သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်မူကြမ်းလက်မှတ်ထိုးပွဲ သမ္မတတက်ရောက်


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မူကြမ်းကို ဒီကနေ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ဦးသိန်းစိန်က ဒီလိုသဘောတူညီချက် ရရှိတာကြောင့် ဧပြီလအတွင်းမှာ NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးပွင့်သွားပြီဖြစ်ကြောင်း ပြောဆိုပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲရဲ့ နောက်ဆုံးအခြေအနေနဲ့ နောက်ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အလားအလာတွေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ရဲ့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲရဲ့ ၇ ရက်မြောက်နေ့မှာ NCA ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်အတွက် စတုတ္ထမူကြမ်းကို နှစ်ဘက်ဆွေးနွေးပြီး သဘောတူညီချက် ရခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ သဘောတူညီထားတဲ့ စာချုပ်မူကြမ်းကို နှစ်ဘက်ခေါင်းဆောင် ၅ ဦးစီက နိုင်ငံတော် သမ္မတရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ စာချုပ်မူကြမ်း သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလို ပြောဆိုပါတယ်။

“ဒီကနေ့သဘောတူညီချက်ဟာ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အဓိက တွန်းအားပေးနိုင်ပါတယ်။ ရှေ့တလအတွင်းမှာ လက်မှတ်ရေးထိုးဖို့အတွက် ကျနော်တို့ အနေနဲ့ သေချာပေါက် ဆောင်ရွက်သွားနိုင်တော့မယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ NCA လက်မှတ်ရေးထိုး ပြီးတာနဲ့ ကျနော်တို့ ရှေ့ဆက်သွားရမှာကတော့ Political Dialogue အတွက် တံခါးပေါက် ပွင့်သွားပြီ ဖြစ်ပါတယ်။”

Political Dialogue ခေါ် နိုင်ငံရေးဆွေးနွေးပွဲကို အချိန်များစွာယူပြီး ဆွေးနွေးကြရမှာဖြစ်ကြောင်းနဲ့ ဆွေးနွေးနေတဲ့ ကြားကာလအတွင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ ပြဿနာတွေကို အခုလို မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေး အဖြေရှာသွားကြမယ်လို့လည်း ဦးသိန်းစိန်က ထည့်သွင်းပြောဆိုပါတယ်။ လက်ရှိ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်တွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှု၊ တနည်းအားဖြင့် ဒုတိယပင်လုံရဲ့ အောင်ပွဲတခု ဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောဆိုပါတယ်။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် လုပ်ဆောင်စရာတွေ များစွာ ကျန်နေသေးတယ်လို့ ပြောပါတယ်။

“တဘက်ကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒေသတချို့မှာဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းဖို့ သဘောတူညီမှုရအောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပီပြင်ဖို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးက အတူတကွ ပါဝင်လက်မှတ်ရေးထိုးဖို့ လိုပါတယ်။ ဒီအတွက်လည်း ညှိနှိုင်းလုပ်ဆောင်သွားဖို့ များစွာ လိုပါသေးတယ်။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် စတုတ္ထမူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ပေမဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူ ၆ ချက်နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆွေးနွေးနိုင်တာတော့ မရှိပါဘူး။ ဒီမူ ၆ ချက်နဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က အခုလို ပြောပါတယ်။

“ကျနော်တို့ရဲ့ ဟုတ်လား တပ်မတော်က ထုတ်ပြန်တဲ့ သဘောထား ရပ်တည်ချက် ၆ ချက်ကို လိုက်နာနိုင်မယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေး ရနိုင်မယ်ဆိုပြီးတော့ ကျနော်တို့ဆီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့က အမြဲတမ်း စွဲကိုင်ထားမယ့် မူဝါဒ ၆ ချက်ပါ။”

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ချက်က နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာဖို့နဲ့ “ဒို့တာဝန်အရေးသုံးပါး” နဲ့ ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်ကို နိုင်ဟံသာက အခုလို ပြောပါတယ်။

“ဒီ NCA ထဲမှာ မပါပါဘူး။ အဲ့ဒါကိုလည်း တိုင်းရင်းသားတွေဘက်က လက်ခံထားတာ မရှိပါဘူး။”

လက်ရှိ သဘောတူညီချက် ရရှိထားတဲ့ စာချုပ်မူကြမ်းပါ အချက်တွေကို နိုင်ငံတော်သမ္မတ၊ ကာကယ်ရေးဦးစီးချုပ်တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ UPCC ရဲ့ အတည်ပြုချက် ရယူရမှာဖြစ်သလို၊ NCCT ခေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်ကလည်း ဒီစာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီး ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု ထပ်မံရယူဖို့ ရှိနေပါတယ်။ ဒီလို အတည်ပြုချက် ရပြီးတဲ့နောက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ NCCT မှာ မပါဝင်တဲ့ ဝ၊ မိုင်းလား၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ နာဂ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပါဝင်ဖို့ ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ ကတော့ လက်ရှိ ဆွေးနွေးတာတွေကို ပြန်လည်တင်ပြပြီးမှ ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။

“ဒီကိစ္စတွေကို ကျနော်တို့ဗဟိုမှာ ထပ်မံပြီးတော့ ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးမူတွေနဲ့ ဆန့်ကျင်ဘက် တစုံတရာ မရှိဘူးဆိုရင်တော့ အားလုံးနဲ့အတူ NCA မှာ လက်မှတ်ထိုးဖို့ ကျနော်တို့ စဉ်းစားသွားကြပါလိမ့်မယ်လို့ အဲ့လိုအမြင်ရှိပါတယ်။”

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ UPWC နဲ့ NCCT တို့ စတင် ဆွေးနွေးခဲ့ပါတယ်။ UPWC နဲ့ NCCT တို့အကြားမှာ ပြည်တွင်းပြည်ပမှာ အလွတ်သဘော ၂၂ ကြိမ်နဲ့ တရားဝင် ၇ ကြိမ် တွေ့ဆုံပြီးတဲ့နောက် နောက်ဆုံးမူကြမ်းကို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ဒီလို အပစ်ရပ်မူကြမ်း ဆွေးနွေးနေတဲ့ တချိန်တည်းမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG