သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ပင်လုံတက်ဖို့ မြောက်ပိုင်း၇ဖွဲ့ အသင့်ရှိနေ


 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး

လာမယ့် ၂၄ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို တရုတ်မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ဖွဲ့က ပါဝင်တက်ရောက်ဖို့ရှိကြောင်း မိုင်းလားခေါ် NDAA အဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကျင်းပဖို့ ၁ရက်အလိုမှာပဲ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့ ၇ဖွဲ့ ပါဝင်တက်ရောက်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး NDAA ခေါ် မိုင်းလားအဖွဲ့ အထွေထွေအတွင်းရေးမှုး ဦးကြည်မြင့်က အခုလို ပြောပါတယ်။

“ကျနော်တို့သိသလောက်ကတော့ အခုတော့ အားလုံးဖိတ်တာပဲ။ အစိုးရဖိတ်တာကတော့ တဖွဲ့ချင်းပဲဖိတ်တာ ဝရော၊ AA ရော၊ တအာင်းရော၊ ကိုးကန့်ရော အားလုံးတက်မှာ ပန်ဆန်းမှာ မနေ့က ဆုံးဖြတ်ခဲ့တယ် ခေါင်းဆောင်တွေအားလုံးတက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။”

မိုင်းလားအဖွဲ့ တက်ရောက်မယ်ဆိုတဲ့အခြေအနေကို ဦးကြည်မြင့်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ဒုဥက္ကဋ္ဌ ဦးစီးပြီးတော့ တက်မယ် ကျနော်တို့ ဆယ့်လေး၊ ငါးယောက်လောက်တော့တက်မယ်။ ကျနော်တို့တော့ အချိန်မှီအောင်ရောက်မယ်လေ။”

တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့တွေနဲ့ နီးစပ်သူတဦးကတော့ တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီ အစည်းအဝေးကို ဒီလ ၁၉ရက်ကနေ ၂၁ရက်နေ့အထိ UWSA ဝတပ်ဖွဲ့ ဌာနချုပ်ပန်ဆန်းမှာ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးမှာ တရုတ်အစိုးရကိုယ်စားလှယ်က ၂၁ပင်လုံတက်ရောက်ရေးအတွက် တိုက်တွန်းခဲ့ကြောင်းပြောပါတယ်။

တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့တွေက TNLA ပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေကို မြန်မာအစိုးရက ထည့်သွင်းဖိတ်ကြားရင် ၂၁ပင်လုံကို တက်ရောက်မှာဖြစ်ကြောင်းတုံ့ပြန်ခဲ့ပြီး မြန်မာအစိုးရက ၇ဖွဲ့လုံးကို ဖိတ်ကြားရေးအတွက် တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေးနေသလို အဖွဲ့ ၇ဖွဲ့က ခေါင်းဆောင်တွေဟာ ကူမင်းမြို့ကို ရောက်ရှိနေကြောင်း ပြောပါတယ်။

လောလောဆည် မြန်မာအစိုးရဖက်က ဖိတ်ကြားတာ ရှိမရှိနဲ့ပတ်သက်ပြီး TNLA ခေါ် ပလောင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးတာအိုက်ကျော်က အခုလို ပြောပါတယ်။

“အခုအဲဒါ ဘာမှ မသိရသေးဘူး ဘယ်လိုရှိသလဲမသိဘူး ကျနော်တို့ အဆက်အသွယ်လည်းမရသေးဘူး။”

UWSA ဝတပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းကလည်း ၇ဖွဲ့ ပေါင်းစည်းထားတဲ့ ကော်မတီကို ဖိတ်ကြားမယ်လို့ ကြားသိရပေမဲ့ ဗဟိုက အတိအကျအကြောင်းကြားလာတာ မရှိသေးဘူးလို့ ပြောပါတယ်။

“ဒီအဖွဲ့ကိုဖိတ်မယ်လို့ပြောသံကြားတယ် အခုအချိန်အထိတော့ အတည်မပြုနိုင်သေးဘူးပေါ့နော်။”

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကတော့ နောက်ဆုံးရတဲ့သတင်းအရ ၇ဖွဲ့လုံးကို ဖိတ်ကြားတယ်လို့ သိရကြောင်း ညနေ ၅နာရီခွဲအချိန်မှာ ပြောကြားပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ သိရသလောက်ကတော့ ဖိတ်တယ်လို့ ကြားတယ်ခင်ဗျ။ ကျနော်တို့လည်း အခုမှ အစည်းအဝေးပြီးလို့ ပြန်နေတာခင်ဗျ။ ရတဲ့သတင်းကတော့ ဖိတ်တယ်လို့ကြားတယ်ခင်ဗျ။လူကြီးတွေစည်းဝေးပွဲထဲမှာတော့ မပါဘူး၊ ကျနော်တို့က ညီလာခံပြင်ဆင်ရေးအတွက် ကျနော်တို့သီးသန့်ထိုင်တယ်၊ လူကြီးတွေကတော့ သီးသန့်ထိုင်တယ်။”

ဒီလ ၁၇ရက်နေ့က တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့တွေက အဖွဲ့ ၇ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီကို ဖိတ်ကြားရင် ၂၁ရာစုပင်လုံကို တက်ရောက်ဖို့ အသင့်ရှိကြောင်းလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်အခြေစိုက်တဲ့ UNFC ခေါ် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုကလည်း ၂၁ရာစုပင်လုံ တက်ရောက်ရေးကို ဒီကနေ့ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ အစောပိုင်းကတော့ လေ့လာသူအဖြစ် ဖိတ်ကြားရင် တက်ရောက်မှာမဟုတ်ကြောင်း ထုတ်ပြန်ထားပြီး လောလောဆည် အစိုးရက အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG