သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

စစ်ဆန့်ကျင်ရေးဆန္ဒပြလို့ ဖမ်းခံရသူများ ပြန်လွတ်မြောက်


စစ်ဆန့်ကျင်ရေးဆန္ဒပြလို့ ဖမ်းခံရသူများ ပြန်လွတ်မြောက်လာစဉ် (သတင်းဓာတ်ပုံ ခရက်ဒစ် to Ko Aung Zaw )

ပြည်တွင်းစစ်အမြန်ဆုံး ရပ်ဖို့ ရန်ကုန်မြို့လည်မှာ ငြိမ်းချမ်းစွာ လူထုစုဝေး ဆန္ဒထုတ်ဖော်နေချိန် ဖမ်းဆီးခံလိုက်ရသူတွေကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခုလိုငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အရပ်ဝတ်တွေဘက်က အကြမ်းဖက်ဖမ်းဆီးခဲ့တဲ့အပေါ် သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုသလို -တည်ဆဲဥပဒေနဲ့အညီ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြဖို့ အကြောင်းကြားခဲ့ပေမဲ့ သက်ဆိုင်ရာကခွင့်မပြုခဲ့လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေကို ဥပဒေကြောင်းအရ ရင်ဆိုင်ကြဖို့အသင့်ပါပဲလို့လည်း ငြိမ်းချမ်းစွာလူထုလှုပ်ရှားမှုဦးဆောင်သူတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းဒေသတွေက စစ်ပွဲတွေ အမြန်ဆုံးရပ်ဖို့နဲ့ တိုက်ပွဲတွေတွင်း ပိတ်မိ စစ်ပြေးဒုက္ခသည်တွေရဲ့အရေး မနေ့စနေနေ့ညနေပိုင်းက ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ငြိမ်းချမ်းစွာလူထုစုဝေးဆန္ဒထုတ်ဖော်ချိန်မှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေဘက်က အင်အားသုံးပိတ်ဆို့တားဆီးခဲ့တာရှိသလို လူစုခွဲပြန်ချိန်ရောက်မှ အရပ်ဝတ်လူတွေက အင်အားသုံး အကြမ်းဖက်ဖမ်းဆီးခဲ့တဲ့အတွက် ဦးဆောင်သူအချို့အပါအဝင် ဆန္ဒထုတ်ဖော်သူ (၉)ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဗဟန်းမြို့နယ် ရဲစခန်းကနေ ပုဒ်မ(၂၀)နဲ့ အမှုဖွင့်ထားပြီး အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ မတရားဖမ်းဆီးခဲ့တဲ့အပေါ် တန်ပြန်တရားစွဲဆိုသွားမှာဖြစ်တယ်လို့လည်း လွတ်မြောက်လာသူတွေကပြောပါတယ်။

"ပုဒ်မ(၂၀)နဲ့ အခုအာမခံရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ မနေ့က ဖမ်းဆီးတဲ့ပုံစံက လုံးဝသဘောမကျပါဘူး အကြမ်းဖက်ပါတယ်။ မိန်းကလေးတယောက် ဣနြေ္ဒပျက်ပြား စွာ ရဲမေတွေကလည်း ကျူးလွန်တာဖြစ်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ ဥပဒေတွေအရ ရဲမေတွေကို တရားစွဲဖို့ အစီအစဉ်ရှိပါတယ်။"

" ကျနော်တို့ဒီနေ့ ဗဟန်းရဲစခန်းကနေပြီးတော့ ကျနော်တို့ကို ချုပ်တဲ့ ရမန်ထုချေခွင့်နဲ့ ကျနော်တို့ကို လွှတ်လိုက်တာဖြစ်ပါတယ်။ "

"ကျနော်တို့ ဒီနေ့ဖြစ်စဉ်ကတော့ ငြိမ်းစုစည် ဥပဒေနဲ့ တရားစွဲတယ် စွဲပြီးတော့ ဗဟန်းရဲစခန်းကနေပြီးတော့ ချုပ်လွှတ်နဲ့ ကျနော်တို့ကိုမေးတယ်ပေါ့ အာမခံမယ့်လူရှိလား။ ကျနော်တို့က ပြောတယ် ၊ ကျနော်တို့က တခြားလူတဦးတယောက်ရဲ့ အာမခံခြင်းနဲ့ ရပ်တည်တဲ့လူမျိုးမဟုတ်ဘူး ကျနော်တို့ ဂုဏ်သိက္ခာနဲ့ ရပ်တည်နိုင်တယ် ။ အဲဒီအတွက် ကိုယ်တိုင်အာမခံနဲ့ ထွက်လို့ရရင် ထွက်မယ်။ မဟုတ်ရင် မထွက်နိုင်ဘူးလို့ပြောတယ်။ ပြီးတော့ သူတို့အာမခံပေးတယ် ကျနော်တို့ထွက်လာတယ်။ သူတို့ကတော့ ၁၅ ရက်အတွင်းမှာ တရားရုံးကိုတင်နိုင်အောင်ကြိုးစားမယ် တကယ်လို့ တရားရုံးကိုမတင်နိုင်ဘူးဆိုရင် ဒီ၁၅ ရက်အတွင်းမှာမတင်နိုင်ဘူးဆိုရင် ကျနော်တို့ဆွဲထားတဲ့ပုဒ်မ ပျက်ပျယ်သွားပြီလို့ပြောတယ်။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေဘက်က သွားရောက်တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ကိုယ်တိုင်သွားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး- မင်္ဂလာတောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ်ဦးရန်အောင်က အခုလိုပြောပြပါတယ်။

"မနေ့ညကဆိုရင်တော်တော်လေးလည်း စိတ်ထဲမှာ မသက်မသာ ခံစားကြရတယ်။ ဟိုပို့လိုက် ဒီပို့လိုက် ဒီကလည်း မကျေမလည် ဆက်ဆံတာတွေကို ကျနော်တို့ ရဲဘော်တွေ ကြုံတွေ့ခဲ့ရတယ်ပေါ့နော်။ တောင်နဲ့မြောက်နဲ့ ထားတယ်ပေါ့နော်။ ဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းပုံက တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ်။ အဲဒီအတွက် စိတ်ထဲမှာ မသက်မသာ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့မနက်တော့ သတင်းအချက်အလက်တွေ စုဆောင်းပြီး သွားပါတယ်။ သွားတဲ့ရည်ရွယ်ချက်က ပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ အမှန်တရားကို ရှာဖွေတဲ့ပုံစံသွားတာပါ။ အာမခံရရှိဖို့ကိုတော့ ဆောင်ရွက်ထားပါတယ်။"

ဒီမိုကရေစီစံနှုန်းနဲ့အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိသလို ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အရပ်ဝတ်တွေဘက်က အခုလို အကြမ်းဖက်ဖမ်းဆီးခဲ့တာကတော့ အစိုးရနဲ့ ပြည်ထဲရေးရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ဖြစ်စဉ်ကို သက်ဆိုင်ရာက ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တိုက်တွန်းခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က အခုလိုပြောပါတယ်။

"အခုအရပ်ဝတ်တွေဝင်ပြီး ထိုးကြိတ်တဲ့ကိစ္စက အရင်တုန်းက ပုံရိပ်ဆိုးတွေကိုပြန်မြင်စေတယ်။ ဆိုတော့ ကျနော်မေးတယ် ဒီလူတွေ ဘက်ကလူတွေလည်းဆိုတော့ နယ်ထိန်းတွေလို့ပြောတယ်။ တော်တော်များများက မယုံကြဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ တချို့က အရင်တုန်းက ပွဲတွေမှာလည်း မြင်ဖူးတွေ့ဖူးတဲ့လူတွေဖြစ်နေတယ်။ ဆိုလိုချင်တာက ရဲတွေရဲ့ ပုံရိပ်တွေလည်း ကျဆင်းစေတယ်ခင်ဗျ။ ကျနော်တို့တွေ ကြိုးစားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေတဲ့အချိန်မှာ ဒီလို ပုံရိပ်ကောင်းတွေထွက်စေချင်တယ်။ မနေ့က ဖြစ်လိုက်တဲ့ ကိစ္စဆိုရင် ရဲတပ်ဖွဲ့ရှိရဲ့သားနဲ့ ရဲတပ်ဖွဲ့ကို ကျော်လွန်ပြီးတော့ ဆောင်ရွက်တာကတော့ တော်တော်ကြီး ရဲတပ်ဖွဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ ဒါကိုတော့ ကျနော်တို့ နှမြောတယ် အမှန်အတိုင်းပြောတာပါ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေမှာ တိကျ ပြတ်သားရှင်းလင်းတဲ့ ဖြေရှင်းဆောင်ရွက်မှုမျိုးတော့လိုအပ်တယ်ခင်ဗျ။ အဲဒီမှာ ဆန္ဒဖော်ထုတ်တာ တဖွဲ့တည်းမဟုတ်ဘူး တခြားအဖွဲ့တွေလည်းရှိတယ်။ ဒီအဖွဲ့တွေရော အဲဒီလို ပါမစ်ယူသလား သူတို့နဲ့ ဘယ်လိုအရေးယူဆောင်ရွက်ထားသလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမရှင်းဘူးဆိုရင် ကျနော်တို့အစိုးရအဖွဲ့ပုံရိပ်ကို ထိခိုက်စေမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဖြစ်ဖို့အတိုက် ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။"

ငြိမ်းချမ်းစွာလူထုက ဆန္ဒထုတ်ဖော်ဖို့အစီစဉ်ကို သက်ဆိုင်ရာကို တရားဝင်အကြောင်းကြားပြီး ဆန္ဒပြခဲ့ကြတာဖြစ်လို့ အခုလို မတရားဖမ်းဆီးခဲ့တဲ့အပေါ် တရားဥပဒေနဲ့အညီစုံစမ်းဖော်ထုတ်ပေးဖို့နဲ့ ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားကြမယ်လို့လည်း ငြိမ်းချမ်းစွာလူထုလှုပ်ရှားမှုဦးဆောင်သူတဦးဖြစ်တဲ့ သဉ္ဇာရွန်းလဲ့ရည် က ပြောပါတယ်။

"တရားဝင်ဖြစ်အောင် ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ကြပေမယ့်လည်း တရားစွဲခံရမယ်ဆိုတော့ ကျမတို့က ရင်ဆိုင်ရမှာပါ ၊ ရင်ဆိုင်မှာပါ။ ရင်ဆိုင်တယ်ဆိုတာကလည်း ကိုယ့်ဘက်ကလည်း လုပ်ထုံးလုပ်နည်းအတိုင်းကို လုပ်ဆောင်ခဲ့တယ်ဆိုတာကို ထုချေသွားမှာပါ"

မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ ထိန်းသိမ်းခံထားရပြီး အခု ဗဟန်းရဲစခန်းကနေ အာမခံနဲ့ လွတ်မြောက်လာသူကိုးဦးကတော့ တင်ထွဋ်ပိုင် ၊ ဇေယျာလွင်၊ ခင်စန္ဒာ၊ မြတ်ကျော်၊ အုပ်စိုးပိုင်၊ ကိုဖိုးစိုး၊ ရဲထွဋ်လွင်၊ ထားထားနွယ်နဲ့ ပြည့်ဖြိုးနိုင်တို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG