သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ် ဦးထင်ကျော်ကို နိုင်ငံတကာကြိုဆို


မြန်မာနိုင်ငံ သမ္မတအဖြစ် မနေ့က ကျမ်းသစ္စာကျိန်ဆိုလိုက်တဲ့ ဦးထင်ကျော်ကို ချီးကျူးဂုဏ်ပြုကြောင်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေက ဆက်တိုက်ဆိုသလို ထုတ်ဖော် ပြောဆိုနေကြပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်လုပ်ငန်းတွေအတွက် အစိုးရသစ်ကို ဆက်လက် ကူညီ ပံ့ပိုးပေးသွားမယ်လို့လည်း ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စု လွှတ်တော်မှာ ပြုလုပ်တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်က တိုင်းပြည်ကို ပထမဆုံးအကြိမ်အဖြစ် မိန့်ခွန်း ပြောကြားခဲ့တာမှာ အစိုးရသစ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး စတာတွေကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီနေ့ ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တခုရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျနော်ဟာ နိုင်ငံတော်သမ္မအဖြစ် ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကတိသစ္စာကို ထိန်းသိမ်းစာင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီစံချိန်စံညွန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထုလိုလား တောင်းတနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည် ပေါ်လာရေးအတွက် စိတ်ရှည်သီးခံပြီး ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း သိနားလည်ထားပါတယ်။ နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခု ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း အလေးအနက် ပြောကြားလိုခြင်းဖြစ်ပါတယ်။"

သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာအစိုးရအဖွဲ့သစ် အစိုးရလုပ်ငန်းတာဝန်တွေ တရားဝင် လွှဲပြောင်းရယူပြီး ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ အမေရိကန်သမ္မတ Barack Obama က ဦးထင်ကျော်ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်ပြီး - ဦးထင်ကျော် သမ္မတအဖြစ် ကတိသစ္စာ ပြုလိုက်တာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့၊ အရပ်သားဦးဆောင်တဲ့ အစိုးရအဖွဲ့တခုဆီ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ သမိုင်းမှတ်တိုင် တခုဖြစ်ကြောင်း၊ မြန်မာ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ အခု အချိန်ကာလဟာ လူထု၊ နိုင်ငံတွင်း အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဖြစ်ပေါ်စေဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ပြယုဂ်သက်သေဖြစ်ကြောင်း၊ ဒါဟာ ၂၀၁၁ ခုနှစ်ကတည်းက လုပ်ဆောင်လာတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အရေးပါမှုကို ကိုယ်စားပြုကြောင်း သမ္မတ အိုဘားမားက ပြောကြားချက်ကို အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း သမ္မတသစ် ဦးထင်ကျော်ကို ချီးကျူး ဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Ana Richey-Allen ဟာ အမေရိကန်နိုင်ငံခြားရေးဌာနက အရှေ့အာရှဆိုင်ရာ အရာရှိတဦးပါ။ သူက အမေရိကန်အစိုးရက သမ္မတသစ်ကို ချီးကျူး ဂုဏ်ပြုကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ကို အခုလို ဖတ်ကြားပြခဲ့ပါတယ်။

“သမ္မအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်တဲ့ ဦးထင်ကျော်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ချီးကျူး ဂုဏ်ပြုပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် သမိုင်း မှတ်ကျောက်တင်ရမယ့် အခါသမယ ဖြစ်ပါတယ်။ အရပ်သားဦးဆောင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းပြီး အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းလိုက်နိုင်တာဟာ မြန်မာနိုင်ငံသမိုင်းမှာ ဝိသေသ ထူးခြားတဲ့ အချိန်အခါ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေမယ့် အစီအစဉ်တွေ ချမှတ်နိုင်ရေး၊ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး စတဲ့ ကိစ္စတွေမှာ အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အရပ်သားသမ္မတအဖြစ် ဦးထင်ကျော်ကို ရွေးချယ် တင်မြောက်လိုက်တာဟာ မြန်မာနိုင်ငံအတွက် အင်မတန် ထူးခြားတဲ့အခါသမယဖြစ်တယ်လို့ယူဆကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ သမ္မတသစ်ကို ရွေးချယ် တင်မြှောက်လိုက်တာဟာ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ထူးခြားတဲ့ အခါသမယဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယူဆပါတယ်။ အခုသမ္မတဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားသမ္မတဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတဆင့် လူထုက ပြတ်ပြတ်သားသား ဆန္ဒပြုလိုက်တယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုံနဲ့ မတူညီတဲ့ ဘာသာကိုးကွယ်သူတွေ အားလုံးပါဝင်တဲ့ တက်ကြွ လန်းဆန်းတဲ့ တိုင်းပြည်တခုဖြစ်လာရေးအတွက် မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အခွင့်အလန်းတွေ ရှိနေပါတယ်။”

ဒါ့အပြင် တိုင်းပြည်တွင်း လူမှု စီးပွား စတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ မြန်မာအစိုးရကို ကုလသမဂ္ဂအနေနဲ့ ဆက်လက် ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့တယ်လို့ Stephane Dujarric က ပြောပါတယ်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Philip Hammond ကလည်း သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်တဲ့ ဦးထင်ကျော်ကို ကြိုဆိုကြောင်း မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ ဒီမိုကရေစီ ဖြစ်စဉ်အတွက် မှတ်တိုင်တခုဖြစ်ကြောင်း၊ အခုလို အရေးပါတဲ့ အောင်မြင်မှု ရရှိလိုက်တဲ့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့အနေနဲ့ ချီးကျူး ဂုဏ်ပြုခဲ့ကြောင်း၊ အခုလို ညင်သာ ချောမွေ့တဲ့ အာဏာလွဲပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် မနှစ်က ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ပေးခဲ့တဲ့ အရင်အစိုးရရဲ့ လုပ်ရပ်ကိုလည်း အသိအမှတ်ပြုပါကြောင်း နိုင်ငံခြားရေးဝန်ကြီး Philip Hammond ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ဘုရင် ဘူမိဘော အဒူယာဒက်ချ်ကလည်း ဦးထင်ကျော် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်တဲ့အပေါ် ချီးကျူး ဂုဏ်ပြုပါကြောင်းနဲ့ သမ္မတနဲ့အတူ မြန်မာပြည်သူ ပြည်သားတွေလည်း အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ ရရှိစေဖို့အတွက် ဆုတောင်း မေတ္တာ ပို့သပါကြောင်း သဝဏ်လွှာ ရေးသား ပေးပို့လိုက်ပါတယ်။

သမ္မတသစ် ဦးထင်ကျော် ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခမ်းအနားအတွင်းမှာလည်း အိမ်နီးချင်း နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုကြောင်း ပေးပို့ကြတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားပြခဲ့ပါတယ်။

XS
SM
MD
LG