သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဆင်းရဲမှုနှုန်း ကျဆင်းကြောင်း လေ့လာချက်သစ် တွေ့ရှိ


မြန်မာနိုင်ငံမှာ ဆင်ရဲနွမ်းပါးမှုနှုန်း ကျဆင်းလာနေတယ်လု့ိ ကုလသမဂ္ဂဖွံံဖြိုးမှု အစီအစဉ် UNDP နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲလုပ်တဲ့ သုတေသန အစီရင်ခံစာတစောင်မှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက ဆင်းရဲနွမ်းပါးတဲ့ လူဦးရေဟာ ၂၀၀၅ ခုနှစ်မှာ ၄၈.၂ ရာခိုင်နှုန်း ရှိရာက ၂၀၁၇ မှာတော့ ၂၄.၈ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ မြန်မာ့နေထိုင်မှုအခြေအနေ စစ်တမ်းလို့ခေါ်တဲ့ The 2017 Myanmar Living Conditions Survey (MLCS) အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်တမ်းကောက်ယူထားတဲ့ ကာလအတောအတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးလာနေပေမယ့်လည်း ဆင်းရဲနွမ်းပါးတဲ့ လူဦးရေဟာ ၁၈.၇ သန်းကနေ ၁၁.၈ သန်းထိ ကျဆင်းသွားတာကို အစီရင်ခံစာက တွေ့ရှိလိုက်တာပါ။

စစ်တမ်းကောက်ယူတဲ့ အချက်အလက်တွေထဲမှာ မြန်မာ့ကျေးလက်ဒေသက အိမ်ထောင်စုတွေမှာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ တယ်လီဖုန်းနဲ့ ကွန်ပျူတာတွေကို အသုံးပြုနိုင်ခြင်းရှိ မရှိဆိုတဲ့ အချက်တွေနဲ့ ကလေးစာတတ်မြောက်မှုနှုန်းလို အချက်အလက်တွေလည်း အဓိကပါဝင်ပါတယ်။

အစီရင်ခံစာပါ အချက်အလက်တွေက ၂၀၁၇ ခုနှစ်က ကိန်းဂဏန်းတွေကို အခြေခံထားတာဖြစ်တဲ့အတွက် လက်ရှိကာလနဲ့ဆိုရင် အပြောင်းအလဲတွေလည်း ရှိနိုင်တယ်လို့ ဗဟိုစာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးစန်းမြင့်က ပြောပါတယ်။

ဆင်းရဲမှုနှုန်း ကျဆင်းသွားတယ်ဆိုပေမယ့်လည်း မျှော်လင့်မထားတဲ့ ကျန်းမာရေးပြဿနာနဲ့ အလုပ်လက်မဲ့လို ကိစ္စမျိုးတွေကြောင့် စီးပွားရေးအရ အခက်အခဲ ဖြစ်သွားနိုင်တဲ့ လူတန်းစားတွေ ရှိနေသေးတယ်လို့လည်း ဦးစန်းမြင့်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG