သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေး ကန် ကူညီ


အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲတခုလုပ်ရန် ဆောင်ရွက်(U.S. Embassy Rangoon)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလုပ်ရုံဆွေးနွေးပွဲတရပ်ပြုလုပ်မှာဖြစ်ပါတယ်။ အခုကျင်းပပြုလုပ်မယ့် သင်တန်းဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဘယ်လိုအထောက်အကူတွေပေးသွားနိုင်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးရေးစွမ်းရည်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတရပ် ပြုလုပ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးရေးနဲ့ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြှင့်တင်ပေးတဲ့အနေနဲ့ (FBI) နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းပြီးတော့ ၈ ပတ်ကြာမယ့် စုံစမ်းစစ်ဆေးရေးစွမ်းရည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ် ပြုလုပ်သွားမယ့်အကြောင်း ရန်ကုန်အမေရိကန်သံရုံး ပြောခွင့်ရသူကအခုလို ပြောပါတယ်။

“ဒါဟာ FBI အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပထမအကြိမ် ပြည်တွင်းမှာပေးတဲ့ သင်တန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မှုခင်းစုံစမ်း စစ်ဆေး ဖော်ထုတ် တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီပေးသွားဖို့ သန္နိဋ္ဌာန်ချထားတယ်။ မြန်မာနိုင်ငံ ရဲဝန်ထမ်းတွေကို မှုခင်းစုံစမ်းဖော်ထုတ်ရေး၊ မှုခင်းတိုက်ဖျက်ရေး တွေကို လေ့ကျင့်သင်တန်းပေးသွားမှာဖြစ်သလို နည်းပညာပိုင်းနဲ ပတ်သက်တဲ့ လိုအပ်ချက်တွေ အပြင် ရဲတပ်ဖွဲ့ဝင်တွေအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုအပိုင်းတွေ၊ ပြီးတော့ အရပ်ဘက်ပူးပေါင်းထိန်းချုပ်မှုပိုင်းဆိုင်ရာတွေကိုပါ နိုင်ငံတကာကလက်ခံထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ကျနော်တို့အနေနဲ့ ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရည်အသွေး ပိုမိုမြှင့်မားလာအောင် အခုလိုမျိုး သင်တန်းတွေပေးတာဟာ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တခုဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သုတေသနဌာနမှ တာဝန်ယူခဲ့ဖူးသူ လက်ရှိဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက အခုလို ပြောပါတယ်။

“အများကြီးအထောက်အကူပြုမှာပါ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း အရင်တုန်းကထက်စာရင် အများကြီးကို ပြုပြင်ပြောင်းလဲလာတာလည်း တွေ့ရတယ်ရှင့်။ တကယ်တမ်း ရဲတပ်ဖွဲ့ဝင်တွေ သင်တန်းတွေ ပူးတွဲလုပ်တာတွေကို အများကြီးလေ့ကျင့်ယူတဲ့အတွက် တကယ့်ကို အကောင်းဆုံးဖြစ်လာမယ်ပေါ့လေ။ ဒီ ထက်မက ရဲတပ်ဖွဲ့ကြီးက ပိုပြီးတော့ တိုးတက်လာပြီး ၊ ရဲတပ်ဖွဲ့အနေနဲ့ ဒီလိုဟာမျိုးတွေ အများကြီးရှိသင့်တယ်လို့ ကျမအနေနဲ့ ယူဆပါတယ်ရှင့်။”

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ လိုအပ်ချက်တွေအတော်များများရှိနေသေးကြောင်းလည်း ဒေါ်မေစိုးက အခုလို သုံးသပ်ပြောဆိုပါတယ်။

“လက်ရှိစွမ်းဆောင်ရည်အနေနဲ့ကတော့ ရဲတပ်ဖွဲ့အင်အားမပြည့်စုံတာရယ်၊ ကူညီပံ့ပိုးနိုင်တဲ့အင်အားနည်းနေသေးတာရယ်ကိုတွေ့ရတယ်ပေါ့လေ။ အစိုးရရဲ့ ကူညီပံ့ပိုးမှုအင်အားလည်း နည်းနေပါသေးတယ်။ အရင်ကထက်စာရင်တော့ ရဲတပ်ဖွဲ့ဝင်တွေ လုပ်ရည်ကိုင်ရည်၊ လုပ်ချင်တဲ့စိတ်ဓါတ်တွေ သူတို့ အင်အားတွေလည်း အများကြီးတက်ကြွတာလည်း တွေ့ရပါတယ်။ နောက်တခုက လက်ရှိပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေ၊ ဒု-၀န်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က အရမ်းကို ရဲတပ်ဖွဲ့နဲ့ ပတ်သက်လို့ရော ၊ ရဲတပ်ဖွဲ့ဝင်တွေပေါ်မှာရော သူတို့တွေ မျှော်လင့်ချက်တွေအရမ်းရှိပါတယ်။”

အရင်တုန်းကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လူစုလူဝေးနဲ့ဆက်နွယ်တဲ့ အဓိဂရုဏ်းတွေကို နိုင်ငံတကာစံနှုန်းအတိုင်း ဘယ်လိုကိုင်တွယ်လုပ်ဆောင်သင့်သလဲဆိုတဲ့ သင်းတန်းတွေကို ဥရောပသမဂ္ဂ ရဲအရာရှိတွေက သင်ပေးခဲ့တာတွေရှိသလို သြစတြေးလျနိုင်ငံကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းပေးတာတွေရှိခဲ့ပါတယ်။

XS
SM
MD
LG