သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လုံခြုံရေး ရဲတပ်သားသစ် လေးသောင်း စုဆောင်းမည်


၂၀၁၂ ရွေးကောက်ပွဲမြင်ကွင်း။
၂၀၁၂ ရွေးကောက်ပွဲမြင်ကွင်း။

မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ မြန်မာနိုင်ငံ ရဲဌာနချုပ်က အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ကို နိုင်ငံအနှံ့ ယာယီ တိုးမြင့်ခန့်အပ်သွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ရဲဌာနချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘယ်လို စိစစ်မှုတွေနဲ့ ဘယ်သူတွေကို ရွေးချယ် ခန့်အပ်ပြီး၊ ဘယ်လို သင်တန်းတွေ နဲ့ တာဝန်တွေ ပေးသွားမလဲ။ ဒီ အထူး တပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးအတွက် တကယ် ထိထိရောက်ရောက် ဆောင်ရွက်နိုင် မလား ဆိုတာတွေကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလထဲ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိတာကြောင့် ဒီရွေးကောက်ပွဲ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက်ကို ယာယီ ခန့်အပ်သွားဖို့ ပြင်ဆင်နေ တယ်လို့ မြန်မာနိုင်ငံရဲဌာနချုပ် တာဝန်စီမံဌာန က ရဲမှူးကြီး မောင်မောင်စိုး က ပြောပါတယ်။

""ကျနော်တို့ ရွေးကောက်ပွဲ မတိုင်မှီနဲ့ ရွေးကောက်ပွဲအပြီးကာလ နှစ်လ သို့မဟုတ် သုံးလလောက်ကို ခန့်ထားဆောင်ရွက်မယ်ဆိုပြီး စီစဉ်နေပါတယ်ခင်ဗျ။ မဲရုံအရေအတွက် တရုံကို တယောက်နှုန်းလောက်တော့ ယာထားပါတယ်ခင်ဗျ။ ကျနော်တို့ ခန့်မှန်း မဲရုံက လေးသောင်းလောက် ဆိုတော့ လေးသောင်းကျော်ကျော် လေးသောင်း ပတ်ဝန်းကျင်လောက် ရှိမယ်ဆိုတော့ အဲ့လောက်တော့ မဲရုံရဲ့ အရေအတွက်အတိုင်း ခန့်ထားဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်ခင်ဗျ။"

မြန်မာအစိုးရအနေနဲ့ အရင်က ပဋိပက္ခတချို့ကို ကိုင်တွယ်ရာမှာ လုံခြုံရေးအတွက်လို့ ဆိုပြီး အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ ရပ်ကွက်အာဏာပိုင်တွေက လက်ပတ်နီဆိုတဲ့ အရပ်ဝတ်တွေကို ခေါ်ယူသုံးတာတွေ ရှိတာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခု ရွေးကောက်ပွဲလုံခြုံရေးအတွက် ယာယီ ရဲတပ်ဖွဲ့ဝင်သစ်တွေ စုဆောင်းတဲ့နေရာ မှာလည်း အရင်က အကြမ်းဖက်မှုတွေမှာ ပတ်သက်ခဲ့တဲ့ စွမ်းအားရှင် ဒါမှမဟုတ် လက်ပတ်နီဝတ်တွေ ပါလာမလားဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရှိပါတယ်။

ဒီအပေါ်မှာ ရဲမှူးကြီး မောင်မောင်စိုးကတော့ သူတို့အနေနဲ့ ရပ်ကွက်နဲ့ လူထုက ယုံကြည်လေးစားတဲ့ သူတွေကိုသာ စိစစ်ရွေးချယ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

" မဲရုံရှိတဲ့ဒေသမှာရှိတဲ့ အဲ့ဒီ့ရပ်ကွက်မှာ ပြည်သူလူထုက ကြည်ညိုလေးစားတဲ့သူ၊ ယုံကြည်တဲ့သူပေါ့နော် အဲ့ဒီ့လူကလည်း သူကိုယ်တိုင် ဆန္ဒပြမယ်ဆိုရင် ကျနော်တို့က ခန့်ထားဖို့ စဉ်းစားမှာပါ။ ရပ်ကွက်က သူတို့ဆီမှာ အထူးရဲခန့်မယ်ဆိုရင် ရပ်ကွက်က ထောက်ခံမယ့်သူမျိုးပေါ့။ "

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ

အခု အသစ်စုဆောင်းမယ့် အထူး ရဲတပ်ဖွဲ့ဝင်တွေကို ရဲတပ်ဖွဲ့တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ သူတို့ လုပ်ဆောင်နိုင်မယ့် တာဝန်ဝတ္တရားပိုင်းတွေကို နားလည်အောင် ရှင်းလင်း သင်တန်း ပေးသွား မှာဖြစ်တယ်လို့လည်း ရဲမှူးကြီး မောင်မောင်စိုးက ပြောပါတယ်။

"သင်တန်းပေးမှာပါခင်ဗျ။ သင်တန်းဆိုတာ ရဲတပ်ဖွဲ့ဝင်တယောက် သိသင့်သိထိုက်တဲ့ လိုက်နာရမယ့်သင်တန်းတွေကို သင်တန်းပေးမှာပါ။ ကျနော်တို့ရဲ့ ရဲတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက် မှာပဲ ပေးမှာပါခင်ဗျ။ ဥပဒေကလည်း အဲ့သလိုပဲ ခွင့်ပြုထားပါတယ်။ သူတို့ကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးလိုက်မှာမဟုတ်ပဲ ကျနော်တို့ရဲ တပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာပဲ သူတို့က လုပ်ရမှာပါခင်ဗျ။ ကျနော်တို့က သူတို့ကို သူတို့ ဘာတွေ သိသင့်တာလဲ။ သူတို့လုပ်ဆောင်ရမယ့် တာဝန်တွေက ဘာတွေလဲပေါ့ အဲ့တာလေးတွေကို သူတို့က သင်္ခန်းစာမှာ သူတို့ကိုသင်ကြားမယ့် သင်္ခန်းစာမှာ ဘာတွေကို မဖြစ်မနေ ထည့်သွင်းပြီးတော့ လုပ်ရမယ့်ဟာတွေကို ဘာတွေသင်မလဲဆိုတာ ကျနော်တို့ ပြုစုဆဲဖြစ်ပါတယ်။ သူတို့ကို နှစ်ပတ်လောက်တော့ သင်တန်းပေးဖို့ စဉ်းစား ဆောင်ရွက်နေပါတယ်။ "

နှစ်ပတ် သင်တန်းပေးရုံနဲ့ ဒီ ရဲဝန်ထမ်းသစ်တွေအနေနဲ့ လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာပါလား။ ရဲမှူးကြီး မောင်မောင်စိုးကတော့ အခုလို ပြောပါတယ်။

"ဒါကတော့ လက်တွေ့ဆောင်ရွက်ပြီးမှာ သိမှာပါ။ ခုနက ကျနော်ပြောသလိုပါပဲ ဥပဒေမှာလည်း အဲ့ဒီ့လို ကျနော်တို့ရဲ့ကွပ်ကဲမှုရဲ့အောက်မှာပဲ လုပ်ရမှာ လို့ပြောတဲ့အတွက် ကျနော်တို့တပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ကွပ်ကဲမှုအောက်မှာပဲ လုပ်ရမှာဖြစ်တဲ့အတွက် သူတို့ချည်းပဲ လုပ်ရမှာ မဟုတ်တဲ့အတွက် ကျနော်တို့ကတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ ကွပ်ကဲမှုအောက်မှာပဲ လုပ်ရမှာဖြစ်တဲ့အတွက် အခက်အခဲတော့ အများကြီး မရှိနိုင်ဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ လောလောဆယ်တော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဥပဒေအရ ဘာတွေ ဆိုလိုထားလဲဆိုတော့ ဥပဒေအရ ရပ်ကွက်ထဲမှာ လှည့်ကင်းလှည့် တာမျိုးလေးတွေ ပြည်သူ့လုံခြုံရေးဆောင်ရွက် တာလေးတွေပေါ့ အဲ့တာမျိုးလေးတွေကို ဥပဒေအရ လုပ်လို့ရပါတယ်ဆိုတာ ပြဌာန်းထားပါတယ်။"

ရွေးကောက်ပွဲ လုံခြုံရေး အတွက် အဓိကထားပြီး အခုခန့်အပ်မယ့် ရဲဝန်ထမ်းသစ်တွေ ကို လက်ရှိ အမြဲတမ်း ရဲဝန်ထမ်းတွေ ရရှိနေတဲ့ လစာ၊ အကျိုးခံစားခွင့်တွေနဲ့ အညီ ပေးသွားမှာဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၆၀ ကြား ကျန်းမာသန်စွမ်းသူ မည်သူမဆို အဖွဲ့ဝင်ဖြစ်ခွင့် ရှိတယ်လို့ လည်း ရဲမှူးကြီးက ပြောပါတယ်။

" လစာက တစ်သိန်းနှစ်သောင်းပေါ့နော်။ ကျနော်တို့ရတဲ့ ရိက္ခာ၊ ရဲတပ်ဖွဲ့ဝင်တွေရတဲ့ အကျိုးခံစားခွင့်ကို ရရမယ်လို့ ဥပဒေက ပြဌာန်းထားတဲ့အတွက် ကျနော်တို့က သူတို့က တစ်သိန်းခွဲကတော့ အနည်းဆုံးရရမယ့် သဘောရှိပါတယ်။ အဲ့တာလေး က ကျနော်တို့ စဉ်းစားဆဲပါခင်ဗျ။ ဘယ်လောက်လည်းဆိုတာတော့ အတိအကျကြီး မဆုံးဖြတ်ရသေးပါဘူး။

လောလောဆယ်တော့ ဒီကာလအတွက်ပဲ လုံခြုံရေးလိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင် အင်အား မလုံလောက်တဲ့အတွက် သူတို့ကို ခန့်ဖို့ ဥပဒေအရ ဆောင်ရွက် တာဖြစ်ပါတယ်ခင်ဗျ။"

ဒီလူသစ်တွေကို ရွေးကောက်ပွဲလွန် နောက်ပိုင်းကာလ တိုင်းပြည်မှာ လုံခြုံရေးအရ ဆက်လက် ထားရှိဖို့ လိုအပ်ခဲ့မယ် ဆိုရင်လည်း သူတို့ကို ဆက်လက် ခန့်ထားကောင်း ခန့်ထားမှာ ဖြစ်တယ်လို့ ရဲမှူးကြီး မောင်မောင်စိုးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG