သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအရ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ မရှိသေး


နိုင်ငံရေးအရ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ မရှိသေး
နိုင်ငံရေးအရ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ မရှိသေး

မြန်မာအစိုးရသစ် အနေနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရာမှာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေး ဆောင်ရွက်နေပြီး နိုင်ငံရေးအရ ကျယ်ပြန်တဲ့ ဆွေးနွေးမှုတွေ ဖြစ်လာရေး အတွက်တော့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေးတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပပြုလုပ်ပြီးတဲ့ နောက်ပိုင်း အခြားဆိုင်ရာ ကျန်းမာရေး၊ လူမှုရေး အကြောင်းရပ် တခုချင်းအလိုက် ဆွေးနွေးပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ အမျိုးသားအဆင့် ဆွေးနွေးပွဲလည်း မကြာခင် ဖြစ်လာဖွယ် ရှိတယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။

ဒါပေမဲ့လည်း နိုင်ငံရေးအရ ကျယ်ပြန်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့အတွက် လတ်တလောမှာ အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ နေဇင်လတ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“Political Forum အနေနဲ့ကတော့ ကျနော် မကြားမိသေးဘူး။ သို့သော်လည်း ဖိုရမ် (Forum) တွေကတော့ ကျနော်တို့ တောက်လျှောက် လုပ်မှာပေါ့။ အခု စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို နည်းနည်းလေး အလေးအနက်ထားပြီး လုပ်တဲ့အတွက်ကြောင့် လောလောဆယ်တော့ စီးပွားရေးနဲ့ဆိုင်တဲ့ ဖိုရမ်တွေ လုပ်တယ်ပေါ့ဗျာ။

“နောက်တခါ ဦးစားပေးက ကျန်းမာရေးလား၊ ပညာရေးလား ကျနော်တို့ မသိသေးဘူး။ ဖိုရမ်တွေတော့ တောက်လျှောက် လုပ်သွားမှာပေါ့။ သို့သော်လည်း Political Forum ရယ်လို့ ခေါင်းစဉ်ကြီးနဲ့တော့ ကျနော် မသိထားသေးဘူး။ ကျနော့်အနေနဲ့ကတော့ Political Forum ရဲ့ ခေါင်းစဉ်အောက်မှာတော့ ရှိလာမယ်လို့ ကျနော် သိမထားသေးပါဘူး။”

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အပါအဝင် စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေအတွက် အကြံပေးအဖွဲ့ အနေနဲ့ သမ္မတကို တင်ပြထားတာတွေ ရှိပေမဲ့လို့ ဘယ်အကြောင်းရပ်ကို ဦးစားပေး ဆောင်ရွက်မလဲ ဆိုတာကတော့ အကြံပေးအဖွဲ့က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့လည်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

“ကျနော်တို့ အကြံပေး ဆိုတော့ဗျာ Issues တွေ တော်တော်များများ ကျနော်တို့ကတော့ ရေးပြီး သမ္မတကြီးဆီ တင်ပြထားတာတော့ ရှိတယ်။ သို့သော်လည်း Priority ရွေးတဲ့ အခါမျိုး၊ ဘယ်ဟာ အရင်လာမယ်၊ ဘယ်ဟာ နောက်မှာလာမယ် ဆိုတာတော့ ကျနော်တို့က ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့သူတွေ မဟုတ်ဘူးလေ။

“ကျနော်တို့ လက်လှမ်းမီတဲ့ Issues တွေ တော်တော်များများကတော့ မခွဲခြားဘဲ ကျနော်တို့က တင်တင်ပေးနေရတာတော့ ရှိတယ်။ သို့သော်လည်း ဘယ်ဟာပြီးရင် ဘယ်ဟာလာမယ်၊ ဘယ်ဟာပြီးရင် ဘယ်ဟာလာမယ် ဆိုတာကျတော့ ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ မရှိဘူးလေ။ အဲဒီအတွက်ကြောင့် ကျနော် ပြောလို့တော့ မရဘူးပေါ့။”

ပြည်ပရောက် မြန်မာလူမျိုးတွေကို ပြန်လာခွင့်ပေးမယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာကြောင့် မကြာခင် နိုင်ငံရေးအရ တစုံတရာ အပြောင်းအလဲတွေ ပေါ်လာမလား၊ အထူးသဖြင့်တော့ အာဏာပိုင်တွေနဲ့ အတိုက်အခံတွေ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ပေါ်လာမလား၊ မျှော်လင့်သူက မျှော်လင့်ထားပါတယ်။ ပြည်ပရောက်တွေ ပြန်ခေါ်ဖို့ အစီအစဉ်ရှိပေမဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမျိုး ဖြစ်လာနိုင်ချေ မမြင်သေးဘူးလို့ ဒေါက်တာ နေဇင်လတ်က ဆိုပါတယ်။

“ပြည်ပရောက် အဖွဲ့တွေကိုတော့ အိမ်ပြန်လာရင် ရပါတယ် ဆိုတာကတော့ သမ္မတကြီး ကိုယ်တိုင်က မိန့်ခွန်းထဲမှာ ထည့်ပြောထားပြီးပြီလေ။ ဒါကိုတော့ ကျနော် ယုံမှားသံသယ မရှိဘူးပေါ့။ သို့သော်လည်း ဖိုရမ်အဆင့်အထိ လုပ်မယ် ကိုင်မယ် ဆိုတာတော့ ကျနော် သိမထားသေးပါဘူး။”

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ သီးခြား တွေ့ဆုံခဲ့သလို ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် အချိန်ပိုင်း တက်ရောက်ခဲ့ပါတယ်။ မတူညီမှုတွေကို ဘေးဖယ်ပြီး တူညီမှု အခြေခံတွေ အပေါ်မှာ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့ကြပါတယ်။

ဒါကြောင့် မြန်မာအစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်တို့အကြား အရင်ကလို မဟုတ်ဘဲ တင်းမာမှုတွေ အတော်လေး လျော့နည်းသွားခဲ့တာကြောင့် စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာတော့မလားဆိုပြီး မျှော်လင့်သူတွေ ရှိသလို လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ မမြင်ရသေးဘူးဆိုပြီး ဒီဆက်ဆံရေး အပေါ်မှာ သံသယထားသူတွေလည်း ရှိတာ တွေ့ရပါတယ်။

XS
SM
MD
LG