သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံညီလာခံကျင်းပဖို့သတ်မှတ်ရက် ညှိနှိုင်းမှုမပြီးသေး


 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပရေးအတွက် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့က အကြိုညှိနှိုင်း (Myanmar State Counsellor Office)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပရေးအတွက် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့က အကြိုညှိနှိုင်း (Myanmar State Counsellor Office)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ညှိနှိုင်းနေပြီး လာမယ့် ဇူလိုင်လအတွင်းလောက်မှာ ကျင်းပဖွယ် ရှိနေပါတယ်။ လောလောဆည်မှာ ညီလာခံစတင်နိုင်ရေးအတွက် အစိုးရဖက်က ဆွေးနွေးမယ့် အကြောင်းအချက်တွေအပေါ် ညှိနှိုင်းတာတွေ ရှိနေသလို UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနဲ့ ဆက်စပ်အစည်းအဝေးတွေကို မကြာခင် ကျင်းပဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပရေးအတွက် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့က အကြိုညှိနှိုင်းဆွေးနွေးတာတွေကို ဇွန်လ ၁၉ရက်နေ့ကစတင်ပြီး နေပြည်တော်မှာ ၃ရက်ကြာ ဆောင်ရွက်နေပါတယ်။

ဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်နေတဲ့ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှုးအဖွဲ့ဝင် ဦးလှမောင်ရွှေက ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို အစိုးရက လျာထားတဲ့ရက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တင်ပြတဲ့ရက်၂ခုရဲ့ ကြားရက်မှာ ကျင်းပနိုင်တဲ့အခြေအနေကြောင်း ပြောပါတယ်။

“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ပင်လုံအစည်းအဝေးကျင်းပဖို့ ကျနော်တို့ ပြင်ဆင် နေပါတယ်။ အခုအစိုးရဘက်ကတော့ ဇွန်လ ၃၀ရက်နေ့လောက်မှာ ညီလာခံ ခေါ်နိုင်ဖို့အတွက် ကျနော်တို့ အဆိုပြုထားပါတယ်။ ကျနော်တို့ EAO တွေဘက်ကတော့ ဇူလိုင်လ ၁၀ရက်ဝန်းကျင်မှာ ကျင်းပဖို့ အဆိုပြုထားပါတယ်။ အဲဒါကို ကျနော်တို့ ညှိနှိုင်းနေတာတွေ ရှိတယ်။ ကျနော်တို့ဘက်ကတော့ ညီလာခံကို အမြန်ဆုံးကျင်းပချင်တယ်။ အဲတော့ EAOတွေအဆိုပြုတဲ့ရက်နဲ့ ကျနော်တို့ အစိုးရအဆိုပြုတဲ့ရက်နဲ့ ကြားထဲလောက်မှာ ညှိနှိုင်းပြီးတော့ အခုဇွန်လကုန်လောက် ဇူလိုင်လထဲမှာပဲ ကျနော်တို့ ညီလာခံဟာ ကျင်းပဖြစ်မှာပါ။ ”

အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ့် ကဏ္ဍကြီး ၅ရပ်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကျင်းပနေတာဖြစ်သလို ပြီးခဲ့တဲ့အပတ်အတွင်း ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ကြိုတင်ပြင်ဆင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီလ၂၅ရက်နေ့လောက်မှာတော့ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှုးအဖွဲ့အစည်းအဝေးကျင်းပမှာဖြစ်သလို ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိက ကဏ္ဍကြီးရပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကော်မတီအစည်းအဝေးတွေကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။ အဲဒီနောက်မှာ UPDJC အစည်းအဝေးတွေ ထပ်မံကျင်းပရမှာဖြစ်တာကြောင့် ဒီလကုန်မှာ ၂၁ရာစုပင်လုံကို ကျင်းပနိုင်ဖွယ် မရှိနိုင် ကြောင်း UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့က အတွင်းရေးမှုး စိုင်းကျော်ညွှန်က သုံးသပ်ပါတယ်။

“ ရက်ကတော့ အတိအကျတော့ မသတ်မှတ်သေးဘူးဗျ။ အကြမ်းဖျဉ်းကတော့ ဇူလိုင်လလည်လောက်တော့ လျာထားကြတယ်လေ။ ရက်က လူကြီးတွေလည်း အားမယ့်ရက်တို့ ဘာတို့ တချို့က သူတို့ အစီအစဉ်တွေ ဖျက်လို့ မရတာတို့ အဲဒီအပေါ်မှာ ညှိနှိုင်းနေတာဖြစ်ပါလိမ့်မယ်။ အစိုးရကတော့ လကုန်စမယ်ဆိုတဲ့ကိစ္စပေါ့။ လကုန်ကတော့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆို လုပ်ငန်းကော်မတီမပြီးနိုင်ဘူး။ လုပ်ငန်းကော်မတီပြီးရင် UPDJC လည်း ခေါ်ရအုံးမယ်ဆိုတော့ EAO အဆိုပြုထားတဲ့ ရက်တွေပေါ်မှာလည်း အစိုးရရဲ့ အစီအစဉ်တွေနဲ့ နည်းနည်း ချိန်ညှိပြီးတော့ ရက်ကို ညှိနှိုင်းမယ့် သဘောပဲ ဖြစ်ပါလိမ့်မယ်။”

လာမယ့် ပြည်ထောင်စုညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စတဲ့ ခေါင်းဆောင်တွေဟာ အစည်းအဝေးကာလတလျောက်လုံး တက်ရောက်ဖို့ ရည်ရွယ်ထားကြောင့် အခြားအရေးကြီးတွေ့ဆုံပွဲတွေ၊ ခရီးစဉ်တွေနဲ့ ကင်းလွတ်မယ့် ရက်ကို ရွေးခြယ်နေတဲ့ အခြေအနေတွေရှိနေတာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို တနှစ်မှာ ၂ကြိမ်ကျင်းပဖို့ သတ်မှတ်ခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ ၁နှစ်ကျော်သည်အထိ မကျင်းပနိုင်ခဲ့ပါဘူး။

ဒီလို ကြန့်ကြာရတဲ့ အဓိကအချက်ကတော့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကိစ္စ နဲ့ လုံခြုံရေးကဏ္ဍအရ တပ်တွေ ပြန်လည်ပေါင်းစည်းရေးအတွက် အပြီးအပြတ်မညှိနှိုင်းနိုင်သေးတာကြောင့် ဖြစ်တယ်လို့ သုံးသပ်တာတွေ ရှိခဲ့ပါတယ်။

လာမယ့် ၂၁ရာစုပင်လုံ တတိယအစည်းအဝေးမှာတော့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကိစ္စရပ်တွေကို ချန်လှပ်ဆွေးနွေးဖု့ိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား သဘောတူညီထားသလို အခြား ကဏ္ဍတွေက အရေးကြီးတဲ့အချက်တွေကို ဆွေးနွေးညှိနှိုင်းဖို့ ရှိနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ တကြိမ် ကျင်းပခဲ့ပြီး လက်ရှိ အစိုးရလက်ထက်မှာတော့ ၂ကြိမ် ကျင်းပထားပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG