တွေ ကမ်းလှမ်းတာအပြင် ငွေကြေးအရ အကူအညီပေးတဲ့အနေနဲ့ ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေအဖွဲ့ ဖွဲ့ပြီး အစဉ်တစိုက် အားပေးထောက်ခံလာခဲ့တာပါ။

၂၀၁၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ အဖွဲ့တက်လာချိန်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အရင်အစိုးရ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပဲ ဆက်လက် အမွေခံခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ထဲက ၈ ဖွဲ့နဲ့ NCA တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖေါ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကြီးတွေနဲ့အတူ လူထုကိုယ်တိုင် စိတ်ပါဝင်စားလာဖို့ ကြိုးစားတဲ့ပုံစံဟာ အရင် အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ပုံစံမျိုးနဲ့တော့ တူညီမှုမရှိပါဘူး။

မနှစ် မေလက နောက်ဆုံးကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခဲ့မှာ အစိုးရ၊ စစ်တပ်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့လုံးအနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်အသစ် တဖြစ်လဲ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှု ရဲ့ အဓိကအချက်ကို ပုံပေါ်စေတဲ့ အခြေခံသဘောတရားတွေအတွက် သဘောတူညီမှု ရရှိခဲ့ပါတယ်။

တဖက်မှာတော့ စစ်တပ်ဘက်က ဆက်ပြီး အာဏာကို ထိမ်းထားတာဟာ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ အဓိက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းအားထုတ်မှုကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။

အဲဒီအဖွဲ့တွေထဲက မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ KIA ကချင်လွတ်လပ်ရေး တပ်ကို မြန်မာစစ်တပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက KIA ထိန်းချုပ်ထားတဲ့ ပယင်းတူးဖေါ်ရေးလုပ်ငန်းရှိနေတဲ့ တနိုင်းဒေသဘက်မှာ လက်နက်ကြီးတွေနဲ့ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထောင်နဲ့ချီ ပိတ်မိနေခဲ့ပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ အေဂျင်စီတွေဟာ စစ်တပ်က ပိတ်ဆို့တားဆီးထားတာတွေကို ဖြတ်ကျော်ပြီး အဲဒီသူတွေကို သွားရောက်အကူအညီပေးခဲ့ကြရပါတယ်။

မြန်မာနဲ့ တရုတ်နယ်စပ်တလျောက်ရှိနေတဲ့ KIA အပါအဝင် လက်နက်ကိုင်အဖွဲ့အများအပြားဟာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး မြန်မာအစိုးရရဲ့ လက်ရှိ အပစ်ရပ်စဲရေးစာချုပ်ကို ငြင်းပယ်ထားပါတယ်။ မြန်မာစစ်တပ်ပြီးရင် ဒီမဟာမိတ်အဖွဲ့ဟာ လက်နက်အင်အားအကြီးဆုံးဖြစ်ပါတယ်။ စစ်တပ်နဲ့ အလျော့အတင်းလုပ်နိုင်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ပါဝင်လာအောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြိုးပမ်းခဲ့ပါတယ်။ တနည်းအားဖြင့်လည်း နိုင်ငံတကာ ကြားဝင်စေ့စပ်မှုကို ရှောင်ရှားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ပဋိပက္ခကို ဖြေရှင်းဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုဟာ အဓိကသော့ချက်ပဲလို့ ရှမ်းရေးရာ လေ့လာသုံးသပ်သူ Sai Wansi က ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် NMSP နဲ့ LDU တို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ယာယီမြှင်တင့်ပေးတာဖြစ်ပြီး ရေရှည်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တကယ်တမ်း ထိရောက်မှုရှိမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

အဲဒီနှစ်ဖွဲ့နဲ့အတူ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီလည်းပဲ ပါဝင်လက်မှတ်ရေးထိုးဖို့ရှိပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အငြင်းပွားဖွယ်ရာ အခြေအနေကြောင့် KNPP စစ်သားသုံးဦးနဲ့ အရပ်သားတဦး သေဆုံးခဲ့ပြီးနောက် ပါဝင်လက်မှတ်ရေးထိုးမယ့် အစီအစဉ် ပျက်ပြားသွားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ရှမ်းပြည်နယ်မှာ ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မြန်မာစစ်တပ်က နှောင့်ယှက်ပိတ်ပင်မှုတွေ လုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မြန်မာအင်စတီကျူ က အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကတော့ စစ်တပ်ရဲ့ ဒီလိုလုပ်ဆောင်မှုဟာ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ပြုလုပ်နေတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ထိခိုက်စေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ဒါအပြင် NCA စာချုပ်မှာပါတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်စုစည်းခြင်း အခန်းကဏ္ဍနဲ့ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား သဘာထားတွေကွဲလွဲနေပါတယ်။ ဒါပေမယ့်လည်း ဒီကွဲလွဲချက်တွေကို အချိန်ယူပြီး ဆွေးနွေးညှိုနှိုင်းမယ်ဆိုရင် ပြေလည်နိုင်ဖို့ အလားအလာရှိတယ်လို့ ဒေါက်တာမင်းဇော်ဦးက မြင်ပါတယ်။

"လုံခြုံရေးဆိုင်ရာ ပြန်လည်စုစည်းခြင်း ဆိုတဲ့အပိုင်းမှာ လုပ်မှာလည်း ဖျက်မှာလားဆိုတဲ့ ကိစ္စမျိုးဖြစ်နေတာမဟုတ်ပါဘူး။ ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးမှု အနည်းအကျဉ်းပဲရှိနေလို့ပါ။ တချိန်မှာ အတူတကွ ဆွေးနွေးမယ်၊ နည်းလမ်းတွေအဖြေရှာမယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အဖြေတချို့ရနိုင်မှာဖြစ်ပါတယ်။"

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်ကတော့

"ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြိုလဲနေတဲ့လမ်းကို ရောက်မနေပါဘူး။ ကျနော်တို့ အခုချိန်ရောက်နေတာက ရပ်တန့်နေတာပါ။"

တကယ်လို့ စစ်တပ်က လုံးဝကို ခေါင်းမာခဲ့မယ်ဆိုရင် NCA အပစ်ရပ်စာချုပ်မှာ ဘယ်တော့မှ လက်မှတ်ရေးထိုးမှာ မဟုတ်ပါဘူးလို့လည်း ဒေါက်တာမင်းဇော်ဦးက ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG