သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးအလားအလာ သံတမန်တွေစိုးရိမ်


 နော်ေ၀ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Torgeir Larsen (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
နော်ေ၀ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Torgeir Larsen (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တဘက်နဲ့တဘက် ယုံကြည်မှု အားနည်းနေဆဲဖြစ်ပြီး တုံ့ဆိုင်းကြန့်ကြာတာတွေ ရှိတယ်လို့ နော်ေ၀ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ စစ်မှန်ပြီး လေးနက်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုကို အစိုးရဘက်က ဖော်ဆောင်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေတဲ့ နေရာဒေသတချို့မှာ ယုံကြည်မှုတချို့ တည်ဆောက်ခဲ့ပြီးဖြစ်ပေမဲ့ တိုက်ပွဲတွေက ဖြစ်နေဆဲရှိပြီး မရေရာ မသေချာမှုက လည်း ရှိနေတုန်းပဲလို့ နော်ေ၀ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ထော်ယဲ လာဆင်န် (Torgeir Larsen) က ပြောပါတယ်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ တနင်္လာနေ့က လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ရဲ့ အစည်းအဝေးတစ်ခုအပြီး ဗွီအိုအေနဲ့ သီးခြားတွေ့ဆုံ မေးမြန်းခန်းအတွင်း နော်ေ၀ ဒုနိုင်ငံခြားရေးဝန်ကြီးက အဲ့ဒီလိုပြောခဲ့တာပါ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တည်ငြိမ်တဲ့ တိုးတက်မှု ရှိရမှာဖြစ်ပြီး အစိုးရဘက်ကနေ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ သူ အလေးအနက် ပြောခဲ့ပြီးတော့ အဲဒါဟာ အချိန်ယူရမှာဖြစ်ပေမဲ့ လိုအပ်ပါတယ်လို့လည်း ဆိုပါတယ်။ အခက်အခဲတွေနဲ့ ပြဿနာတွေ အများအပြား ရှိနေသေးပေမဲ့လည်း သူ့အနေနဲ့ကတော့ မျှော်လင့်ချက် ထားပါတယ်လို့ ဒုနိုင်ငံခြားရေးဝန်ကြီး ထော်ယဲ လာဆင်န် (Torgeir Larsen) က ပြောပါတယ်။

"နှောင့်နှေးကြန့်ကြာပြီးတော့ တုံ့ဆိုင်းနေတာမျိုးတွေ ရှိလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် တကယ် စစ်မှန်တဲ့ဆန္ဒ ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးမှာ ခိုင်မာတဲ့ အချိန် အတိုင်းအတာနဲ့ ငြိမ်းချမ်းမှု အပြည့်အ၀ ရဖို့အတွက်ကတော့ ခက်ခဲပါလိမ့်မယ်။ ပြောဖို့ကတော့ ခက်ပါတယ်။ ဒါပေမဲ့လည်း ကျနော် မျှော်လင့်ပါတယ်လို့ပဲ ပြောနိုင်ပါတယ်။ ဒီနေရာဟာ ကမ္ဘာပေါ်မှာ တကယ် စစ်မှန်တဲ့ မျှော်လင့်ချက် ရှိတဲ့ နေရာတစ်ခုပါ။ မျှော်လ့င်ချက် နည်းပါးလှတဲ့ နေရာဒေသတွေ ကမ္ဘာပေါ်မှာ အများကြီးပါ။ မြန်မာနိုင်ငံမှာ တကယ် မျှော်လင့်ချက် ရှိနေပြီး မြန်မာလူထု လိုချင်တဲ့ ငြိမ်းချမ်းရေးကို အရယူဖို့ တကယ့် အခွင့်အလန်း ရှိနေပါတယ်။ ဒါပေမဲ့ အလွန်အမင်းကို ကြိုးစားပမ်းစား လုပ်ဆောင်ရမှာဖြစ်ပြီး အချိန်ယူရမှာလည်း ဖြစ်ပါတယ်။" လို့ ဒုနိုင်ငံခြားရေး ဝန်ကြီး ထော်ယဲ လာဆင်န် (Torgeir Larsen) က ပြောပါတယ်။

ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့နေရာမှာ နော်ဝေနိုင်ငံဟာ အဓိက ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့နိုင်ငံပါ။ မြန်မာအစိုးရအတွက် ညှိနှိုင်း ဆက်စပ်ဆောင်ရွက်တဲ့ အကူအညီပြု ချဉ်းကပ်မှုတစ်ခု ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ စတင်ဖွဲ့စည်းချိန်က ကြေညာခဲ့ပါတယ်။ ဒီအဖွဲ့ကို နော်ဝေနိုင်ငံက ဦးဆောင်ပြီး စဖွဲ့ချိန်တုန်းက သြစတြေးလျ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့ ပါဝင်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍကိုတော့ ဒုနိုင်ငံခြားရေးဝန်ကြီး လာဆင်န် က အခုလို ရှင်းပြပါတယ်။

"နိုင်ငံတကာ အသိုက်အဝန်းရဲ့ အဓိက အခန်းကဏ္ဍက ဖြစ်နိုင်ခြေရှိလာအောင် အကူအညီပေးဖို့ ဖြစ်ပါတယ်။ ပဋိပက္ခ အပြင်းအထန်ဖြစ်တဲ့ ဒေသတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာကြရတဲ့ လူထုအနေနဲ့ လိုအပ်တဲ့ အကူအညီတွေကို ရနိုင်ကြဖို့ ဖြစ်ပါတယ်။ ဒါဟာ တစ်ဆင့်ချင်း အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းစဉ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ယုံကြည်မှု အားနည်းတာက လုပ်ငန်းစဉ်ကို ခက်ခဲစေလို့ပါပဲ။ ဒါကြောင့် တခြားသူတွေနဲ့အတူ ကျနော်တို့ ပါဝင်နေတဲ့ အခန်းကဏ္ဍက အကူအညီတွေ ရောက်နိုင်ဖို့အတွက် သက်ဆိုင်ရာ နေရာတွေက အဖွဲ့တွေနဲ့ အစိုးရကြား ယုံကြည်မှုရအောင် ဖန်တီးတဲ့နေရာမှာ အဲဒီလုပ်ဆောင်မှုတွေကို ညှိနှိုင်းပေးတာ ဖြစ်ပါတယ်။" လို့ နော်ဝေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ထော်ယဲ လာဆင်န် (Torgeir Larsen) က ပြောခဲ့ပါတယ်။

နော်ဝေး ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ စိုးရိမ်ချက်တွေကို အစည်းအဝေးတက်ရောက်တဲ့ သမ္မတရုံး ဝန်ကြီးလည်းဖြစ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်မင်းက သိရှိပြီး နိုင်ငံတကာ အသိုက်အဝန်းဘက်က လုပ်ပေးစေချင်တာတွေကိုလည်း ပြန်ပြောခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူတစ်ဦးဖြစ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုံးမြင့်က ပြောပါတယ်။

“ဒီလောက်များတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ကြားထဲမှာ လုပ်ရတဲ့အခါကျတော့ ဒီနိုင်ငံတကာတွေကလည်း သူတို့အနေနဲ့ အကူအညီပေးမယ်ဆိုရင်လည်း ခုနပြောတဲ့ ဘယ်နေရာတွေမှာ သတ်သတ်မှတ်မှတ် လုပ်ပေးဖို့ အရေးကြီးတယ်ဆိုတာကို ဝန်ကြီးကနေပြီးတော့ ဒါကို တင်ပြသွားတယ်။ သူ့အနေနဲ့ကတော့ ဒါတွေကို လုပ်ပေးနိုင်မှ ရှင်းရှင်းပြောရရင် ကျနော်တို့ ကူညီပါမယ်ဆိုပြီးတော့ မကူညီတဲ့ အခက်အခဲတွေ ကျနော်တို့ဘက်ကနေ
တွေ့နေရတယ်။ အဲ့ဒီအတွက်ကြောင့် ညှိနှိုင်းပေးတဲ့ အနေ အထားနဲ့ ဝန်ကြီးအနေနဲ့ ဒါကိုတော့ အဓိက ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။”

တနင်္လာနေ့ကျင်းပတဲ့ အစည်းအဝေးမှာ ဝန်ကြီးဦးအောင်မင်းနဲ့ နော်ဝေး ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့အပြင် အမေရိကန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်နဲ့ နော်ဝေနိုင်ငံတွေက သံအမတ်တွေ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။
XS
SM
MD
LG