သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်မှု ပြန်တည်ဆောက်ဖို့ တိုင်းရင်းလူငယ်တွေ တောင်းဆို


ပင်လုံစာချုပ် ချုပ်ဆိုသည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပစဉ် တက်ရောက်လာသည့် တိုင်းရင်းသားများ။
ပင်လုံစာချုပ် ချုပ်ဆိုသည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပစဉ် တက်ရောက်လာသည့် တိုင်းရင်းသားများ။

(Zawgyi / Unicode)

ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း တိုင်းရင်းသား ပြည်သူတွေအပေါ် တာဝန်ပျက်ကွက် မျက်ကွယ်ပြုမှုတွေကို သင်ခန်းစာယူပြီး လာမယ့် ၂၀၂၀ မှာ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်မယ်ဆိုရင် နိုင်ငံအနာဂတ်အတွက် အလားအလာကောင်းတွေ ရနိုင်မယ်လို့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားနေတဲ့ တိုင်းရင်းသားလူငယ်တချို့က မျှော်လင့်ပါတယ်။ မကြာခင်ရက်ပိုင်းမှာပဲ ၂၀၁၉ နှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ကူးချိန် ရောက်တော့မှာ ဖြစ်ပေမယ့်လို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ၊ စစ်မီးငြိမ်းရေး၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကတော့ မှေးမှိန်နေဆဲပဲလို့ တိုင်းရင်းသားလူငယ်တွေက ပြောပါတယ်။

၂၀၁၉ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ အစိုးရအပေါ် သုံးသပ်ချက်၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာ ဘယ်လောက် ခရီးပေါက်ခဲ့ပါသလဲ၊ လာမယ့် ၂၀၂၀ နှစ်သစ်မှာ မြန်မာပြည်ကြီး ငြိမ်းချမ်းနိုင်ဖို့ ရှေ့ဆက်ဖို့ ဘာတွေလုပ်ဖို့ လိုနေသေးသလဲ ဆိုတာတွေကိုတော့ တိုင်းရင်းသားလူငယ်တချို့ရဲ့ သုံးသပ်ချက်အမြင်တွေကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းကတည်းကစလို့ မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် ရခိုင်၊ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ် စတဲ့ တိုင်းရင်းဒေသတွေမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ၊ အပစ်ရပ် လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေက အပြင်းအထန် ဖြစ်နေဆဲပါ။ ဒီလို တင်းမာနေဆဲ စစ်ရေးပဋိပက္ခတွေ လျော့ပါးစေရေး ပြည်တွင်းစစ်မီးငြိမ်းရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကတော့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိဘဲ စိန်ခေါ်မှုတွေ ရှိနေဆဲမို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေရတာပါ။

ဒီလို ၂၀၁၉ ခုနှစ်အတွင်းမှာ ကြုံခဲ့ရတဲ့ တိုင်းပြည်တွင်း နိုင်ငံရေးစိန်ခေါ်မှုတွေ၊ စစ်ရေးပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းတွေ စတဲ့ လူထုကြုံနေရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ၂၀၂၀ မှာ တိုင်းရင်းသား ပြည်သူလူထုရဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ပါလို့ တိုင်းရင်းသားလူငယ်တချို့က တိုက်တွန်းပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကရင်နီလူထု ကရင်နီလူငယ်တွေကြား ပြည်နယ်အစိုးရနဲ့ အတိုက်ခံတွေ များစွာဖြစ်ခဲ့ရတဲ့ ကယားပြည်နယ်က ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးသူရယ်ကတော့ လူထုအပေါ် မျက်ကွယ်ပြုမှုတွေကို သင်ခန်းစာယူပေးပါလို့ ဆိုပါတယ်။

“၂၀၁၉ မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး အဖြစ်အပျက်တွေရော၊ လူမှုရေး အဖြစ်အပျက်တွေရော နိုင်ငံတကာက တရားစွဲဆိုလာတဲ့အပေါ်မှာ အများကြီး ထိခိုက်လာတယ်။ ဆိုလိုတာက ၂၀၁၉ ဖြစ်စဉ်ကိုကြည့်တော့ နိုင်ငံရေးအရမှာလည်း NLD အစိုးရအနေနဲ့ ပြည်သူလူထုအပေါ် တာဝန်ပျက်ကွက်တာတွေ အများကြီး တွေ့ရတယ်။ ဒီဟာတွေကို သင်ခန်းစာယူပြီးတော့ ပြည်သူလူထုတွေကို မျက်နှာမူပြီးတော့ တန်ဖိုးထားမယ်၊ အသိအမှတ်ပြု လေးစားကြမယ်၊ တိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုကို လေးစားကြမယ်၊ ပြီးတော့ အချင်းချင်း အပြန်အလှန် နားလည်မှုတွေ၊ အပြန်အလှန် ယုံကြည်မှုတွေ၊ လေးစားမှုတွေ ရှိလာရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းမှာလည်း အများကြီး အထောက်အကူ ပြုလာမယ်လို့ မျှော်လင့်တယ်။”

ကချင်စစ်မီးငြိမ်းရေးနဲ့ စစ်ပြေးဒုက္ခသည်တွေအရေး လှုပ်ရှားသူ ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်သူ Lum Zaung ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်တို့ကြား နိုင်ငံရေးစကားဝိုင်းတွေ ဆွေးနွေးနိုင်မယ်၊ ယုံကြည်မှု တည်ဆောက်နိုင်မယ် ဆိုရင်တော့ ၂၀၂၀ အတွက် ငြိမ်းချမ်းရေး အလားအလာ ကောင်းနိုင်တယ်လို့ မျှော်လင့်ပါတယ်။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူလူထုတွေက အင်မတန်မှ ယုံကြည်မှု အပြည့်နဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ၊ ဒေသမှာ အမှန်တကယ် ဖြစ်ပျက် ရင်ဆိုင်နေရတဲ့ အခြေအနေ မှန်တွေကို နိုင်ငံတော်အစိုးရ ခေါင်းဆောင်တွေ အားလုံး သိဖိုအတွက် တင်ပြခဲ့တဲ့ အရာတွေထဲမှာ အမှန်တကယ် နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ၂၀၁၉ ခုနှစ်မှာက အမှန်တကယ် ဆောင်ရွက်နိုင်တဲ့ တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိတာက အင်မတန်မှ နည်းတဲ့ဟာ ကျနော်တို့ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၁၉ မှာ နိုင်ငံတော်အစိုးရကနေ တရားစွဲဆိုပြီးမှ ဒီလိုမျိုး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို အရေးယူ နှိပ်ကွပ်တဲ့သဏ္ဌာန် ရှိနေတာကတော့ ယနေ့အချိန်အထိ ဖြစ်နေပါတယ်။ အဲဒါကတခုပေါ့။

“ဒေသခံတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို နှိပ်ကွပ် အရေးယူတဲ့ဟာတွေ၊ ထောင်ချတဲ့ဟာတွေက အင်မတန်မှ ဆိုးဝါးတဲ့လုပ်ရပ်လို့ ကျနော်တို့က NLD အစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့၊ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျနော်တို့က အင်မတန်မှ ဝမ်းနည်းမိတယ်။ ဒါကြောင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသား ထုတ်ဝေ လှုပ်ရှားမှုပေါ့၊ ဒီလိုမျိုး ငြိမ်းချမ်းစွာ လုပ်ဆောင်မှုတွေကို နိုင်ငံတော်အစိုးရက နှိပ်ကွပ်မှုတွေ မလုပ်ဆောင်ဖို့အတွက်လည်း ကျနော်တို့က မျှော်လင့်ပါတယ်။”

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေက စစ်မီးတွေငြိမ်းဖို့၊ နောက် နှစ်သစ်ကူး တိုင်းပြည်ရဲ့ အနာဂတ်အတွက် အစိုးရဘက်ကလည်း အားနည်းချက် အားသာချက်တွေကို ပြန်သုံးသပ်သင့်တယ်၊ နိုင်ငံတကာဘက်ကလည်း အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ပံ့ပိုးသင့်တယ်လို့ သုံးသပ်သူကတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ဖြစ်ပါတယ်။

“၂၀၁၀ မှာ တက်လာတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာကတည်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို သူတို့ ပုံစံအသွင်တမျိုးနဲ့ ကြိုးစားဖော်ဆောင်တာကို တွေ့ရတယ်။ အများကြီးလည်း မျှော်လင့်ကြတယ်။ ဒါပေမယ့် ကောင်းသော အလားအလာနဲ့ စထွက်လာတဲ့ ငြိမ်းချမ်းရေးက ၂၀၁၅ နောက်ပိုင်း NLD အစိုးရ တက်လာပြီး နောက်ပိုင်းမှာကျတော့ မျှော်လင့်ထားသလို ဖြစ်မလာဘဲနဲ့ ပြန်ပြီးတော့ ဆင်းသွားသလို ဖြစ်တာပေါ့လေ။ ဒီနေရာမှာ ကျနော်တို့ သတိပေးချင်တာကတော့ နိုင်ငံရေးအရ မရိုးသားမှုတွေကိုလည်း တွေ့တယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အနေအထားမှာ မကျေနပ်ချက်တွေလည်း ရှိနေသေးတယ်။ ဆိုတော့ တိုင်းရင်းသားအရေး အယူအဆတွေ အကွဲအပြဲတွေက အရမ်းကို များခဲ့တဲ့အခါကျတော့ ဒီအကျိုးဆက်တွေ ဒီခံစားချက်တွေက ရှိနေကြတုန်းပဲဆိုတဲ့ အမှတ်လက္ခဏာတွေပေါ့ဗျာ။ ဒီလို အကျဉ်းအကျပ်တွေကို ဆောင်ကြဉ်းနိုင်မယ့် ခေါင်းဆောင်ပိုင်းတွေ လိုလာမယ်။ နောက်ပြီးတော့မှ ဒီနေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြောချင်တယ်။ အကုန်လုံး ဖြစ်စေချင်တဲ့ ပုံစံမျိုးကို ဘယ်လိုဖော်ဆောင်သွားမလဲ ဆိုတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ သွားရမယ်လို့ ထင်ပါတယ်။ အင်အားကြီးတဲ့အတွက်ကြောင့် ပိုပြီးတော့ လုပ်ပိုင်ခွင့်အာဏာကို ယူထားမယ်ဆိုတဲ့ စဉ်းစားချက်ကို ဖြေလျှော့ပြီးတော့ တိုင်းရင်းသားတွေဘက်ကလည်း ကိုယ်တွေဖြစ်ချင်တဲ့ အနေအထားပေါ်မှာ စိတ်ရှည်သည်းခံပြီးတော့ စဉ်းစားနိုင်ဖို့တော့ လိုတာပေါ့လေ။”

မကြာခင်ရက်ပိုင်းမှာပဲ ၂၀၁၉ နှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ကူးချိန် ရောက်တော့မှာ ဖြစ်ပေမယ့်လို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ စစ်မီးငြိမ်းရေးနဲ့ စစ်ပြေးဒုက္ခသည်တွေ တနေ့တခြား များပြားလာနေတဲ့ တိုင်းပြည်ရဲ့ အနာဂတ်အပေါ် တိုင်းရင်းသားပြည်သူလူထုက ရတက်မအေးဖြစ်နေပြီး လာမယ့် ၂၀၂၀ မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်မှုတွေနဲ့ နိုင်ငံရေးစကားဝိုင်းတွေ ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

----------------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG